အပိုင်း (၁၈)
ချောင်းကျဲမှာ ကလေးမလေးရဲ့ သနားချင့်စဖွယ်ပုံစံကို ကြည့်ပြီး သဘောတကျဖြစ်သွားသည့်တိုင် သောကမရောက်ဘဲမနေနိုင်ကာ
“အဒေါ် အားယန်ကလည်း မူကြိုတက်ဖို့ အရွယ်ရောက်နေပါပြီ”
လူတိုင်း သူ(မ)အတွက် တောင်းဆိုပေးနေကြသည်ကို မြင်လျှင် ရွယ်ယန်တစ်ယောက် ဂုဏ်ဝင့်လာပြီး
“မေမေ အားယန်က အရွယ်ရောက်နေပြီ!”
လျို့ဟွားက လက်ချောင်းများကို ကွေးကာ ကလေးမရဲ့နဖူးကို ခေါက်လိုက်ပြီး
“ဘယ်နေရာက အရွယ်ရောက်တာလဲ? ဒီလောက်သေးသေးလေးပဲ ရှိသေးတာကို”
ကလေးမလေးကတော့ ဒါတွေကို ဂရုစိုက်မနေဘဲ
“အားယန်က လေးနှစ်ခွဲရှိပြီ!”
လျို့ဟွားမှာ သူ(မ)နှင့် ပြိုင်စကားများရန် ပျင်းလွန်းလှပြီး
“ရှောင်ကျစ် ရှောင်ကျဲ အိမ်စာသွားလုပ်ကြတော့ ခဏနေဆို ထမင်းစားဖို့အချိန်ရောက်ပြီ”
ရွယ်ကျစ်က ချီထားသည့် ကလေးကို ချလိုက်ပြီး
“အိုခေ”
ရွယ်ယန်က ဘယ်နှင့်ညာကို ကြည့်ပြီးနောက် ရွယ်ကျစ်ရဲ့ခြေထောက်ကို ဖက်ကာ
“ကိုကို အားယန်လည်း အိမ်စာလုပ်ချင်တယ်!”
လျို့ဟွားက သူ(မ)ကို ဆွဲခွာပြီး
“ပြဿနာမရှာနဲ့တော့၊ သူတို့အိမ်စာလုပ်တဲ့အချိန်သွားရင် သမီးအကိုတွေကို အနှောင့်ယှက်ပေးမိလိမ့်မယ်”
ကလေးမလေးက ကြေကွဲသွားပြီး
“မေမေ သမီးက ကိုကိုတို့ကို မနှောင့်ယှက်ပါဘူး၊ အရမ်းကို လိမ္မာပါ့မယ်လို့ ကတိပေးပါတယ်!”
ချောင်းကျဲက ကလေးမလေးရဲ့ဆံပင်ကို ဖွလိုက်ပြီး
“အဒေါ် အားယန်က အရမ်းလိမ္မာတာပါ”
လျို့ဟွားမှာ သူတို့နှင့်တွေ့လျှင် ကူကယ်ရာမဲ့လျက်သားဖြင့်
“ကောင်းပြီ ကောင်းပြီကောင်းပြီ၊ သွား...အားယန် လိမ်လိမ်မာမာနေပြီး ကိုယ့်စာအုပ်ကိုယ် ကောင်းကောင်းဖတ်နေနော် နားလည်လား?”
ရွယ်ယန်က တက်ကြွစွာဖြင့်
“အိုခေ!”
ရွယ်ကျစ်က သူ(မ)ကို စနောက်လိုက်၏။
“အားယန်က စာလုံးတွေကို သိလို့လား? ဘယ်စာအုပ်ကို ဖတ်ချင်တာလဲ?”
ချောင်းကျဲက ရွယ်ကျစ်အား အထင်သေးစွာ ကြည့်ပြီး
“အားယန်ကဖြင့် စာလုံးတွေအများကြီးကို သိတာ၊ ကလေးက အဒေါ့်စာအုပ်တွေကို အမြဲတမ်းဖတ်တာ”
လျို့ဟွားရဲ့စာအုပ်များက ဆေးနှင့်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းများဖြစ်ပြီး ဒါကြောင့်လည်း နောက်ပိုင်းတွင် ချောင်းကျဲက ဆရာဝန်တစ်ယောက် ဖြစ်လာခြင်းပေ။
ရွယ်ယန်က မော်ကြွားစွာဖြင့် လည်ပင်းလေးစောင်းကာ
“ကိုကို အားယန်က အရမ်းကို တော်တာ!”
ရွယ်ကျစ်က ကိုယ်ကိုကိုင်းပြီး သူ(မ)ပါးလေးအား ညှစ်ကာ
“အဲ့တော့ အားယန်က နားလည်တယ်ပေါ့?”
ရွယ်ယန်မှာ အနည်းငယ် ခေါင်းရှုပ်သွားပြီး
“တစ်ခါတလေတော့ နားလည်တယ်၊ တစ်ခါတလေကျတော့ နားမလည်ပြန်ဘူး!”
ချောင်းကျဲက သူ(မ)စကားများကို စိတ်ထဲမထားဘဲ
“အားယန်က အရမ်းကို တော်နေပါပြီ”
ရွယ်ကျစ် သူ(မ)ကို ကောက်ချီလိုက်ပြီး
“ဟုတ်တယ် ကိုကိုတို့အားယန်လေးက အတော်ဆုံးပဲ”
သူ(မ)က ခေါင်းခါပြီး
“ကိုကို အားယန်က အဲ့လောက်မတော်ပါဘူး!”
သုံးယောက်သားက စာကြည့်ခန်းထဲသို့ လမ်းလျှောက်သွားကြသည်။ သူတို့ အထဲသို့ ဝင်လိုက်သည်နှင့် ကွန်ပြူတာရှေ့တွင် မနှေးမမြန်ဖြင့် စာရိုက်နေသည့် ရွယ်ယွိကို တွေ့လိုက်ရသည်။
အသံကြားသည်နှင့် ရွယ်ယွိက သူတို့ကို လှည့်ကြည့်လာ၏။ သူက ရွယ်ယန်ကို တွေ့သည်နှင့် မျက်လုံးများက နူးညံ့သွားပြီး လှမ်းခေါ်ကာ
“အားယန် ဒီကိုလာ”
ကလေးမလေးက ရွယ်ကျစ်၏လက်ထဲမှ ရုန်းကန်ဆင်းလိုက်ပြီး ရွယ်ကျစ်နှင့် ချောင်းကျဲရဲ့ ပခုံးကို လေးနက်စွာ ပုတ်ပေးပြီး
“ကိုကိုတို့ အိမ်စာကို ကောင်းကောင်းလုပ်ရမယ်နော်!”
ပြောပြီးသည်နှင့် သူ(မ)က ရွယ်ယွိဆီ ပျော်ရွှင်စွာ ပြေးသွား၏။
“ကိုကို ဘာတွေလုပ်?”
ရွယ်ယွိက ရွယ်ယန်ကို ကောက်ချီလိုက်ပြီး သူ့ပေါင်ပေါ် တင်ကာ
“ကိုကို သင်ခန်းစာသင်ထောက်ကူတွေကို ကြည့်နေတာ”
ချောင်းကျဲက ရွယ်ယန် ဖတ်လေ့ရှိသည့်စာအုပ်ကို သူ(မ)အရှေ့တွင် ထားပေးလိုက်ပြီး
“အားယန်၊ ဒီစာအုပ်ကို ဆက်ဖတ်ထားနှင့်နော်”
ပြောပြီးသည်နှင့် သူက ရွယ်ကျစ်နှင့်အတူ သူတို့ရဲ့အလယ်တန်း အိမ်စာများကို လုပ်ရန် သွားလိုက်သည်။ သူတို့ မလုပ်ချင်ကြသော်လည်း ကလေးအရှေ့တွင်တော့ နမူနာကောင်း ဖြစ်ချင်ကြသေးသည်လေ။
သူ(မ)က အိမ်စာစတင်လုပ်နေကြသည့် စားပွဲပေါ်မှ နှစ်ယောက်ကို ကြည့်ပြီးနောက် ရွယ်ယွိ၏ရှုပ်ထွေးသော ကွန်ပြူတာစခရင်ကို ကြည့်လိုက်သည်။ သူ(မ)က တိတ်ဆိတ်စွာနှင့် သူ(မ)စာအုပ်ကို ယူလိုက်ပြီး စတင် ဖတ်လေသည်။
ရွယ်ယွိမှာ ကလေးမလေးရဲ့ခေါင်းကို ပွတ်သပ်ပေးရင်း မနေနိုင်အောင် ပြုံးမိသွားသည်။ ရွယ်ယန်က အလွန်လိမ္မာစွာဖြင့် ကောင်းကောင်းထိုင်ကာ စာအုပ်ကိုဖတ်နေ၏။
ရွယ်ကျစ်နှင့် ချောင်းကျဲတို့ကလည်း ရံဖန်ရံခါ သူ(မ)အား လှမ်း,လှမ်းကြည့်ကြ၏။ သူ(မ)က ငြိမ်သက်လျက်သားဖြင့် တစ်ချိန်လုံး တည်ကြည်နေ၏။
ရွယ်ယွိတွင် အရင်လို အေးတိအေးစက်မဟုတ်တော့ဘဲ နူးညံ့ညင်သာသော အမူအရာတို့ ရှိနေ၏။ သူက စခရင်ပေါ်ရှိ ဒေတာများကို ကြည့်ပြီး လက်ချောင်းရှည်ရှည်များက ကီးဘုတ်ပေါ် သွက်လက်ကျွမ်းကျင်စွာ ရိုက်နေ၏။
လျို့မန် စာကြည့်ခန်းထဲသို့ ဝင်လာသည့်အချိန် အနှီသဟဇာတဖြစ်သောမြင်ကွင်းကို တွေ့လိုက်ရသည်။ သူ(မ)က တံခါးဘောင်ကို ခေါက်ပြီး ညင်သာစွာဖြင့်
“ထမင်းစားဖို့အချိန်ရောက်ပြီ”
ရွယ်ယွိက ကွန်ပြူတာကို ပိတ်လိုက်ပြီး ရွယ်ယန်ကို ချီရင်း မတ်တတ်ထရပ်လိုက်သည်။ သူက လက်မောင်းထဲမှ ကလေးအား လှုပ်လိုက်ပြီး
“သွားစို့ အသေးလေး၊ ညစာစားဖို့အချိန်ရောက်ပြီ”
ရွယ်ယန်က သူ့ကို ဗလာကျင်းစွာ ကြည့်ပြီး အနည်းငယ် ခေါင်းရှုပ်နေသေးသည့်ပုံဖြင့်
“....ကိုကို?”
ရွယ်ကျစ်နှင့် ချောင်းကျဲလည်း ရွယ်ယွိနောက်လိုက်ရန်အတွက် လက်ရေးကို အရှိန်တင်လိုက်၏။
ရွယ်ယန်က ရွယ်ယွိပခုံးပေါ်မှီလှဲပြီး ကောင်လေးနှစ်ယောက်အား ကြည့်ကာ
“မြန်မြန် ကိုကိုတို့!”
အောက်ထပ်သို့ ဆင်းလာသည့်အချိန် လျို့ဟွားက ကလေးတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ
“အားယန် တစ်ချိန်လုံး အကို့ကိုချည်းပဲ ချီခိုင်းမနေနဲ့လေ”
ရွယ်ယွိက အလျင်အမြန်ဖြင့်
“ရွယ်ယန်ကို ချီချင်တာက ကျွန်တော်ပါ အမေ”
လျို့ဟွားက မျက်လုံးလှိမ့်ပြီး
“မင်းတို့အကုန်လုံးက မင်းတို့ညီမလေးကို အလိုလိုက်နေကြတာချည်းပဲ၊ ဒီတိုင်းဆို သေချာပေါက် အနှေးနဲ့အမြန် ပျက်စီးတော့မှာ”
အမေဖြစ်သူရဲ့အသံကို ကြားပြီး ရွယ်ကျစ်က လှေကားပေါ်မှ ဆင်းလာပြီး နည်းလမ်းကျစွာ ပြောလာခဲ့သည်။
“အမေ၊ ညီမလေးဆိုကတည်းက အလိုလိုက်ယုယထားရမှာ ထုံးစံပဲ၊ မဟုတ်ရင် ကြီးလာတဲ့အခါကျမှ သူများမိသားစုက ပေဆိုးဆိုးအကောင်ရဲ့ လှည့်ဖြားတာကို ခံရလိမ့်မယ်”
ချောင်းကျဲကလည်း စိတ်ရောကိုယ်ပါ သဘောတူစွာဖြင့် သံယောင်လိုက်လာ၏။
“အမှန်ပဲ”
လျို့ဟွား ဂရုတစိုက်စဉ်းစားကြည့်ပြီးနောက် ဒီကိစ္စကို ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ(မ)က ဘယ်လိုလုပ်ပြီးတော့များ သူ(မ)ရဲ့အဖိုးတန်လေးကို ပေဆိုးဆိုးကောင်လေးရဲ့အလွယ်တကူ လှည့်စားသွားတာခံရတာကို ခွင့်ပြုနိုင်ပါ့မလဲ?
သူတို့စကားဝိုင်းရဲ့ ကလေးမလေးကတော့ သူတို့အား ဗလာကျင်းစွာ စိုက်ကြည့်ပြီး
“မေမေ မေမေတို့ ဘာပြောနေကြတာလဲ?”
လျို့ဟွားက စိတ်မရှည်စွာဖြင့်
“အမေတို့က အားယန်က အရူးမလေးလို့ ပြောနေကြတာ”
ကလေးမလေးက စိတ်ဆိုးသွားပြီး
“အားယန် မဟုတ်ပါဘူး!”
ရွယ်ယွိကလည်း ဇာတ်ဝင်ကပြီး
“ဟုတ်တာပေါ့၊ အားယန်က အရူးမလေးမဟုတ်ဘူး.... သူက တုံးအအ,အရူးမလေး”
ရွယ်ယန် : “....”
ဒီစကားကလည်း အရမ်းကောင်းတဲ့ပုံ မပေါ်သေးဘူး။
ထီကျစ်က တဝုတ်ဝုတ်နှင့် ရွယ်ယွိ၏ခြေထောက်နား ခုန်ပေါက်ပြေးလာ၏။
ရွယ်ယန်မှာ အံ့အားတသင့်ဖြစ်သွားပြီး ရွယ်ယွိ၏လက်မောင်းကို ဆုပ်ကိုင်ရင်း အောက်ကို ငုံ့ကြည့်ကာ
“ထီကျစ်! နင် ဘယ်တွေရောက်နေတာလဲ? ငါ နင့်ကို တစ်နေကုန် မမြင်မိဘူး!”
ရွယ်ယွိက သူ(မ) ထီကျစ်နှင့် စကားပြောလို့ရစေရန်အတွက် သူ(မ)ကို အောက်ချပေးလိုက်သည်။
ထီကျစ်က အတော်လေး ကူကယ်ရာမဲ့နေမိတော့သည်။ သူ့မှာ ဥယျာဉ်ထဲမှာ တစ်ရေးသွားအိပ်မိလိုက်ပါရဲ့! ဒီကလေးက မေ့တောင်မေ့သွားပြီ!
ရွယ်ယန်ကတော့ လုံးဝ လိပ်ပြာမသန့်ဖြစ်မနေချေ။ အေးဆေးစွာဖြင့် သူ(မ)က ဝံပုလွေပေါက်လေးကို ကောက်ချီလိုက်ပြီး မြှူလိုက်၏။
“ထီကျစ်၊ နောင်ဆို လျှောက်ပြေးမနေနဲ့တော့၊ နင့်ကို လူဆိုးတွေ ဖမ်းသွားကြလိမ့်မယ်”
လျို့ဟွားက အေးစက်စွာ ရယ်ပြီး
“နင် သိသေးတယ်ပေါ့ ဟမ်? ဘယ်သူလဲ အရင်က ခိုးထွက်သွားတာ?”
ကလေးမလေးက တစ်ခဏ တောင့်ခဲသွားပြီးနောက် ဝံပုလွေပေါက်စအား စကားဆက်ပြောလိုက်သည်။
“ထီကျစ်၊ နင် နောက်တစ်ခါ ဒီလိုအမှားထပ်မလုပ်သရွေ့ ဘာမှမဖြစ်ဘူး!”
လျို့ဟွား မျက်လုံးထပ်လှိမ့်လိုက်ပြီး ထမင်းစားခန်းထဲသို့ ဦးတည်ဝင်တော့မည့်အချိန် သူ(မ)က ရုတ်တရက် စူးစမ်းစွာ မေးလာခဲ့သည်။
“မင်းတို့တွေ ဒီပါပီနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းတယ်လို့ မခံစားရဘူးလား? နည်းနည်းတော့ ထူးဆန်းသလိုပဲ”
ရွယ်ယန်က ထီကျစ်အား တင်းကျပ်စွာ ဖက်ပြီး
“မထူးဆန်းဘူး မထူးဆန်းဘူး! မေမေ ထီကျစ်ကိုက ဒီလိုပုံစံပါပဲ!”
ညီအကိုသုံးယောက်သားမှာ ထိတ်လန့်သွားကြပြီး သူတို့က အလျင်အမြန်ဖြင့်
“အမေ ထီကျစ်က အရင်တုန်းက တောထဲမှာ နေဖူးတာကြောင့် ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့်မလို့ တခြားခွေးတွေနဲ့ နည်းနည်းမတူတဲ့ပုံပေါ်တာ”
လျို့ဟွားက သိပ်ပြီးဂရုစိုက်မနေဘဲ
“ထားလိုက်ပါတော့၊ မြန်မြန် ထမင်းစားကြမယ်!”
ထီကျစ်တစ်ကောင် တိတ်တဆိတ်နှင့် ကလေးမလေးရဲ့ရင်ခွင်ထဲ တိုးဝင်လိုက်၏။
ဂါး! အားယန်အမေ မိသွားတော့မလို့!
အနောက်တွင် လျို့မန်မှာ ထမင်းစားခန်းထဲသို့ ဦးတည်ရင်း ခေါင်းရှုပ်နေဆဲဖြစ်သည်။
သူ(မ)လည်း အနှီပါပီက တစ်ခုခုထူးဆန်းနေသလို ခံစားနေရသည်လေ... တကယ့်ကို ထူးဆန်းတာပဲ...
ညစာစားနေစဉ် အိမ်ရှေ့တံခါးမှ ရုတ်တရက် တံခါးခေါက်သံထွက်လာ၏။
လျို့မန်က ထသွားပြီး တံခါးဖွင့်လိုက်သည်။ အပြင်ဘက်တွင် အေးဆေးသောမျက်နှာထားနှင့် ရပ်နေသည့် ယဲအန့်နင်အား တွေ့လိုက်ရသည်။
“လျို့မန်ကျဲကျယ် အားယန် ညစာစားလို့ပြီးသွားပြီလား?”
ကောင်မလေးက အလွန်ယဉ်ကျေးစွာ မေးမြန်းလာ၏။
လျို့မန်က ပေါ့ပါးစွာ ပြုံးပြီး
“အားယန်က အခုမှစားတုန်း၊ အန့်နင်ကရော အထဲဝင်လာပြီး စောင့်ချင်လား?”