မနက်အစောကြီး ဆူညံနေသည့် အသံတစ်ခုကြောင့် ကျွန်တော် နိုးလာခဲ့သည်။ တစ်စုံတစ်ယောက်က အကူအညီတောင်းနေသည့် အသံမျိုး ဖြစ်ကာ အလွန်သနားစရာကောင်းသည်။
သခင်က မင်းသမီးလေး တစ်ပါးကဲ့သို့ အိပ်မောကျနေသည့် အတွက် အသံမပြုကာ ထွက်လာခဲ့သည်။ အိမ်ကြီးအတွင်းရှိ ကျွန်တော် မရောက်ဖူးသည့် အခန်းတစ်ခုကို တံခါးလေး ဟကာ ဝင်လိုက်မိသည်။ သတ္တဝါလေးက အကူအညီတောင်းနေသည့် ပုံစံက အရမ်းသနားစရာကောင်းသည်။ စားပွဲတစ်ခု၏ အောက်တွင်ရှိနေသည့် ထောင်ချောက်အတွင်း ကူကယ်ရာမဲ့။
မည်သူကများ သေဘေးဟူသော ဆင်းရဲခြင်းတွင် ကျရောက်ချင်မည်နည်း။ သည်တော့ ထောင်ချောက်ကို အသာအယာဖြုတ်လိုက်သည်။ ခက်တာက ကျွန်တော်က အခုထိ ကြောင်ပုံစံဖြစ်နေသည့် အတွက် သတ္တဝါလေးက အလွန်အမင်း ကြောက်ရွံ့နေသည်။"မကြောက်ပါနဲ့ ငါက မင်းအသက်ကို ကယ်မလို့ပါ..."
ထောင်ချောက်ကို ဖြုတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သတ္တဝါလေးက ကျွန်တော့်ရှေ့မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
"ခင်ဗျားက ကြွက်ကို မစားယုံမက ဘဲ လွတ်တောင် လွတ်ပေးလိုက်တဲ့ ကြောင်မိုက်ပဲ..."
သက်ပိုင်က စာအုပ်များ စီထားသည့် နံရံကို မှီကာ ဆရာကြီး စတိုင်နှင့် ပြောနေသေးသည်။
"ကျွန်တော်က ငါးပါးသီလကို အမြဲတမ်း စောင့်ထိန်းတယ်လေ"
"ခင်ဗျား သခင်ကတော့ ကြိုက်မှာ မဟုတ်ဘူး..."
ဘာဖြစ်လို့လဲ နားမလည်နိုင်။
"တစ်ပါးသူရဲ့ အသက်ကို ကယ်တင်တာက ကောင်းတယ်မဟုတ်ဘူးလား..."
"ဟား ဟား ခင်ဗျားက အခု ကြောင်လေ...ဘာပဲလုပ်လုပ် တူအောင်လုပ်တဲ့...ငရုတ်သီးဟာ စပ်ရမယ်၊ သကြားဟာ ချိုရမယ်၊ ကြောင် ဟာလည်း ကြွက်ကို စားရမယ်လေ"
သိပ်ကို ကြီးကျယ်လွန်းတဲ့ ဒဿနပါလား...ဟု တွေးလိုက်မိသည်။
"ကျွန်တော် သွေဖယ်မယ် ဆိုရင်ရော..."
"သည် လောကကြီးမှာ နေရာပျောက်သွားမှာပေါ့...ခင်ဗျား သခင်ကလည်း ခင်ဗျားမဟုတ်တဲ့ ကြောင်တစ်ကောင် ထပ်မွေးလိမ့်မယ်"
YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ