Unicode
"ကဲ ကဲ အားလုံးပဲ ခဏလောက် တိတ်ပေးပါဦး၊ နောက်တစ်ပတ်ထဲမှာ အားလုံး စောင့်မျှော်နေတဲ့ ကျောင်းသင်္ကြန်ကို ကျင်းပတော့မှာဖြစ်ပါတယ်"
သျှမ်းက သင်ပုန်းရှေ့က စတိတ်စင်ပေါ်ကနေ ကြေညာလိုက်၏။
"ယေးးးး"
တစ်ခန်းလုံးက အသားကုန် အော်ကြတော့သည်။ သျှမ်းက သူဇာအောင်ကို မခို့တရို့လေး လှမ်းကြည့်၏။ သူဇာအောင်ကလည်း ရှက်ပြုံးလေး ပြုံးကာ ခေါင်းငုံ့သွား၏။
နောက်ဆုံးတန်းမှ ဟန်သစ်ကတော့ သူ့ကိုယ်သူ မသိလိုက်ခင်မှာတင် မျက်မှောင်ကျုံ့မိလျက် ရှိနေ၏။
"ကျောင်းသင်္ကြန်အတွက် ပထမနှစ်နဲ့ ဒုတိယနှစ်က ကလေးတွေကို တစ်ယောက်ကို နှစ်ထောင်နှုန်း ကောက်ခံပြီးတော့ တတိယနှစ်၊ စတုတ္ထနှစ်နဲ့ နောက်ဆုံးနှစ်တွေကိုတော့ တစ်ယောက်ကို ငါးထောင်နှုန်း ကောက်ခံပါမယ်၊ ကိုယ့်ညီလေးတွေ ညီမလေးတွေအတွက် နည်းနည်းတော့ အနစ်နာခံပေးဖို့ တောင်းဆိုပါတယ်နော်၊ ကုန်ကျစားရိတ်အားလုံးကို ပွဲပြီးတာနဲ့ အားလုံးကို ပြန်ရှင်းပြပေးမှာပါ၊ မနက်ဖြန်ကနေ စပြီး ငါ့ဆီကို ပိုက်ဆံလာပေးလို့ရပါပြီနော်၊ ငါ မရှိရင် စိုင်းဟန်သစ်ကို ပေးထားလို့ရပါတယ်"
ဟန်သစ်မှာ လူကြီးလေးတစ်ယောက်လို ပြောဆိုနေသော သျှမ်းကိုကြည့်၍ ပြုံးနေမိမှာမှ မဆုံးသေး၊ ဒင်းက မိမိကို သူ့ရဲ့လက်ထောက်သဘောမျိုးအဖြစ်နဲ့ပါ သဘောထားနေပြီတဲ့လေ။ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်ပါသလဲ။
ဘုရားရေ!။ ဘာဖြစ်လို့ ငါက ပျော်နေရတာတဲ့လဲ။ ဒီကောင်က သောက်ရူးလေ။ အကျင့်လည်း ကောင်းတာမဟုတ်ဘူး။ ညစ်လည်းညစ်ပတ်သေးတယ်။ ဒါပေမယ့် အခုကျ လူကြီးလေးလိုပဲလေ။ ချစ်စရာလေး! ဘာတွေဖြစ်နေတာလဲ ဟန်သစ်ရာ။ ရူးတော့မှာပဲ။
ဟန်သစ်မှာ သူ့ဆံပင်များကို ထိုးဖွ၍ အတန်းထဲမှ ထွက်သွားတော့သည်။ သျှမ်းကတော့ မျက်နှာလေး ပျက်သွားတော့သည်။
"သူက ငါ့ကို မကူညီချင်ဘူး ထင်တယ်"
ထိုညက ဟန်သစ်ရော သျှမ်းပါ အိပ်လို့ မပျော်ခဲ့ကြ။