Unicode*
ဆောင်းဦးညနေစောင်းတစ်နေ့မှာ သစ်ရွက်လေးတွေကြွေကျတိုင်း မင်းအကြောင်းကိုတွေးနေမိပြန်တယ်။
အကြောင်းအရင်းမရှိ ကောင်းကင်မှာတိမ်တွေအထပ်ထပ်ဖြစ်နေတာကို အခန်းပြတင်းပေါက်ကနေကြည့်ပြီးတော့လဲ ထပ်တွေးမိပြန်တယ်။
ငါ့ရဲ့အနာဂါတ်။
ငါတို့နှစ်ယောက်ရဲ့အနာဂါတ်ကဘယ်လိုတွေဖြစ်လာမှာလဲ။
ငါမင်းအပေါ်မှာရှိတဲ့ခံစားချက်တွေကို ငါကိုယ်တိုင်တောင်မသိသလို နားမလည်ဘူး။
~
ပြတင်းပေါက်နားမှာမတ်တပ်ရပ်ပြီး အပြာရောင်သန်းနေတဲ့ကောင်းကင်ကြီးကိုကြည့်ကာ အွန်းဆော့တစ်ယောက်အတွေးထဲနစ်မြောသွားခဲ့သည်။
အောက်မှာလှမ်းအော်ခေါ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတောင် သူမကြားခဲ့။
"အွန်းဆော့ဟျောင်း!"
"အွန်းဆော့ဟျောင်းးး!!!"
"ရားးး ဆောင်းအွန်းဆော့!!!"
ဘုတ်!
ကျောက်တုံးတစ်တုံးနံရံကိုလှမ်းထိသွားတဲ့အသံကြားတော့မှ အွန်းဆော့လှမ်းကြည့်မိတော့ သူ့ကိုနှုတ်ခမ်းလေးထော်ကာစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်။
အွန်းဆော့ပြုံးကာ အောက်ထပ်ကိုဆင်းသွားခဲ့ပြီး တံခါးသွားဖွင့်ပေးတော့ ထိုကောင်လေးဟာတံခါးအရှေ့ကိုတောင်ရောက်နေပြီဖြစ်သည်။
"ဟျောင်း ကျွန်တော်အကျယ်ကြီးအော်ခေါ်နေတာကိုတောင်မကြားဘူးလား" ထိုကောင်လေးဟာထပ်ပြီး နှုတ်ခမ်းလေးဆူကာပြောလာတော့ အွန်းဆော့ခမျာ မရယ်အောင်ထိန်းထားရသည်။
ချစ်ဖို့ကောင်းလိုက်တာ။
"ဆောရီး ကိုယ်အတွေးထဲနစ်မြောသွားလို့" အွန်းဆော့ကပြန်ပြောတော့ ထိုကောင်လေးက သူ့ဘေးကဖြတ်သွားပြီး ဆိုဖာပေါ်ထိုင်ကာထပ်မေးလာသည်။
"ပြော ဘယ်သူ့အကြောင်းတွေးနေတာလဲ ဟျောင်းကြိုက်တဲ့သူရှိရင် ကျွန်တော့်ကိုအရင်ဆုံးပြောပြရမှာနော်!"