၉၃၂။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၂)
(ရန်သူများ လုံးလုံး စိတ်နှလုံး ချုံးချုံးကျသွားချိန်မှာ, ရန်သူများ လုံးဝဥဿုံ ခြေမှုန်းခံလိုက်ရချိန်မှာ, သူတို့ကို နှိမ်နင်းသူ မည်သူနည်းဟု သူတို့အား သိစေလိုက်သဖြင့်, လုံးလုံးလျားလျား လက်မှိုင်ကျသွားသော သူတို့ အမူအရာများကို တစိမ့်စိမ့် အရသာခံရခြင်းက အတော့်ကို နှစ်သက်သာယာဖွယ် ကောင်းပေသည်။)
ဂျန်ဝုရှီက ချူလင်းယွဲ့၏ အဝတ်အစားများကို ပြန်လဲလိုက်ပြီး လေညင်းကျောင်းတော်၏ ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သူမမျက်နှာကို ချူလင်းယွဲ့လို ဖျက်ထားတာကို ပြန်လည် ပြင်ဆင်လိုက်ပြီး နူးညံ့သိမ်မွေ့သော ဂျန်ရှီလို မျက်နှာသွင်ပြင် ပြန်ပြောင်းလိုက်သည်။
ယဲ့ရှက ဂျန်ဝုရှီကို ထိုနေရာမှ ခေါ်ထုတ်သွားလေ၏။
ပြပွဲက အဆုံးသတ်ခါနီးနေလေပြီ။ သူမ၏ လုပ်အားခကို သူမ ခံစားဖို့ အချန်တန်ပြီပေါ့။
ဘုရင်ကြီးက ညီလာခံခန်းမကြီး၏ ပလ္လင်တွင် ထိုင်နေလျက် အစောင့်များ ခေါ်လာသဖြင့် ဒူးထောက်ခစားနေကြသော မိဖုရားကြီးနှင့် အမတ်ကြီးတို့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။
ထိုနှစ်ယောက်တွင် တစ်ယောက်က သူနှင့် တစ်အိပ်ရာထဲ နှစ်ပေါင်းများစွာ အိပ်စက်ခဲ့သူ ဖြစ်ပြီး နောက်တစ်ယောက်က သူ အလွန် ယုံကြည်ရသော နန်းတွင်းအရာရှိပင် ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်လုံးက သူ့ကို နောက်ကွယ်မှာ သစ္စာဖောက်သွားကြသည်။ နှစ်ပေါင်းများစွာပင်။ အစောပိုင်း ကိုယ်တိုင်ကိုယ်ကျ ကြားရပုံ မြင်တွေ့ခဲ့ရပုံကို ကြည့်လိုက်လျှင်, ထိုသို့ လျှို့ဝှက်စွာ ပြစ်မှုကျူးလွန်နေခြင်းက ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ သိသာလှသည်။
မိဖုရားကြီးအား သူ မည်မျှလောက် နူးညံ့စွာ ဆက်ဆံခဲ့ကြောင်းနှင့် မည်မျှလောက် လိုက်လျောခဲ့ကြောင်းကို သူ ပြန်လည် တွေးတောရင်း, တကယ်ပင် တခြားယောက်ျားနှင့် အိမ်ထောင်ရေး ဖောက်ပြန်တာကို တွေးတောမိလိုက်လျှင်, ဘုရင်ကြီး ရုတ်တရက် လုံးလုံးလျားလျား စက်ဆုပ်ရွံရှာသွားမိသည်။