၃နှစ်
ဒီမြေ နဲ့ ဒီအိမ်ကလေးကို သူတို့ထားရစ်ခဲ့တာ သုံးနှစ် တိတိ ရှိခဲ့ပြီ။ အိမ်ကလေးဟာ အရင်အတိုင်းပဲ၊ ဘာမှမပြောင်းလဲတော့ ချစ်ရသူ ပြန်ရောက်နေတာလားလို့ တွေးနေတုန်းမှာပဲ ကောင်ငယ်ကလေး တစ်ယောက် အိမ်ထဲက ထွက်လာသည်။ ချစ်ရသူရဲ့ ညီငယ်။
သူ့ကို မြင်တော့ နေရောင်ခြည်လို အပြုံးနဲ့ ပြုံးပြပြီး "ပြန်လာပြီလား"လို့သာဆိုသည်။ လမ်းထိပ်ခဏလေး ထွက်သွားသလိုမျိုးပေါ့။ ၃နှစ်အတွင်းမှာ ဒီကောင်ကလေးဟာ ဒီအိမ်ကို စောင့်ရှောက်နေတယ်ဆိုတာ သူနားလည်လိုက်သလိုပဲ။
သူ့ရှေ့မှာ ရပ်ရင်း သော့ကို ကမ်းတော့
"ကျေးဇူးပဲ ဆော့မင်"လို့ ဆိုသည်။ ကောင်ငယ်ကလေးက ဘာတစ်ခွန်းမှ မပြောဘဲ ပြန်ထွက်သွားသည်။ အပြာရောင် တံခါးကို သေချာစေ့မပိတ်သွားတော့ အနည်းငယ် ဟနေသည်။အိမ်ကလေးဟာ အရင်လိုပဲ ခြေတစ်လှမ်း လှမ်းတိုင်းမှာ ချစ်ရသူရဲ့ ရယ်သံတွေ ကြားနေရသလို။
"ဆွန်းချော ဗိုက်ဆာပြီ"
"ဆွန်းချော ဂိမ်းမဆော့နဲ့တော့ "
အသံချိုချိုကလေး၊ မှီခိုတတ်ပုံလေးတွေ နံရံတွေမှာ ချိတ်ဆွဲထားသလိုမျိုးပဲ။
အိမ်ဆိုတာ အမှတ်တရတွေနဲ့ ပြည့်နေတဲ့ နေရာ တစ်ခုပဲ။ လှပတဲ့ မှတ်ဉာဏ်တွေရော၊ နာကျင်စရာ မှတ်ဉာဏ်တွေရောပေါ့၊ ဒါပေမယ့်လည်း အိဘယ်လိုပဲ အိမ်ရဲ့ အဝေးကိုပြေးပြေး အချိန်တစ်ခုရောက်လာတဲ့အခါ အိမ်ရှိရာကို ပြန်ပြေးချင်မြဲပဲ။ ဒါဟာလည်း အိမ်ရဲ့ ဆန်းကြယ်တဲ့ အလှတရားတစ်ခုပဲမလား။
နာစရာ မှတ်ဉာဏ်တွေထဲမှာ အနာရဆုံးကတော့ ချစ်ရသူရဲ့ မျက်ရည်တွေပဲ။
"မင်း တကယ်ပြောတာလား" ဆိုတဲ့ အံ့သြဟန်ဟာ သူ့မျက်လုံးထဲက ကြေကွဲရိပ်တွေကို မဖျောက်ပေးနိုင်ဘူး။
ဘယ်က စဖြစ်တာလဲ မသိတော့ပေမယ့် ချစ်ခဲ့ကြတာက စတာလို့ပဲ သူထင်တယ်။ ချစ်ခြင်းမေတ္တာဟာ အမြဲတမ်းတော့လှပမနေပေမယ့် အဲ့ဒီနေ့ဟာ အဆိုးဝါးဆုံး ဖြစ်ခဲ့တယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးမှာ အော်ဟစ်သံတွေ ထပ်လာခဲ့တယ်။ ချစ်ရသူကို သဝန်တိုတဲ့စိတ်ရယ်၊ စိတ်မြန်တတ်တဲ့ သူ့အကျင့်ရယ် ပေါင်းမိတဲ့အခါ ဒီလို ပြဿနာဟာ ဖြစ်လာခဲ့ရတယ်။