Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၂၄) --------
ဂျိမ်းး
အချိန်အခါမဟုတ် ရွာချသည့်မိုးက
အညှိုးကြီးလွန်းစွာနှင့် သည်းကြီးမည်းကြီး..။လူကုံထံရပ်ကွက်မှန်းသိသာလွန်းသည့်
လုံးချင်းအိမ်ယာ တိုက်အမြင့်တွေရှိရာ
လမ်းချိုးထဲချိုးဝင်ပြီးနောက်
တော်တော်ကြာ ဆက်မောင်းပြီးသည်ထိကိုပင်
ကားအဖြူလေးက မရပ်တန့်သွားခဲ့သေး။
ရပ်ကွက်ရဲ့အစွန်လောက်ပင်ကျသည့်
ကုန်းမြင့်ပေါ်ထိ တက်ပြီးနောက်မှာမှ
၄င်းကားလေးက ရပ်တန့်သွားတော့လေသည်။ထိုနေရာတွင်တော့ ပန်းပင်အများအပြားနှင့်
စိမ်းစိုနေသည့် ခြံဝန်းကျယ်ကြီးတစ်ခုရှိပြီး
ခြံ၏အလယ်မကျတကျလောက်မှာတော့
အတော်အတန်လေးကြီးမားကာကျယ်ဝန်းသည့်
လုံးချင်းနှစ်ထပ်အိမ်လေး ရှိနေသည်။
ထိုအိမ်လေး၏အပေါ်ထပ်ကနေ
လှမ်းမျှော်ကြည့်မည်ဆိုပါက ကမ်းရိုးတန်း၌
ဆောက်လုပ်နေဆဲသော လုပ်ငန်းခွင်တစ်ခုကိုပင်
လှမ်းမြင်တွေ့ရလိမ့်မည်ဖြစ်သည်။တီ...တီ...တီ..
ဒေါ်သက်လုံးက သုံးချက်ဆင့်ဆက်တိုက်
ဟွန်းတီးလိုက်တာပေမဲ့ မိုးသံတွေကြောင့်
ခြံတံခါးအား တော်တော်နှင့် လာဖွင့်မည့်သူမရှိ။
ခဏအကြာမှသာ သူမနှင့်အတူနေရန်
ခေါ်ထားသည့် ဒေါ်လှမြိုင်တို့
လင်မယားထွက်လာပြီး အမျိုးသားက
မိုးရွာကြီးထဲအပြေးလာ၍ ခြံတံခါးအားလာဖွင့်၏။
ဒေါ်လှမြိုင်က ထီးတစ်ချောင်းဖွင့်လိုက်ပြီး
ခြံထဲဝင်လာသည့်ကားအားကြည့်ကာ
အိမ်ရှေ့ကနေ ကြိုစောင့်နေသည်။"ရပြီမလှမြိုင်၊ ကျွန်မ ခဏနေပြန်သွားမှာမို့
နေ့လည်စာ ပြင်ထားပေးပါအုန်း""မနားတော့ဘူးလား မမကြီး
မမကြီး နေလည်းသိပ်မကောင်းဘူးမို့လား
မိုးတွေလည်းရွာနေတာ..
တစ်ရက်တစ်လေလောက် ကောင်းကောင်းလေး
အနားယူလိုက်ရင်ကောင်းမှာကို""ကျွန်မအဆင်ပြေပါတယ် စိတ်မပူနဲ့မလှမြိုင်
ဖြစ်နိုင်ရင် အလုပ်တွေကိုကျွန်မက
မြန်မြန်လေးလက်စသတ်ချင်လှပြီ"