"အားလုံးရှင်းပြီးပါပြီ ကိုမိုင်း"
တင်ပြချက်အဆုံး စားပွဲခုံထက် ခြေတံရှည်တွေကို လှမ်းတင်ထားသူက မိုက်ခရိုဖုန်းကို တိခနဲချပစ်လိုက်သည်။ အခန်းတစ်ခုလုံးဝယ် ပြည့်နှက်နေသည့် ဆေးလိပ်မီးခိုးငွေ့တွေကြား Doberman ခွေးကြီးက အသံတစ်စွန်းတစ်စမျှမထွက်ဘဲ ငြိမ်ငြိမ်လေး ခွေနေကြသည်။
တိတ်ဆိတ်နေသော အခန်းထဲဝယ် ရှိနေသည့် လူသည်ကား အသက် (၂၆)နှစ်အရွယ်ရှိ
Dark Wolves Gang ခေါင်းဆောင် ခွန်မိုင်းထိုက်စံ။အိမ်တော်အပြင်ဘက်ထွက်လာတော့ ပြင်ပရှိရာသီဥတုက ချမ်းစိမ့်စိမ့်။ ပူပြင်းသည့် မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့လေးတစ်မြို့၏ အအေးဓာတ်က Europe တစ်ခွင်ပြဲပြဲစင်အောင် သောင်းကျန်းခဲ့ဖူးသည့် မိုင်းကိုတော့ မျက်တောင်တစ်ချက်ခတ်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့။
"မိုင်း"
အနားကို ရောက်လာသူက ဒွန်းနေရိုင်။ မိုင်း၏သေတူရှင်ဖော် အားကိုးရသော ညာလက်ရုံးသူငယ်ချင်းပင်။ ကျော်ဖြတ်ခဲ့ရသည့် ပြဿနာတွေနှင့် သင်ခန်းစာတွေကြား သွေးမတော်သည့် ညီအစ်ကိုတွေအဖြစ် ပခုံးဖက်ပေါင်းလာခဲ့ကြသည်။
"ပြော"
"သွားဖို့အချိန်ကျပြီ"
"ရှာတွေ့ပြီလား"
"အနံ့လေးရလိုက်လို့"
"သွားကြတာပေါ့"
Private လေယာဉ် သည် သန်းခေါင်ယံကျော်မှ လိုရာခရီးသို့ရောက်ပြီး Dark Wolves ဂိုဏ်းသားတွေ အကုန် ပင်မဂိုဏ်းတည်နေရာသို့ သွားရောက်ကြသည်။ မိုင်း၊ ဒွန်းနှင့် သူ၏ အဖွဲ့သည် မိုင်း၏စံအိမ်တော်ဆီသို့ဦးတည်လာကြသည်။ မိုင်း၏ အချစ်တော် Doberman ခွေးကြီးကိုလည်း အိမ်တော်ထိန်းက ခေါ်ယူသွားကြပြီဖြစ်သည်။
"ကျန်တာ မနက်မှ ဆက်ပြောကြတာပေါ့။ ရသလောက်အိပ် မိုင်း"
"မနက်ဖြန်ကိုစိုင်းနဲ့ဆက်သွယ်ဖို့ကော"
"အားလုံးအေးဆေး။ အခုချိန်လုပ်ရမှာက မင်းသေသလိုအိပ်ပျော်သွားဖို့ပဲ"
ဒွန်း အပြောကြောင့် မိုင်းမှာ ခပ်ပြုံးပြုံးဖြစ်သွားသည်။နာရမှာထက် အပျော်ကိစ္စတစ်ခုလိုသာ။ နှစ်နဲ့ချီပြီး အိပ်မပျော်သည့် ရောဂါစွဲနေသည့် သူ့အတွက် မသေသေးသည်က အံ့ဩဖို့ကောင်းသည်ဟုပင် ပြောရမည်။