အပိုင်း { ၁၅ } ( UNICODE )

299 6 3
                                    

နားထဲ စကားပြောသံတွေလား။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ကြားနေရသည်မို့ စိတ်ထဲ ဝိုးတဝါးဖြင့် သိပ်တော့ မသဲကွဲပေ။ မနက်စောသေးလို့များလား ... နွယ်နိုင်း အသိစိတ်မကပ်သလိုမျိုး အိပ်ချင်စိတ်က အလေးသာနေသည်။ မျက်လုံး မဖွင့်သေးဘဲ လှဲအိပ်နေသည့် ဘေးသို့ လက်စမ်းကြည့်တော့ နွေးထွေးသော အထိအတွေ့သည် နတ္ထိ။

"ကိုကို"

ခပ်သဲ့သဲ့ ခေါ်မိသည့်နောက် မျက်လုံးကို အတင်း ဖွင့်ကြည့်လိုက်ကာ အနားမှာ ကိုကိုက ရှိမနေ။ အခန်းထဲ မျက်စိတစ်ချက် ဝေ့ကြည့်တော့လည်း မည်သူမှ မရှိ။ ကိုကိုက ဘယ်ရောက်သွားတာလဲ။  တိုင်ကပ်နာရီဆီ အကြည့်ပို့မိတော့ အချိန်အားဖြင့် ၈ နာရီခွဲ။ နွယ်နိုင်း ခုတင်ပေါ်မှ သွက်သွက် ထလိုက်ကာ အခန်းတံခါးကို ဖွင့်ကြည့်မည်အပြု ကြားနေရသည့် စကားပြောသံများသည် ပို၍ တိကျပြတ်သားလာသလိုပင်။ နွယ်နိုင်း တံခါးကို အသာဟကာ အခန်းပြင်မှ စကားသံများကို နားစွင့်ကြည့်တော့ -

"ပိုင်ကလည်း ..မမက ပိုင့်ဆီ တကူးတက လာခဲ့ရတာကို ဒီလို နှင်ထုတ်စရာလား။ ခဏနေပါရစေဦး။"

နွဲ့နွဲ့နှောင်းနှောင်း မိန်းကလေးတစ်ယောက်၏အသံ ... ဒါ ကိုကို့သူငယ်ချင်း မနန်းသော်တာမိုင်၏ အသံ မဟုတ်တာ သေချာသည်။ မနန်းနှင့် တစ်ကြိမ်သာ ဆုံဖူးပေမဲ့ ဩဇာညောင်းသည့် မနန်း၏ အသံသည် တခြားသော မိန်းကလေးများလို ပျော့ပျောင်းနေသည်မျိုး မဟုတ်သဖြင့် နားထဲ စွဲနေစေသည့် အသံမျိုး။ ယခု နွယ်နိုင်း ကြားလိုက်ရသည့် အသံသည်ကား ချွဲနွဲ့ကာ မူဟန်ပိုနေသည်မှာ သိသိသာသာ။ နောက် ကိုကို့နာမကို အဖျားဆွတ်ကာ 'ပိုင်' ဟု တစ်လုံးတည်း ခေါ်တွင်နေသူ။

"မိန်းကလေး တစ်ယောက်တည်း ကျွန်တော့်ဆီ လာတာက လူပြောစရာ ဖြစ်မှာစိုးလို့ လာရင်းကိစ္စ ပြီးတာနဲ့ ပြန်ခိုင်းတာပါ မစု။ ကျွန်တော်လည်း ပြီးရင် အောက်ထပ်မှာ အလုပ်ရှိသေးတော့ မအားလို့ပါ။"

"လူတွေ ပြောလည်း ဘာဖြစ်လဲ ပိုင်ရဲ့။ ဘာပဲဖြစ်ဖြစ် တစ်ချိန်ကျရင် ပိုင်က မမနဲ့ လက်ထပ်ရမဲ့ သူလေ။"

"လက်ထပ်ရမဲ့သူ" ... ထိုစကားတစ်ခွန်းနဲ့တင် နွယ်နိုင်း ရုတ်တရက် ထိုနေရာမှာတင် အသိနှင့် သတိ ကင်းကွာသွားသလို ၊ စိတ်ဝိညာဥ်‌ လေဟာနယ်ထဲ လူးလွင့်သွားသလို ၊ စိတ်ခံစားချက်တို့ အထိန်းအကွပ် မဲ့သွားသလို ခံစားလိုက်ရသည်။ နွယ်နိုင်း ချစ်ရသည့် ကိုကို့မှာ လက်ထပ်ရမဲ့သူ ရှိနေခဲ့တာလား။ ထိုအကြောင်းအရာနှင့် ပတ်သက်သည့် အရိပ်အမြွက်လောက်ကိုပင် ကိုကို့နှုတ်မှ လွင့်စင်ထွက်လာသည်မျိုး နွယ်နိုင်း မကြားခဲ့ဖူးပါချေ။

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now