Unicode
ဆိုးလ်အမျိုးသားအထက်တန်းကျောင်း၏ ကန်တင်းတွင်ဖြစ်သည်။ ထမင်းစားနားချိန်ဖြစ်သောကြောင့်ကျောင်းသားများစားသောက်ရင်းနှင့်စကားများနေသောကြောင့် ကန်တင်းတစ်ခုလုံးဆူညံနေလေသည် ။
သို့ပေသည် ထိုအသံတွေကြားမှ စူးခနဲထွက်ပေါ်လာသောအသံတစ်ခု။ ထိုအသံသည် ဆူညံသံများကိုလွှမ်းနိုင်လောက်သည်အထိမကျယ်သော်လည်း ကန်တင်းတစ်ခုလုံးကတော့ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ အသံပိုင်ရှင်မှာတော့တစ်ခြားသူမဟုတ် တစ်ကျောင်းလုံး၏အချစ်ခံလေး ဂင်မ်ဆောနူ၏အသံပင်ဖြစ်သည်။ အကုန်လုံးကသူ့ကိုဝိုင်းကြည့်နေကြသော်လည်း ဆောနူကတော့ဘေးပတ်ဝန်းကျင်ကိုမစိုက်။ သူ့ဦးတည်ရာက ကန်တင်း၏ထောင့်ဘက်စွန်းဝိုင်းတွင်ထိုင်နေသောသူဆီသို့။
"ပတ်ဆောင်းဟွန်း!!"
"ဆောင်းဟွန်း မင်းဘာလုပ်ထားပြန်ပြီလဲ"
"မသိဘူး"
"တကယ်ပါပဲ"
"စလာပြန်ပြီ ဒီနှစ်ယောက်ကတော့"ဆောနူဆီမှ ဆောင်းဟွန်းနာမည်ခေါ်သံကြားလိုက်သည်နှင့် အလိုလိုသိနေပြီးသားဟီဆွန်းက ဆောင်းဟွန်းကိုမေးလိုက်သော်လည်း တစ်ဖက်မှ ဂရုပင်မစိုက်သလိုလေသံနှင့်ပြန်ပြောလာသောကြောင့် ဘာမှဆက်မပြောတော့။ ဂျိတ်ခ်နှင့်ဂျေးဆီမှလည်း သက်ပြင်းချသံနှင့်အတူစကားသံကလည်း ရှေ့ဆင့်နောက်ဆင့်ထွက်လာလေသည်။
"ပတ်ဆောင်းဟွန်း ခင်ဗျားတော်တော်အားနေလား"
"ဘယ်ကအားရမှာလဲ ထမင်းစားနေတာမမြင်ဘူးလား"
"ခင်ဗျား!!"
"ဆောနူဟျောင်း စိတ်လျှော့ စိတ်လျှော့"
"ဟုတ်တယ် ဆောနူ ဘာကိစ္စလဲမသိပေမယ့် လောလောဆယ်တော့စိတ်လျှော့ ဟုတ်ပြီလား ဂျောင်ဝန်း ဆောနူကိုခေါ်သွားလိုက်တော့"ဆောနူနောက်သို့လိုက်လာသော ဂျောင်ဝန်းသည်လည်း ဆောနူကိုလိုက်တားပေမယ့်မမှီခဲ့တာမလို့ ယခုတွင်တော့ဆောနူကိုပြန်ဆွဲခေါ်နေခြင်းသာ။ ဆောနူနှင့်ဆောင်းဟွန်းအကြောင်းကိုသိနေသော ဂျိတ်ခ်ကလည်းကြားထဲမှဝင်ပြောနေ၏။ အကုန်လုံးကထမင်းဆက်မစားနိုင်ဖြစ်နေကြသော်လည်း ဆောင်းဟွန်းကတော့သူ့ကိုဆောနူလာပြောနေတာတောင် ထမင်းစားမပျက်ပေ။