ဒီနေ့ရော အဆင်ပြေရဲ့လား
အုံ့မှိုင်းနေတဲ့ရာသီဥတုရယ်...အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီခွက်ရယ်
ဒီအချိန်ဆို တောင်ပေါ်ဒေသမှာ အရမ်းအေးနေလောက်တယ်
အမွှေးထူထူနဲ့တဂူးဂူးလုပ်ပြီး ချွဲတတ်တဲ့ ဖြူလုံးကိုလည်းသတိရတယ်
ကျောင်းအနောက်မှာ ဝေဝေဆာဆာပွင့်တတ်တဲ့ စိန်ခြယ်ပန်းခင်းကြီးကိုလည်းသတိရတယ်
သံပရာသီးနံ့လေးရယ် ငရုတ်သီးလေးတွေညှပ်ထည့်ထားတဲ့ ချဥ်စပ်ခေါက်ဆွဲပြုတ်ကိုလည်း သတိရတယ်
အချိန်တွေကုန်တာအရမ်းမြန်ပြီး ကုန်လွန်သွားတာကြာပြီဖြစ်တဲ့ အဲ့ဒီ့နေ့ရက်တွေကိုလည်း ငါအမြဲတမ်းသတိရပါတယ်
ဒီအချိန်ဆို မင်းသာရှိနေရင် ငါသတိရတဲ့အတိုင်း သတိရနေလောက်လား။
......................................................................
"စာသင်ကျောင်းဆောက်မယ့် တာဝန်ခံအင်ဂျင်နီယာပါ၊ သူက ဒီကျောင်းရဲ့ကျောင်းဆရာ"
ငါမင်းကိုစတွေ့တော့ ပထမဦးဆုံး ဘယ်သူ့ကိုသွားသတိရလဲသိလား၊ ကျောင်းဆရာလေး ကိုကြည်အေး။
ငါတို့ငယ်ငယ်ကဖတ်ဖူးတဲ့ တွပ်ပီထဲက ဇာတ်လိုက် ကျောင်းဆရာလေး။
ပထမဦးဆုံးစမြင်ဖူးတာတောင် ရိုးရှင်းပြီး တအားစိတ်ရှည်တဲ့ မူလတန်းဘဝက ဆရာကြီးတွေကိုတောင် ငါပြန်အောက်မေ့လောက်တဲ့အထိ။
"လူပျိုကြီး တအားဟင်းချက်ကောင်းတာဗျ" လို့ပြောတော့ သဘောတွေတကျကျနဲ့၊
တကယ်လည်း အဲ့ဒီ့မြေဖြူကိုင်တဲ့လက်ကချက်တဲ့ အစပ်အဟပ်တည့်တဲ့ဟင်းတွေက ငါ့ကိုအဲ့ဒေသမှာ မပြန်ချင်အောင် အချိန်အကြာကြီးဆွဲထားခဲ့ပုံရတယ်
ရောက်ခါစက အစားအသောက်ကမကောင်း၊ ရာသီဥတုအပြောင်းအလဲနဲ့ ရေပြောင်းမြေပြောင်းမှာ ဖျားပြီးတော့ ပါးစပ်တွေခါးနေတဲ့အချိန်မှာ လာပို့တဲ့ ကင်မွန်းချဥ်နဲ့ကန်စွန်းရိုးနီဟင်းချိုလေ၊