မြို့တော်ညဟာ အလင်းရောင်တွေနဲ့ ထုံးစံမပျက် တောက်ပနေခဲ့တယ်။ မတူတာက ရွှေရောင်ဆံပင်တွေနဲ့ကောင်လေးတစ်ယောက် ညဈေးထဲမှာပျော်ရွှင်စွာမလည်ပတ်နိုင်တော့တာပါပဲ။
ဒါကို ဘယ်သူမှဂရုမစိုက်မိကြဘူး။ မြို့တော်ရဲ့ညဈေးက ပုံမှန်ဆန်ဆန်လည်ပတ်လို့။
တောထဲကမြေပြင်ပေါ်မှာ ကောင်လေးတစ်ယောက်လှဲကျနေခဲ့တယ်။ စိုစွတ်နေတဲ့မြေကြောင့် ရွှေရောင်ဆံပင်တွေက ညစ်ထေးလို့။
အသည်းခိုက်တဲ့နာကျင်မှုကို ဆောနူခံစားနေရတာအတော်ကြာပြီ။ သူ့ခြေထောက်တွေက ရေများသွားတဲ့ခေါက်ဆွဲသားတွေလို ပျော့ကျနေတယ်။ တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နာကျင်မှုက သူ့ညှပ်ရိုးက အပျောက်နှစ်ခုဆီမှာ အရင်းခံတယ်။
သူ့အသက်ရှူသံတွေက တဖြည်းဖြည်းလေးလံလာတယ်။ နှလုံးသားက အခုန်ရပ်တော့မဲ့အခြေအနေမှာ။
"ကယ်ကြပါ... ကယ်ပါ.."
ဆောနူနှုတ်ခမ်းပါးတွေက တလှုပ်လှုပ်နဲ့အကူအညီတောင်းခံနေပေမဲ့ သူ့အသံကို သူ့ဖာသာတောင် သေချာမကြားရတဲ့အခြေအနေ။
တစ်ယောက်က ဆောနူအနားကိုရောက်လာတယ်။ ခြေသံကို ကြားရပေမဲ့ အရိပ်ကဆောနူပေါ်ကိုကျမလာဘူး။
ဒါက ဘယ်သူရှိဦးမှာလဲ။ ဆောနူ ရည်းစားလေ။ တစ်နည်း ဆောနူကို ဒီအခြေအနေဖြစ်အောင်လုပ်ခဲ့တဲ့သူ။
ထိုသူကို ဆောနူမမြင်ချင်တာမို့ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ ဆောနူမျက်တောင်ဖျားတွေက အကြောက်တရားကြောင့် တဆတ်ဆတ်တုန်ယီလို့။
ထိုအမျိုးသားက ဆောနူကိုပွေ့ချီလိုက်တဲ့အခါမှာ ဆောနူရဲ့နာကျင်မှုတွေက သက်သာသွားသလိုပဲ။ ထုံအီသွားတာမျိုးလည်း ဖြစ်နိုင်တယ်။
အေးစက်နေတဲ့ရင်ခွင်ကျယ်ထဲမှာ ဆောနူရှိနေရင်း တစ်နေရာကို ခေါ်ဆောင်သွားခံရတယ်။ ထိုသူက ဆောနူလို သာမှန်အလေးချိန်ရှိတဲ့လူတစ်ယောက်ကို အေးအေးဆေးဆေးချီပွေ့ရင်း လိုရာအရပ်ကို ဖြေးညှင်းစွာသွားနေခဲ့တယ်။
တစ်ညလုံးမအိပ်ဘဲနေနိုင်ဖို့ ရည်ရွယ်သောက်ခဲ့တဲ့ အက်စ်ပရက်ဆိုတွေက ဆောနူကို သစ္စာဖောက်ခဲ့တယ်။ ဆောနူက အိပ်ပျော်သွားခဲ့ပြီ။