အမြဲတမ်း...။အမြဲတမ်းအတွက် ရှိနေပေးမယ့် တစ်စုံတစ်ယောက်။ အခွင့်ရှိမယ်ဆိုလျှင် ကိုယ်က အဲဒီတစ်စုံတစ်ယောက်ဖြစ်ချင်တယ်။ မင်းလက်လေးကို ကိုင်ခွင့်ရမယ့် တစ်စုံတစ်ယောက်က ကိုယ်ဖြစ်ချင်တယ်။
~ ♡ ~
အခန်းထဲဝင်လာသည့် လူတွေကို ဂရုမစိုက်တတ်သော ရုပ်လေးနှင့် ပေကပ်ကပ်ကောင်ငယ်လေး။ သူကြည့်နေခဲ့တာ ကြာပြီဖြစ်သည်။
တစ်တန်းလုံးရဲ့ရှေ့မှာရပ်ပြီး ဆရာမမေးမှသာ ပြောလာသည့် စကားလုံးတွေကိုတောင် သတိမမူမိ။ သတိထားနေမိတာက ထိုကောင်ငယ်လေးရဲ့ နှုတ်ခမ်းတွေကို။
လှုပ်ခက်ရုံသာ လှုပ်နေရုံဆိုသော်ငြားလည်း စူးစိုက်ကြည့်ချင်စရာကောင်းလောက်အောင် စွဲဆောင်နေသယောင်။ မျက်မှန်အောက်က မျက်ဝန်းအိမ်ငယ်ထဲမှာ ဗလာနတ္ထိ၊ မည်သည့်ပုံရိပ်မျှ ဖမ်းယူ၍မရတော့ သူမကျေနပ်ချင်။
"ဒါဆို ဘယ်ခုံမှာ ထိုင်မလဲ"
တစ်တန်းလုံးကို ဝေ့ကြည့်လာသည့် မျက်ဝန်းတွေနှင့် ဆုံတော့ လောကကြီးက ခေတ္တရပ်တန့်သွားသလိုမျိုး။ ဒါဆိုလျှင်တော့ သိပ္ပံပညာရှင်တွေပြောတဲ့ သဘာဝလွန်ဖြစ်ရပ်တွေမရှိဘူးဆိုတာ မယုံနိုင်တော့။
ထိုကောင်လေးမှာ သဘာဝလွန်စွမ်းအားတွေရှိနေနိုင််တယ်။ သူ့ကိုစိတ်ထဲကနေ ဓာတ်လိုက်သလို ခံစားရဖို့ စိတ်ကနေများ ညွှန်လိုက်လေသလား။
"ကျွန်တော့်ဘေးမှာလွတ်တယ်"
လက်ထောင်ပြလိုက်တော့ ထိုကောင်လေးနှင့်အတူ အတန်းဖော်များက ဝိုင်းကြည့်လာသည်။ ထိုကောင်လေးသာ တကယ်ဝင်ထိုင်မည်ဆိုလျှင် သူတော့နောက်တစ်နေ့မှ ဒန်နီရယ်ဆီက အဆဲခံရမည်မှာ မလွဲဧကန်။
နေမကောင်းလို့ တစ်ရက်ခွင့်ယူထားတဲ့ ဒန်နီရယ်နေရာဆိုပေမယ့် ဒန်နီရယ်က ဘယ်နေရာထိုင်ထိုင်ပေါ့။
"အဲနေရာက..."
"ထိုင်လို့ရတယ် တကယ်ထိုင်လို့ရတယ်"
စိတ်အားထက်သန်လွန်းနေသော သူ့ကြောင့် ဆရာမက မည်သည့်စကားမျှမဆိုတော့ဘဲ ထိုကောင်ငယ်လေးကို သူ့ဘေးနေရာသို့ လွှတ်နေပုံရသည်။ လွယ်အိတ်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားတဲ့ ကောင်ငယ်လေးက ရှေ့တန်းမှာထိုင်နေသည့် သူ့ဆီလျှောက်လှမ်းလာတယ်။