ရင်ခွင်{၁၀}

275 46 5
                                    

မနက်စာထစားပြီး လုပ်စရာလည်းမရှိ.. ဦးခေါင်စောကလည်း အလုပ်ရှိလို့အပြင်ထွက်သွားပြီ... ဆက်ကတော့ ဘယ်အချိန်ကအိမ်မှာမရှိမှန်းပင်မသိပါ။မိုးကလည်း အုံ့မှိုင်းနေတာမို့  ဂုဏ်ပျင်းပျင်းနဲ့အိပ်ရာထဲပြန်ဝင်ကာ စာအုပ်တစ်အုပ်နဲ့ခွေနေမိသည်။

" ဂုဏ်..."

ခေါ်သံကြောင့်ဂုဏ်က စာအုပ်ကိုဖယ်ကာ လှမ်းကြည့်လိုက်သည်။ဦးခေါင်စောမရှိလျင် အခန်းတံခါးကို ဟင်းလင်းဖွင့်ထားမြဲထုံးစံအတိုင်း အခုလည်း တံခါးက နံရံမှာကပ်တဲ့အထိ တဆုံးတွန်းဖွင့်ထားလျက်သား။အမေစန်းက အခန်းဝမှာ တံခါးပေါင်ကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ရပ်နေခဲ့သည်။

အမေစန်း မျက်နှာကတမျိုးပဲလို့ ဂုဏ်သတိပြုမိရင်း..

" ဘာလဲ အမေစန်း..."

" ဟို... ဂုဏ့်... ဟိုဒင်း ဧည့်သည်လာတယ်....."

ဧည့်သည်..

" ဘယ်သူလဲ အမေစန်း...."

" ဟိုဒင်း... ဆင်းသာကြည့်လိုက်စမ်းပါ..ဂုဏ်ရယ်.... ကျုပ်..မီးဖိုချောင်ထဲ ဟင်းအိုးတန်းလန်းနဲ့မို့..."

အမေစန်းကပြောပြီးပြီးချင်း ချာခနဲလှည့်ကာထွက်သွားသည်။အိမ်ကို ဘယ်သူလာဖို့ရှိလို့လဲ။အဲ့ဒီအမေစန်းကလည်း ဧည့်သည်လာတာများ သရဲတွေ့သလို မျက်နှာကဖြူဖျော့နေလိုက်တာ။

ဂုဏ် စိတ်ထဲကတွေးရင်း ခြေဖျားမှာလွှမ်းခြုံထားတဲ့ စောင်ကိုအသာဖယ်ချကာ အိပ်ရာထဲကထွက်ရသည်။အခန်းထဲကနေ လှေကားဆီလျောက်လာတဲ့အချိန်အတွင်း ဘယ်ကဧည့်သည်လဲဆိုတာကိုပဲစဉ်းစားနေမိ၏။အမေစန်းက ဧည့်သည်ကို ကော်ဖီလေး အအေးလေးမှချပေးထားရဲ့လား။ခါတိုင်းကလိုဆိုရင် ဧည့်သည်လာကြောင်းကောင်မလေးတစ်ယောက်ယောက်ကိုပဲ ပြောခိုင်းတတ်တာပါ အမေစန်းကတော့ ဧည့်သည်ကို မပျင်းမရိ မကြောင်မငနေရလေအောင် စကားကြွယ်ကြွယ်နဲ့ ထိုင်ပြီးဧည့်ခံနေမှာ။ဒီနေ့ကျမှ ဘယ်လိုဖြစ်လို့ပါလိမ့်။

လှေကားတဝက်လောက်အထိ ဆင်းလာပြီး ဧည့်ခန်းထဲကိုလှမ်းမြင်နိုင်သော နေရာအထိရောက်လာတော့ လှေကားကိုဘေးတစောင်းအနေအထားနဲ့ နေရာချထားတဲ့ ဆက်တီမှာထိုင်နေသော လူတစ်ယောက်ကိုဂုဏ်လှမ်းမြင်လိုက်ရသည်။ဧည့်ခန်းမှန်ပြတင်းချပ်တွေကနေ ခြံထဲကိုမျက်နှာလှည့်ငေးနေတဲ့ ဧည့်သည်ကတော့ ဆင်းလာတဲ့ ဂုဏ့်ကိုမြင်ပုံမရသေး။

ရင်ခွင်အရိပ်မှာWhere stories live. Discover now