"ဒိုဟျွန်း မနက်ဖြန် ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေလား"
ဒိုဟျွန်းဘေး ခုန်စွခုန်စွ လုပ်နေသည့် တရုတ်စပ်ကောင်ဆီက ထိုစကားကြားတော့ ဒိုဟျွန်းမျက်ခုံးတွေဟာ အလိုလို ကြုတ်သည် ။ ထိုမျက်ဝန်းများဖြင့်ပင် ထိုခန်ဆိုသည့် တရုတ်စပ်ကောင်ကို တစ်ချက်ကြည့်လိုက်တော့ ပြုံးဖြီးနေသည့် ပါးစပ် ချက်ချင်းပိတ်ကာ ငြိမ်ကျသွားလေ၏ ။
"မင်းကလည်း ဒါလေး မေးမိတာကို"
"....."
ဒိုဟျွန်း ထိုကောင့်ကို ဘာစကားမှ ပြန်ပြောချင်စိတ်မရှိပါ ။ ဒိုဟျွန်းသည် ဒီကျောင်းတွင် ရောက်သည်မှာ ခြောက်လကျော်ခဲ့ပြီ ။ ဒီကျောင်းအတွင်းက စီနီယာများ ၊ အသင်းဖော်များ ၊ ဆရာများအပြင် မိန်းကလေးများနှင့်ပါ အတော်အသင့် ကောင်းမွန်စွာ ဆက်ဆံလာနိုင်ပြီ ဖြစ်သော်လည်း ခန်ဆိုသည့် တရုတ်စပ်ကောင်နှင့်တော့ တော်တော့်ကို စကားပြောမရသေးပေ ။ အထူးသဖြင့် တစ်ဦးတည်း ငြိမ်ငြိမ်နေချင်မိကာ အရင်ကျောင်းမှ အကျင့်များ ထွက်မလာမိအောင် ထိန်းနေရသော ဒီလို အခြေအနေမျိုးတွင် ဘေးနား ပွစိပွစိလာပြောနေတတ်သည့် တရုတ်စပ်ကောင်၏ စကားများသည် ဒိုဟျွန်းကို များစွာ စိတ်အနှောင့်အယှက် ပေးသည် ။
ဒီလို စိတ်အနှောင့်အယှက်ဖြစ်ရတိုင်းလည်း ဒိုဟျွန်း တွေးမိ၏ ။ ဘာကြောင့်များ ဒီကျောင်းကို ရောက်စက ဒီလိုကောင်နှင့် သူငယ်ချင်းဖြစ်အောင်နေဖို့ သည်းခံမိခဲ့သလဲပေါ့ ။ အဲဒီတုန်းက စဉ်းစားဉာဏ်မရှိခဲ့သည့် ဒိုဟျွန်းဦးနှောက်ကို ယခု ခေါင်းထဲမှပင် ဆွဲထုတ်ပစ်ချင်မိတော့သည် ။ ဒိုဟျွန်းဘဝတွင် လုပ်ခဲ့ဖူးသော နောင်တအရဆုံး ကိစ္စဟူ၍ အရင်ကျောင်းတွင် မိန်းကလေးတစ်ယောက်အပေါ် လက်ပါမိခဲ့ခြင်းနှင့် ယခုကျောင်းတွင် ခန်ဆိုသည့် တရုတ်စပ်ကောင်နှင့် စကားပြောမိခဲ့ခြင်း နှစ်ခုသာ ရှိလေသည် ။
"ဘာလိုလိုနဲ့ မနက်ဖြန် နွေဦးအကြိုပွဲတွေ စပြီနော် ဒိုဟျွန်း ။ မင်းတော့မသိပေမဲ့ ဘေးက အရန်ခုံမှာ ထိုင်ရတဲ့ငါကတော့ တအား စိတ်လှုပ်ရှားနေတယ်"
"အရန်ခုံအစစ်မှာ ထိုင်ရတော့မှာမလို့လား"
"ဖြစ်နိုင်တယ်"
YOU ARE READING
မမ
Fanfictionမမ ၊ သီချင်းလေးတွေကို ချစ်တတ်သလား ။ မမ ၊ ပန်းကလေးတွေ ပျိုးတတ်သလား ။ မမ မမ ၊ မမ မောင့်ကို ချစ်သလား ။