အခန်း (၈)

2K 225 11
                                    

အသက် ၃၀အရွယ်မိန်းမတစ်ဦးအနေဖြင့် မာယာ၏အသက်မှာ အချိုးအဆစ်တစ်ခုသို့ရောက်ပြီဟုထင်ရသည်။ အရမ်းမကြီးသေးသော်လည်း အရမ်းလည်းမငယ်တော့သည်မို့ တဖြည်းဖြည်းပြောင်းလဲလာသည့် သူမ၏ပန်းချီရေးခြယ်မှုအပေါ် သတိထားမိလာသည်။ ငယ်စဉ်က သုံးခဲ့သည့်အရောင်များမှာ မတိကျသော်လည်း ကပိုကရိုဆန်ပြီး ပြတ်သားခဲ့သည်။ ရဲတင်းလွန်းခဲ့သည်။ ယခုတော့ ထိုသို့မဟုတ်တော့ပါ။ လူတွေဟာ အသက်အရွယ်နဲ့အမျှ နာကျင်ဒုက္ခတွေကိုပါ ထမ်းပိုးလာကြရတာဟာ သဘာဝတရားကပေးတဲ့ မကောင်းမှုပါပဲ။

ပြခန်းဆီသို့ မနက်၆နာရီတည်းက လာ၍ ပန်းချီတစ်ချပ်ရေးရင်း တောင်စဉ်ရေမရတွေးနေမိသည်။ မီးရောင်ကွက်၍ဖြာကျနေသော သူမ ပန်းချီရေးနေသည့် ပြခန်း၏ထောင့်နားလေးတွင် ခုံတစ်လုံးနှင့် စားပွဲတစ်ခုရှိသည်။ မနက်စာပင်မစားရသေးဘဲ ဆက်တိုက်ဆွဲနေလိုက်တာ ကြည်ရွှင်တစ်ယောက် ဘယ်အချိန်ကရောက်လာသည်လဲတောင်မသိလိုက်။ ဒီနေ့နှင့်ဆို ပြခန်းဖွင့်တာ နှစ်ပတ်မျှရှိခဲ့ပြီ။

"ကြိုဆိုပါတယ်ဗျ .. ဟာ မမ ကျွန်တော်မျှော်နေခဲ့တာ"

ကြည်ရွှင်၏ အားရဝမ်းသာနှုတ်ဆက်သံကိုအကြား မာယာ စုတ်တံကို ပန်းချီကားမှ ဆတ်ခနဲခွါ၍ တံခါးဘက်သို့ကြည့်လိုက်မိသည်။

"ဟုတ်လား.. တေးက သိပ်မအားနေလို့အရင်ရက်တွေကလေ"

သူ့ကိုယ်သူ တေးဟုပြောတတ်သော ထိုမိန်းကလေး ဤပြခန်းကိုရောက်လာတာ ဒါနဲ့ဆို လေးကြိမ်လောက်ရှိပြီ။ မာယာရှိသည့်နေရာသို့ သူ့အကြည့်များရောက်လာသည့်အခါ ပြုံးပြရနှိုး မပြုံးပြရနှိုးဖြင့် အတွေးထဲရှုပ်သွားသည်။ မပြုံးပြဖြစ်လိုက်ပါ။

"အစ်မ ဟိုမမက အစ်မနဲ့စကားပြောချင်လို့တဲ့"

ပြခန်းအတွင်းဘက် သူမရှိရာနားသို့ ကြည်ရွှင်က ခပ်သုတ်သုတ်လျှောက်လာပြီး ခပ်တိုးတိုးလေးပြောလာသည်။ မာယာအနည်းငယ်တော့စိတ်ရှုပ်သွားသော်လည်း လက်ထဲမှ စုတ်တံကိုချကာ စားပွဲပေါ်ရှိ အဝတ်စကိုလှမ်းဆွဲယူကာ လေပြည်တေးထိုင်နေသောနားသို့ ခပ်မြန်မြန်သာ လျှောက်သွားလိုက်သည်။ ဒေါက်ဖိနပ်သံမှာ ကျယ်လောင်ပြင်းရှစွာဖြင့် ထွက်ပေါ်နေပါသည်။

တိမ်လိုမြူလိုDonde viven las historias. Descúbrelo ahora