Unicode
"မနက်ဖြန် နောက်ဆုံးချိန်ကျရင် သင်္ချာ Chapter 1 နဲ့ 2 ကို tutorial ဖြေမယ်နော် ကလေးတို့၊ စာလုပ်ခဲ့ကြနော်"
"ဟုတ်ကဲ့ပါ တီချယ်"
တီချယ်ကလည်း ပြောပြီးသည်နှင့် အတန်းထဲမှ ထွက်သွားတော့သည်။
"ဟေ့ကောင် နှပ်ချေးဖက်၊ အစောက တီချယ် ဘာပြောသွားတာလဲ ငါ မကြားလိုက်လို့"
ဒီမျက်မှန်နှင့် သောက်ရူးကောင်ကို ကြပ်စရာပေါ်လာပြီဟု တွေးကာ ဟန်သစ်မှာ ခပ်မြူးမြူးလေးပင် ဖြစ်သွားရသည်။
"မနက်ဖြန် သင်္ချာ Tutorial ဖြေမယ်တဲ့၊ Chapter 3 နဲ့ 4 ကြည့်ခဲ့တဲ့"
သောက်ရူးကောင်က မေးစေ့ကို ဘောပင်နှင့် ထောက်ကာ အကြိတ်အနယ်စဉ်းစားနေတော့သည်။
"1နဲ့ 2 တောင် မမေးရသေးဘဲနဲ့ ဘာလို့ 3 နဲ့ 4 ကို ကြိုမေးရတာလဲ"
"နောက်လကျမှ မေးမယ်တဲ့၊ မယုံရင် တီချယ့်ကို သွားမေးကြည့်"
ထိုအခါမှ သျှမ်းလည်း လက်ခံသွားတော့သည်။ ဒီကောင့်ကို လိမ်ရတာလဲ မလွယ်လှပါလား။
ထိုညက ဟန်သစ်တစ်ယောက် အိပ်လို့ပင် မပျော်နိုင်အောင်ဖြစ်လျက်ရှိသည်။ Chapter 3နဲ့ 4ကို တစ်ပုဒ်မှ မကျန် အကုန်တွက်နေမည့် စာကြမ်းပိုးကောင် သောက်ရူးအကြောင်း တွေးမိသည်နှင့် ရယ်ချင်သောစိတ်ကို ထိန်းမရ။
မနက်ဖြန်ကျရင် ရှုံ့မဲ့နေမည့် သျှမ်း၏ မျက်နှာကို ပုံဖော်ကြည့်ရင်း ပြုံးစိစိဖြစ်ရသည်မှာလည်း အခါခါ။ ဒီကောင်က တစ်ခါတစ်လေကျရင် တော်တော်ပိန်းတာပဲ။
တီချယ်တွေ စာရှင်းပြတိုင်း မျက်မှောင်လေးကျုံ့ကာ အာရုံစိုက်ကာ နားထောင်နေတတ်သည့် သျှမ်းကို သူ စနောက်ချင်သည်။
စာတွေရေးရလွန်း၍ ဖြစ်ပေါ်လာသော သျှမ်း၏ လက်ခလယ်က အသားမာလေးကိုလည်း သူ ကလိကြည့်ချင်သည်။ ဆွဲစိတ်လိုက်လျှင် အား..လို့များ အော်လေမလား။
မနက်ဖြန်ကျလျှင် ကျုံ့နေကျ မျက်မှောင်တွေဟာ ပို၍များ ကျုံ့နေလေမလား။
ဒေါသထွက်လွန်း၍ သူ့ပါးလေးတွေများ နီရဲလာလေမလား။
ဟန်သစ်မှာ သူ့အတွေးများဖြင့် ပျော်ရွှင်မြူးထူးနေပါ၏။