အပိုင်း (၁၂)
လျို့ဟွားက နူးညံ့စွာ ပြုံးပြီး
“အင်း ပျော်ရဲ့လား အားယန်?”
ကလေးမလေးက လက်ခုပ်လက်ဝါးတီးပြီး
“ပျော်တယ်!”
ရွယ်ယွိနှင့် ရွယ်ကျစ်ရဲ့အကြည့်များကလည်း ပျော့ပျောင်းသွားကြသည်။ သူတို့ အရင်က လျို့ဟွားနှင့် အဆင်ပြေပြေမရှိကြသော်လည်း သူတို့အမေဖြစ်သူအပေါ် မည်သည့်မကောင်းသည့်ခံစားချက်မှ မရှိကြချေ။
အထူးသဖြင့် သူတို့အမေတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသည်အား သိလိုက်ရပြီးနောက်တွင် သူတို့ရဲ့စိုးရိမ်မှုက ကြီးထွားလာ၏။
သို့ရာတွင် သူ(မ)အနား အားယန်သာရှိနေပေးလျှင် သူတို့အမေက သေချာပေါက် သက်သာလာမှာပင်။
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်လုံးများမှတစ်ဆင့် ထိုအတွေးအား မြင်နိုင်နေကြသည်။
ဘေးတွင် ငြိမ်နားထောင်နေသည့် ချီလင်းဟန်က ရုတ်တရက်
“အဒေါ်တို့ ရှန်းရွှေအိမ်ယာကို ပြောင်းကြမှာလား?”
လျို့ဟွားက မျက်ခုံးများကို မြှင့်လိုက်ပြီး
“ဟုတ်တယ်”
အနှီကောင်လေးက သူ(မ)နှင့် အားယန်အား ကယ်တင်ထားပေးခဲ့သည်ကို သူ(မ) အကြမ်းဖျင်း သိထားသည်။
အားယန်က လျို့ဟွားရဲ့ခြေထောက်ကို ဖက်ပြီး ချီလင်းဟန်အား မော့ကြည့်နေ၏။
သူ(မ)ရဲ့အကြည့်ကို သတိထားမိပြီး ချီလင်းဟန်က သူ(မ)ကို စကားပြောရန် ကိုယ်ကို ကိုင်းလိုက်ပြီး
“ဘာဖြစ်လို့လဲ အားယန်?”
အားယန်က နှုတ်ခမ်းကို စေ့ထားပြီး
“ကိုကိုက မေမေနဲ့အားယန်ကို ကယ်ပေးခဲ့တာမလား?”
ချီလင်းဟန်က ညင်သာစွာ ပြုံးလို့နေသည်က သူ့လူများကို ထူးဆန်းစွာ ကြောက်လန့်သွားစေသည်။ ဒီသခင်လေး ဘယ်တုန်းကများ ဒီလောက်ထိ စိတ်ရှည်တတ်သွားရတာလဲ?
ချီလင်းဟန် : “အင်း အားယန်က ကိုကို့ကို ဘယ်လိုကျေးဇူးဆပ်ပေးမလဲ?”
အားယန်က လျို့ဟွားနောက် ကျုံ့ဝင်သွားပြီးနောက် သူ(မ)ခေါင်းလေးကို တစ်ဖန် ထပ်ထုတ်လာကာ
“ဒါဆို...အားယန်က အားယန်ရဲ့သကြားလုံးလေးတွေကို ပေးလို့ရလား?”
ချီလင်းဟန်က ခေါင်းညိတ်ပြီး : “ရတာပေါ့”
ရွယ်ကျစ်က အေးစက်စွာ သရော်ပြီး
“အရှက်မရှိလိုက်တာ၊ ကလေးဆီက သကြားလုံးကိုများ စားရဲရတယ်လို့”
ချောင်းကျဲက လျို့ဟွား၏မျက်နှာကြောင့် ဘာမှဝင်မပြောသော်လည်း သဘောတူစွာဖြင့် ပြတ်သားစွာ ခေါင်းညိတ်လာ၏။
ချီဟင်းဟန်က နှာမှုတ်လိုက်ပြီး သူ ခွန်းတုံ့ပြန်စကားမဆိုရသေးခင် အားယန် နူးညံ့စွာ ပြောလာသည်ကို ကြားလိုက်ရသည်။
“ကိုကို ဒီလိုလုပ်လို့မရဘူးလေ”
ရွယ်ကျစ် သူ(မ)အား စိုက်ကြည့်ပြီး
“အားယန်က ဒီလောက်လှည့်စားရလွယ်တာ၊ တစ်နေ့ကျ သူ အားယန်ကို ရောင်းစားသွားခဲ့ရင် အားယန် သိလိုက်မှာတောင်မဟုတ်ဘူး”
ကလေးမလေး၏မျက်နှာဝိုင်းဝိုင်းလေးက နီမြန်းသွားပြီး
“မဖြစ်နိုင်တာ!”
သူ(မ)အသံက ပို၍နူးညံ့သွားကာ
“သူ ရောင်းမှာမဟုတ်ဘူး” ဒီကိုကိုက သူ(မ)က ကယ်တင်ထားတာလေ!
ရွယ်ယွိနှင့် ချောင်းကျဲတို့ ကြက်သေသေသွားရသည်။
“.......” အံ့ဩမနေတော့ဘူး အရင်ဘဝက လိုလိုလားလားနဲ့ သူ(မ)ကို အနိုင်ကျင့်ခွင့်ပြုခဲ့တာကို
သို့သော် သူတို့မှာ တစ်ဖန်ထပ်၍ စိတ်မကောင်းဖြစ်ရပြန်၏။ အရင်ဘဝတွင် လျို့ဟွားက မနေ့ညက မတော်တဆမှုတွင် ဆုံးပါးသွားခဲ့ရသည်။ ထို့နောက်မှာတော့ တစ်စုံတစ်ယောက်ကသာ အနှီအရူးမလေးအပေါ် အနည်းငယ်လေး ကောင်းပေးသရွေ့ သူ(မ)က သူတို့အား သူ(မ)နှလုံးသားထဲတွင် တစ်သက်လုံး မှတ်သားထားပေးမည်ဖြစ်သည်။
နောက်ပိုင်းတွင် သူ(မ)မှာ ဆက်ပြီး မရှင်သန်နိုင်တော့သည်အထိ စိတ်အားငယ်နေခဲ့လျှင်တောင် သူတို့အပေါ် ဘယ်သောအခါမှ အပြစ်တင်လိမ့်မည်မဟုတ်ပေ။
ယခုတွင် ချီလင်းဟန်လည်း ထိုအကြောင်းတွေးနေမိခြင်းဖြစ်သည်။ တကယ်တမ်းတွင် သူကား ရွယ်ယန်အပေါ် ဘယ်တုန်းကမှ ကောင်းမပေးခဲ့ချေ။ သို့သော် သူ(မ)အတွက်ကတော့ ချီလင်းဟန်ဆိုသည့် သူမှာ သူ(မ)အား မီးပင်လယ်ထဲကနေ ကယ်တင်ပေးခဲ့သည့် လူငယ်လေးတစ်ယောက် ဖြစ်သည်။
ချီလင်းဟန်မှာ သူ ပိုပြီးတွေးမိလေ သူ့ကိုယ်သူ လူလို့ပင် မခံစားမိတော့ချေပင်။
လျို့ဟွားကတော့ အနှီအယောင်ဆောင်ကလေးတွေ ဘာတွေတွေးနေကြသလဲကို မသိချေ။ သူ(မ)က အားမန်ဘက်သို့ လှည့်ပြီး
“ပစ္စည်းတွေ သွားထုပ်ပိုးထား၊ ငါတို့တွေ တတ်နိုင်သမျှ မြန်မြန်ပြောင်းကြမယ်”
သူ(မ)က ဘေးပတ်ပတ်လည်အား ဝေ့ကြည့်လိုက်ပြီး ဗလာကျင်းစွာဖြင့်
“ကံကောင်းတယ် ငါတို့ဆီမှာ အခမဲ့လုပ်သားတွေ ရှိနေလို့”
“အလုပ်သမားများ” က ကျွန်ပြုခံမည့်အကြောင်း သူတို့ရဲ့ကြည်ဖြူမှုကို ပျော်ရွှင်စွာဖြင့် ဖော်ပြလာကြသည်။
လူတိုင်းအလုပ်ရှုပ်နေသည်ကို မြင်သည်နှင့် အားယန်ကလည်း ကူညီပေးရန် ပြေးလွှားနေ၏။
လျို့ဟွားက သူ(မ)ဖြတ်သွားသည့်အချိန် ကော်လာမှ ဖမ်းဆွဲလိုက်ပြီး
“ဘာတွေလုပ်နေတာလဲ?”
အားယန်က ရုန်းကန်ရင်း
“မေမေ အားယန်ကို ချပေးပါအုံး!”
လျို့ဟွားက သူ(မ)ရဲ့ပါးအား ညှစ်လိုက်ပြီး
“ဘာလို့လျှောက်ပြေးနေရတာလဲ?”
အားယန်က နှုတ်ခမ်းဆူကာ
“မေမေတို့ ပစ္စည်းတွေ ထုပ်နေတာမလား? သမီးလည်း သမီးရဲ့မုန့်တွေကို ထုပ်မလို့!”
လျို့ဟွားက အလိုမကျစွာဖြင့်
“ဒါတွေ နောက်မှပြန်ဝယ်လိုက်လည်း ရပါတယ်ကွယ်”
ကလေးမလေးက တောင်းဆိုလာ၏။
“ဟင့်အင်း မရဘူး! မေမေလို့~”
ဒါကို ဘယ်သူက တောင့်ခံနိုင်မှာတဲ့လဲ?
လျို့ဟွားတစ်ယောက် အရှုံးပေးလိုက်ပြီး
“ကောင်းပြီး သမီးရဲ့ပစ္စည်းတွေ သွားထုပ်ခဲ့”
စိတ်ကျေနပ်စွာဖြင့် အားယန်တစ်ယောက် သူ(မ)၏ ဖွက်ထားသော မုန့်များအားလုံးကို စိတ်လှုပ်ရှားစွာ သွားထုတ်တော့သည်။
ထိုအခါမှပင် လျို့ဟွားတစ်ယောက် မရင်းနှီးသော အဖြူရောင်အရာတစ်ခုကို သတိထားမိလိုက်ရာ လျှောက်သွားပြီး ‘အရုပ်လေး’ ကိုကောက်ကိုင်လိုက်သည်။
“ဒါက ဘာလဲ?”
မမျှော်လင့်ထားစွာဖြင့် အရုပ်က လှုပ်လာ....၎င်းက ပါပီလေးတစ်ကောင်ဖြစ်ကြောင်း သူ(မ) သဘောပေါက်လိုက်သည်။ လျို့ဟွားက ခါးပေါ်လက်ထောက်ပြီး လှမ်းအော်လိုက်သည်။
“ရွယ်ကျင်းဟုန်၊ ကလေးကို ရှင့်လို အလိုလိုက်တဲ့သူမျိုး ကျွန်မဖြင့် တစ်ခါမှ မမြင်ဖူးဘူး”
ရွယ်ကျင်းဟုန်က အပေါ်ထပ်မှနေ၍ ခေါင်းပြူထွက်ပြီး
“ဘာကို?”
လျို့ဟွားက ပါပီလေးကို ကိုင်ကာ သူ့ကိုပြလိုက်ပြီး
“အားယန် ရှင့်အိမ်ရောက်သွားတာမှ နှစ်ရက်ပဲရှိသေးတယ်၊ ရှင်က ကလေးကို ခွေးတောင်ဝယ်ပေးလိုက်ပြီပေါ့လေ?”
ရွယ်ကျင်းဟုန်က ပဟေဠိဖြစ်စွာ
“အဲ့ဒါမင်းဝယ်ထားတာ မဟုတ်ဘူးလား?”
အသံများကို ကြားချိန်တွင် ရွယ်ယန်က ခြေလှမ်းသေးသေးလေးများဖြင့် အမြန်ပြေးလာပြီး
“မေမေ့ မေမေ့! အဲ့ဒါ ထီကျစ်!”
လျို့ဟွားက သူ(မ)မမီနိုင်သည်အထိ ထီကျစ်ကို မြင့်မြင့်မြှောက်ကိုင်ပြီး
“ဘာထီကျစ်လဲ? အမေတို့မှာ စပျစ်သီးရှိသေးတယ်လေ”
ထီကျစ်တစ်ကောင် လျို့ဟွား သူ့အား ကြမ်းသုတ်ဝတ်စုတ်လို သယ်ထားကတည်းက ရုန်းကန်ရန် အလျှော့ပေးလိုက်ပြီဖြစ်သည်။
ရွယ်ယန်က ထီကျစ်ကို ဖမ်းရန် ခုန်နေပြီး
“စပျစ်သီးမဟုတ်ပါဘူးဆို ထီကျစ်ပါလို့! အားယန်ခေါ်လာတာ!”
လျို့ဟွား မျက်ခုံးများကို ကြုတ်ထားပြီး
“အမေ ဘယ်နှခါပြောရမလဲ တွေ့ရာပစ္စည်း အိမ်ပြန်မသယ်လာနဲ့ဆိုတာကို!”
မောဟိုက်နေရင်းဖြင့် အားယန်မှာ
“မေမေလို့! ထီကျစ်က ပစ္စည်းမဟုတ်ဘူး!”
ထီကျစ် : “.....”
ငါ မင်းတို့ပြောတာ နားလည်တယ်၊ အိုခေလား!
လျို့ဟွားမှာ အိမ်မွေးတိရစ္ဆာန်က အားယန်အား ထိခိုက်ဒဏ်ရာရစေမည်ကို စိုး၍
“မရဘူး လွှင့်ပစ်လိုက်”
ရွယ်ယန်က သူ(မ)ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားပြီး
“မေမေ ဟင့်အင်း! ထီကျစ် မြန်မြန်ချစ်ဖို့ကောင်းအောင် လုပ်ပြလိုက်လေ!”
လျို့ဟွားက အေးစက်စွာ နှာမှုတ်လိုက်ပြီး
“သမီးပြောတာကို သူက နားလည်မှာတဲ့လား”
ထီကျစ်က အနည်းငယ် ရုန်းကန်ပြီးနောက် ပါပီလေးတစ်ကောင်၏ ချစ်စဖွယ် အော်သံပိစိလေးကို ထုတ်လိုက်သည်။
“အာဝူး အာဝူး”
လျို့ဟွား : “....”
အင်း နည်းနည်းတော့ ချစ်ဖို့ကောင်းသား။
သို့သော် သူ(မ)က ယိမ်းယိုင်မသွားချေ။ သူ(မ)က တစ်ကောင်ကို လက်တစ်ဖက်တွင် သယ်ထားပြီး ခြေတစ်ဖက်ကို နောက်တစ်ယောက်က ဆွဲထားကာ
“ချစ်ဖို့ကောင်းအောင် လုပ်ပြလည်း အသုံးမဝင်ဘူး၊ အမေတို့မိသားစုမှာ ထိုင်စားမဲ့သူ တစ်ယောက်ပဲ ရှိလို့ရမယ်”
ရွယ်ယန်က တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက်
“မေမေ ထီကျစ်က အလုပ်လုပ်နိုင်ပါတယ်”
ထီကျစ် : “.....”
လျို့ဟွားက သဘောကျစွာ ရယ်လိုက်ပြီး
“အားယန် အလုပ်လုပ်ပါ့မယ်လို့ ဘာလို့မပြောလိုက်တာလဲ?”
ရွယ်ယန်က ရှက်ကိုးရှက်ကန်းဖြင့်
“ဘာလို့လဲဆိုတော့...သမီး..သမီးမှ အလုပ်မလုပ်နိုင်တာ...”
ထိုအချိန်တွင် ရွယ်ယွိက ထီကျစ်ကို ကယ်တင်ရန် ရောက်လာပေး၏။
“အမေ ထီကျစ်ကို ပေးနေလိုက်ပါ၊ နောင်ဆို ကျွန်တော် အလုပ်ပိုလုပ်ပါ့မယ်”
ရွယ်ကျစ်ကလည်း ဝင်ဆွဲဆောင်ပေး၏။
“ဟုတ်တယ် အမေ အားယန်က နောက်ဆုံးမှာမှ သူ သဘောကျတဲ့အရာလေးရှိလာတာ”
ချောင်းကျဲကလည်း ရောက်လာပြီး
“အဒေါ် အဲ့ဒါကို ပေးနေခိုင်းလိုက်ပါ”
အာယန်က ဖြည့်စွက်လာ၏။
“ကိုကိုတို့၊ ထီကျစ်က ပစ္စည်းမဟုတ်ပါဘူးဆို!”
လျို့ဟွားက ရွယ်ကျစ်အား စွေကြည့်ပြီး
“အားယန်အတွက် ရှားရှားပါးပါးသဘောကျတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? အားယန်ကဖြင့် သူ နေတိုင်းကြိုက်တဲ့ဟာ ရှာပြီးသား”
သို့သော် သူ(မ)က ထီကျစ်ကို ပစ်ထုတ်ရန် တွန်းအားမပေးတော့ချေ။
ရွယ်ယန်က သူ(မ)အနောက်မှ အနီးကပ်လိုက်ရင်း မသဲမကွဲရေရွတ်လာ၏။
“မေမေ သမီးမှာ နေ့တိုင်းကြိုက်တဲ့ဟာ ရှိတယ်ဆိုတာ မမှန်ဘူးနော်”
နောက်လှည့်မကြည့်ဘဲ လျို့ဟွားက
“သကြားလုံးကို နေ့တိုင်းကြိုက်တယ်မဟုတ်ဘူးလား?”
အားယန် ခြေလှမ်းများ ရပ်တန့်သွားသည်။
“....”
မကောင်းတော့ဘူး၊ ငါ ဖမ်းမိသွားပြီ..
လျို့ဟွားက “ဘာလို့ သမီးမုန့်တွေကို သွားမထုပ်တော့တာလဲ?”
သတိပေးလိုက်ပြီးနောက် အားယန်မှာ စတင်ခုန်ပေါက်ပြေးပြန်ပြီး
“အားယန် မေ့သွားတော့မလို့! ရှဲရှဲ မေမေ!”
သူတို့ အားလုံးကို ထုပ်ပိုးပြီးချိန်တွင် အားယန်ကတော့ ပြေးလွှားနေဆဲဖြစ်သည်။ သူ(မ)ရဲ့မျက်နှာသေးသေးလေးတစ်ခုလုံး ချွေးပြန်နေသည်ကို မြင်လျှင် လျို့ဟွားက သူ(မ)အား တိုက်ရိုက်ဆွဲခေါ်ထားလိုက်ပြီး
“ပစ္စည်းတွေက ဘယ်လောက်တွေတောင် ရှိနေလို့လဲ? အခုချိန်ထိ ထုပ်လို့မပြီးသေးတာလား?”
အပြစ်ရှိဟန်လေးဖြင့် ရွယ်ယန်က
“ဒါပေမယ့် ဒါပေမယ့် မေမေပြောတာ အားယန်ရဲ့မုန့်တွေအကုန် အိမ်သစ်ကို သယ်လာလို့ရတယ်ဆို!”
သူ(မ)အကြည့်နောက်သို့ လိုက်ကြည့်ပြီး ဧည့်ခန်းအလယ်တွင် အပုံလိုက်ပုံနေသည့် မုန့်ပုံကြီးကို တွေ့သည့်အချိန် လျို့ဟွားမှာ ကြောင်အမ်းမှင်သေသွားရသည်။