အပိုင်း { ၁၁ } ( UNICODE )

298 5 0
                                    

ပိုင်မြတ်ဘုန်းသွင်

ဤနာမကို နွယ်နိုင်း ရေးကျင့်နေတာ ယခုဆို စာရွက်ပေါင်း ဆယ်ရွက် မကတော့ဘူး။ သို့ပေမဲ့ လူကြီးက ခုချိန်ထိ အိမ်ပြန်မလာသေး။ မနက်မိုးမလင်းခင်ကတည်းက အိမ်ကနေ ကပျာကသီ ထွက်သွားလိုက်ပုံများ မြူခိုးမြူငွေ့အလား နွယ်နိုင်းမှာ ဖမ်းဆုပ်လို့တောင် မမိလိုက်။ မှာစရာရှိသည်များကို မှာတမ်းခြွေပြီးသည်နှင့် ပျာပျာသလဲ ထွက်ခွါသွားသူကို စာရေးကျင့်ရင်း ထိုင်မျှော်နေရသည်မှာ နွယ်နိုင်း သစ်ကုလားအုတ် ဖြစ်တော့မည်။ မျှော်သာမျှော် ၊ ပေါ်မလာသည့် လူကြီးကြောင့် စိတ်မရှည်ခြင်း ဆိုတာထက် စိုးရိမ်စိတ်က တရိပ်ရိပ်နှင့် တက်လာရသည်။ အချိန်အားဖြင့် ညနေစောင်း ရောက်လာလေလေ ၊ လူကြီးကို စိတ်ပူလာလေလေ ဖြစ်သောကြောင့် လူက ဂနာမငြိမ်တော့ပေ။

မနက်က လူကြီး အိမ်မှ ထွက်သွားကတည်းက နွယ်နိုင်း ပြန်အိပ်မရတော့သဖြင့် အိပ်ရာသိမ်းကာ သွားတိုက် ၊ မျက်နှာသစ်ပြီးသည်နှင့် လူကြီး၏ ပြောစကားအတိုင်း ညက ဝတ်ထားသည့် အဝတ်အစားများကို လဲဖြစ်လိုက်သည်။ လူကြီးက ညအိပ်ဝတ်စုံကို မနက်အိပ်ရာထသည်နှင့် လဲခိုင်းတတ်သည်မို့ သူ့ပြောစကားအတိုင်း လိုက်နာလိုက်သည်။ ဒါကလည်း လူကြီးစကားကို တကူးတက လိုက်နာနေတယ် ဆိုတာထက် နွယ်နိုင်းကိုယ်တိုင်က လိုလိုလားလားဖြင့် နာခံချင်နေတာပါ။ မနက်စာကိုလည်း လူကြီး မရှိသည်မို့ မိုင်လိုတစ်ခွက်သာ ဖျော်ပြီး သောက်လိုက်သည်။ လွန်ခဲ့သည့် သုံးရက်က လူကြီး ဈေးဝယ်စင်တာမှ ဝယ်လာခဲ့သည့် မုန့်များ ကျန်သေးမှန်း သိပေမဲ့ မေမေ့၏ ရိုက်နှက်ဆုံးမမှုကြောင့် ခွင့်မတောင်းဘဲ ယူမစားရဲသည့် အကြောက်တရားက ကိန်းဝပ်နေဆဲ ဖြစ်ရာ မိုင်လိုတစ်ခွက်နှင့်သာ မနက်စာ မမည်သော မနက်စာကို ဖြစ်သလို လက်စသတ်လိုက်သည်။

ပြီးနောက်မှ အိမ်အလုပ်များကို လူကြီးက မလုပ်နဲ့ဟု အတန်တန် မှာထားပေမဲ့ ငြိမ်နေရလျှင် နေမထိ ထိုင်မသာ ဖြစ်နေတတ်သော အကျင့် စွဲကပ်နေလေရာ လူကြီး၏ အိမ်ကို သန့်ရှင်းရေး လုပ်ပေးဖြစ်သည်။ နွယ်နိုင်း လူကြီးအိမ်ကို ရောက်နေတာ တစ်ပတ်ကျော်ခန့် ရှိနေပြီမို့ အိမ်က ဖုန်သိပ်မရှိတာ ဖြစ်မည် ... နွယ်နိုင်း လူကြီးအိမ်ကို သန့်ရှင်းရေးမလုပ်ပေးစဉ်ကနှင့် ကွဲပြားစွာ အတော်ကလေး သန့်ရှင်းလာသည် ဆိုရမည်။ လူကြီးအိမ်က လိုအပ်သည့် ပစ္စည်းအနည်းအကျဉ်းမှ အပ မလိုအပ်သော အိမ်ပွစေသည့် အရာဝတ္ထုတစ်စုံတစ်ရာ မရှိသည်မို့ အိမ်ထဲ ဝင်သည်နှင့် မျက်စိရှုပ်မနေစေသော်လည်း ဖုန်တွေကတော့ နေရာတိုင်းလိုလို အထပ်လိုက်။ အထူးသဖြင့် တီဗီစင်တို့ ၊ ဧည့်ခန်းရှိ မှန်စားပွဲတို့ဆိုလျှင် ဖုန်မှုန့်များ ခပ်ရေးရေး ရှိနေတတ်သည်။ အိမ်ကို ဧည့်သည် မလာတတ်သည်မို့ လူကြီးက အိမ်သန့်ရှင်းကို လှည့်မကြည့်တာလား‌တော့ မပြောတတ်။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now