နွယ်နိုင်း မာန်ရိပ်မော်တို့နှင့် ထိပ်တိုက်ဆုံပြီးနောက်ပိုင်း ဦးမာန် ဆိုသူက နွယ်နိုင်း အလုပ်လုပ်နေရာ ဝပ်ရှော့ကို ချောင်းပေါက်မတတ်လာကာ အစားအစာတွေ ဝယ်လာပေးသည်မှာ ယခုဆို ၃ ပတ်ကျော်ပင် ရှိလာနေပြီ။ သူများပေးသည့် လက်ဆောင်ဆိုလျှင် အလကား မယူချင်သည့် နွယ်နိုင်းအဖို့ ထိုပစ္စည်းများကို လက်ခံရသည်မှာ အတော် စိတ်ကသိကအောက်ဖြစ်ရသည့်ကိန်းပင်။ ဦးမာန် ဟူသည်လည်း ပြောတော့သာ ဆရာဝန်ဆိုပြီး နွယ်နိုင်းဆီ သုံးရက်ခြား တစ်ခေါက်လောက် ရောက်အောင် လာနေတတ်သည်မို့ ဆရာဝန်များက ထိုသို့များ အားယားနေသလားဟု အတွေးဝင်ရသည်အထိ။
ယခုလည်း အလုပ်သိမ်းချိန်၌ နွယ်နိုင်း အလုပ်လုပ်ရာ ဝပ်ရှော့ဆီ စားစရာတွေနှင့် သူ ရောက်လာပြန်ပြီ။ နွယ်နိုင်း အတည် စိတ်တွေရှုပ်လာရသည်။ သူနှင့် နွယ်နိုင်းက ဘာတွေမို့လို့ ဒီလောက်ထိ လိုက်ဂရုစိုက်ပေးနေရသနည်း။ နွယ်နိုင်းက ကိုကိုနှင့် ပတ်သက်ခဲ့ဖူးပေမဲ့ အဲ့တာက အတိတ်ကလေ။ ယခု ကိုကိုနှင့် မဆိုင်သူတွေ ဖြစ်သွားတာတောင် ဦးမာန်က ဒီလောက်ထိ ကောင်းပေးနေတာကြီးက လူကို အနေရခက်လာစေသည်။
"ခင်ဗျားကို ခဏ ခဏ မလာနဲ့လို့ ပြောထားတယ်မလား။"
"မင်း တကယ် ပြန်မစဥ်းစားတော့ဘူးလား။"
နွယ်နိုင်း အော်နေတာကိုလည်း တစ်ချက် မမှုဘဲ သူ ပြောချင်ရာကိုသာ ဆွဲသွင်းပြောဆိုနေသူ။ သူ နွယ်နိုင်းဆီလာတိုင်း စကားဝိုင်းက သည်ဘူတာကိုချည်း လာလာဆိုက်နေသည်။
"ဘာလို့ တွေ့တိုင်း ဒါချည်းပဲ မေးနေတာလဲဗျ။ ကျွန်တော် လူကြီးနဲ့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး။ ကိုယ့်ဘဝနဲ့ ကိုယ် အေးအေးဆေးဆေး နေချင်ပါတယ်ဆို ..ခင်ဗျားက ဘာတွေကို မျှော်လင့်ပြီး လာနေတာလဲ။"
ဦးမာန်က နွယ်နိုင်းဆီ လာတိုင်း အစားအသောက်တစ်ခုခု ဝယ်လာပေးရင် နောက်တစ်ကြိမ် ပြန်စဥ်းစားဖို့ရာ သတိတရ ပြောပြောနေတတ်သည်မို့ အဲ့သည့်မေးခွန်းကို အဖြေပြန်ပေးရတာက အလုပ်တစ်လုပ်။ တကယ် ပြန်ပြီး မနီးစပ်ချင်ဘူးလားဆိုရင် 'မဟုတ်ပါဘူး' ဟု ခေါင်းခါမိမှာပေမဲ့ စိတ်ကူးယဥ်အိပ်မက်ဆန်ဆန် မျှော်လင့်ချက်တွေ ထပ်ပြီး မထားချင်တော့ဘူး။ ကိုကို့အပေါ် ဒီထက်ပိုပြီး လောဘစိတ်တွေ မတက်ချင်တော့ဘူး။ ကိုကိုကတော့ အတိတ်မေ့ရောဂါ ဆိုတာကြီးကြောင့် ယခု နွယ်နိုင်းကို မေ့နေသည်မို့ ဘာမှ မခံစားရပေမဲ့ နွယ်နိုင်းကတော့ ကိုကို့စိတ်နှင့် အတော်ကလေး ပင်ပန်းနေပြီ။
YOU ARE READING
ကြယ်ကြွေကောင်းကင် { Complete }