ဟော လာပါပြီ မမ ။
အားကစားအချိန်ပေမို့ အားကစားဝတ်စုံဝတ်ထားသော မမခန္ဓာကိုယ်ကလေးဟာ အထက်တန်းကျောင်းသူလို့ မြင်ရက်စရာ တစ်နေရာမှမရှိ ။ သေးငယ်သော အရပ်နှင့် အမြဲ စူးရှနေတတ်သော ကြောင်မျက်ဝန်းကလေးများက မမအား ပိဘိဖြူစင်သော ကလေးငယ်တစ်ယောက်အသွင် ဆောင်စေသည် ။
ချန်း ချည်ပြီးသား ရှူးဖိနပ်ကြိုးကို ပြန်ဖြေချလိုက်ပြီး နောက်တစ်ကြိမ် ပြန်ချည်လိုက်လေသည် ။ ချည်ပြီးသည်နှင့်တစ်ပြိုင်နက် ချန်းရှူးဖိနပ်တွေရှေ့ အဖြူရောင်ရှူးဖိနပ်ကလေး လာမျက်နှာချင်းဆိုင်လေသည် ။ မသိမသာ ပြုံးချင်မိသည်က ချန်းသာလျှင် ဖြစ်မည် ။
"ဒီနေ့ လေ့ကျင့်ချိန် မရှိဘူးလား"
"ညနေပိုင်း ပြောင်းထားတယ် မမ"
"အိုး မင်း အိမ်ပြန်နောက်ကျဦးမယ်ပေါ့"
"ဟုတ်ကဲ့"
"နွေဦးအကြိုပွဲက ဘယ်အပတ်ထဲလဲ"
ပုခုံးပေါ် တင်ထားပြီးသား တဘက်ကို မမ လှမ်းယူကာ ချန်းနဖူးထောင့်စွန်းရှိ ချွေးစက်များအား သုတ်ဖယ်ပေးသဖြင့် ပြန်ပြောရမည့်စကားလုံးတို့အား တစ်ခဏလောက် ချန်း မေ့သွားလေသည် ။
"မမ မေးနေတာ ကြားရဲ့လား"
"တစ်လနီးပါးလောက် လိုပါသေးတယ် မမရဲ့ ၊ ဘာဖြစ်လို့လဲ"
"အကြိုပွဲတွေ လာကြည့်ရင် ကောင်းမလားလို့"
မမစကားဟာ ချန်းကို အခုနကထက်ပင် ပို၍ ရင်တုန်စိတ်လှုပ်ရှားစေသည် ။ မမဟာ ဘယ်တုန်းကမှ အားကစားကို စိတ်ပါဝင်စားသည်ဟူ၍ မရှိ ။ ကျောင်းစာကို အာရုံစိုက်လုပ်နိုင်သော်လည်း ကိုယ်ကာယကြံ့ခိုင်မှုတွင် မမဟာ အောက်ဆုံးအဆင့်နားတွင်သာ ရစ်ဝဲနေလေ့ရှိသည် ။ ငယ်ငယ်ကတည်းက ဘော်လီဘောကစားခြင်းကို ဝါသနာပါသော ချန်းနှင့်ကတော့ အတော်ကွာခြားသည်ဟု ပြောရမည် ။ ခန္ဓာကိုယ် အချိုးအဆရော ၊ အကြိုက်တွေရော ။
နောက် မမဟာ သူ စိတ်မဝင်စားသည့်အရာကို နည်းနည်းမျှပင် လှည့်ကြည့်လိမ့်မည်မဟုတ်ဆိုသည့် လူစားမျိုးပေ ။ အထက်တန်း တစ်လျှောက်လုံး ချန်း ကစားဖူးသမျှ ပွဲစဉ်များတွင် မမ လာကြည့်သည့် အခါဟူ၍ ပထမနှစ် inter-high မြို့နယ်အဆင့် ပွဲစဉ်က နောက်ဆုံးဖြစ်၏ ။ ထို့ကြောင့် ယခုတစ်ခေါက် နွေဦးအကြိုပွဲကို လာကြည့်ချင်တယ် ပြောသဖြင့် ချန်းခမျာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေတော့သည် ။
YOU ARE READING
မမ
Fanfictionမမ ၊ သီချင်းလေးတွေကို ချစ်တတ်သလား ။ မမ ၊ ပန်းကလေးတွေ ပျိုးတတ်သလား ။ မမ မမ ၊ မမ မောင့်ကို ချစ်သလား ။