ချန်းသည် တိတ်ဆိတ်ငြိမ်သက်ကာ ကြောက်စရာကောင်းသည့်ပုံပေါ်နေသော လူအုပ်ကြီးအလယ်တွင် မျက်လုံးကလေး ကလယ်ကလယ်ဖြင့် တစ်စုံတစ်ယောက်ကို မျှော်နေမိလေသည် ။ မကြာလိုက်ပါ ၊ စင်ပေါ်ချထားသော စပီကာဘောက်မှ "တတိယနှစ် ကျောင်းကောင်စီအသင်းဝင် ဂျန်းနီကင်မ်က လူငယ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းကို ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်" ဟူသော ပရီဇင်တာမမချောချောလေး၏ အသံနောက် ချန်း၏ မူပိုင်မမသေးသေးလေးဟာ စတိတ်စင်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်လာလေသည် ။
ဆံပင်ရှည်တို့ကို ဒီနေ့မှ ခေါင်းစည်းကွင်းကလေးဖြင့် ခပ်ပြေပြေ ခပ်လျော့လျော့ စည်းနှောင်ကာ သူတို့အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူရောင်တီရှပ်အင်္ကျီကို ဂျင်းပြာဘောင်းဘီအပွကလေးဖြင့် တွဲဖက်ဝတ်ဆင်ထားသဖြင့် ချန်း အိပ်မက်များထဲ၌ ခနခနပေါ်လာတတ်သော ပုံစံကလေးဖြစ်နေတော့သည် ။ ချန်းတစ်ယောက်သည် မမ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည့်အချိန်၌ လက်ခုပ်ကို သူများတကာထက်ပင် ပို၍ ခပ်ကျယ်ကျယ် တီးလိုက်တော့သည် ။ ထို့နောက် ချန်းအတွက် စိတ်ဝင်စားစရာ မကောင်းလှသော်လည်း မမအသံကလေးက ပျားရည်ကဲ့သို့ သိပ်စိမ့်လှသဖြင့် နားထဲ ချိုအီစွာ ဝင်ရောက်လာသော စကားသံကလေးများကို နားထောင်ရင်း စင်ပေါ်က မမတစ်ယောက်ကို ကြိတ်၍ အားပေးနေမိတော့သည် ။
ဆွေးနွေဟောပြောပွဲဟာ တစ်နာရီပါးကြာမြင့်သော်ငြား ချန်း တစ်ယောက် မပျင်းခဲ့ရပါ ။ မမစကားဝင်ပြောသည့် အချိန်များတွင် တစ်ယောက်တည်း သဘောတွေကျလိုက် ၊ မမ အလှည့်မရောက်သေးသည့် အချိန်များတွင် စတိတ်စင်ပေါ်၌ အနည်းငယ် ထင်းနေသော မမ၏ လှုပ်ရှားမှုကလေးများကို အသေးစိတ် လိုက်ငေးလိုက်ဖြင့် အလုပ်များနေခဲ့ရလေသည် ။ ထိုတစ်နာရီကျော်အချိန်ကိုပင် ချန်းမှာ နည်းလှသည် ထင်လိုက်သေး ။ မမ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိကာ ရဲရင့်ပြတ်သားပုံရှိသော ဟန်က ချန်းကို အတော်ပင် ကြည်နူးစေလေသည် ။ ချန်း သဘောကျမိသော မမဟာ သိပ်ကို မိန်းမပီသလှသည်ကိုး ။
"ဟုတ်ကဲ့ ဆရာ"
ချန်း လွယ်အိတ်ထဲက တစ်ရှူးထုတ်မှ တစ်ရှူးတစ်ရွက်ထုတ်ကာ မမကို ပေးမည်ပြု၍ မမအနားသို့ သွားသည်တွင် မမတစ်ယောက် ဆရာများရှေ့၌ လက်နှစ်ဖက်ကို ယှက် ၊ ကိုယ်ကို ကိုင်း၍ စကားပြောနေသည်ကို မြင်ရသဖြင့် ချန်းစိတ်ထဲ အတော်ကို ဂုဏ်ယူမိနေတော့သည် ။
YOU ARE READING
မမ
Fanficမမ ၊ သီချင်းလေးတွေကို ချစ်တတ်သလား ။ မမ ၊ ပန်းကလေးတွေ ပျိုးတတ်သလား ။ မမ မမ ၊ မမ မောင့်ကို ချစ်သလား ။