ပါးရေသားရေတွေ တွန့်နေပြီဖြစ်သည့် မျက်နှာပေါ်၌ မျက်ရည်ကြောင်းစီးကျလာလေသည်။အိပ်ယာကုတင်ပေါ် မျက်လုံးမှိတ်ထားတာကြောင့် ကြည့်ရတာ အိပ်မက်ထဲမှာ ဝမ်းနည်းစရာ ကြေကွဲစရာအဖြစ်အပျက်ကြုံနေရသည့်ပုံပင်။ပူဆွေးနေသည့် ခံစားချက်နဲ့အတူ သူမမျက်လုံး တဖြည်းဖြည်းချင်းပွင့်လာ၏။အိပ်ယာပေါ်ထထိုင်ကာ တိုင်ကပ်နာရီကို လှမ်းကြည့်တော့ နာရီလက်တံက မနက်သုံးနာရီပြနေသည်။မိုးမလင်းသေးသည့်အတွက် သူမသက်ပြင်းချနေပြန်၏။ဒီနှစ်တွေမှာ ညတာရှည်နေသလိုပင်။
ထို့နောက် အိပ်ယာပေါ်ကထကာ သူမရဲ့အသက်အရွယ်ကြောင့်ဖြစ်မည် လေးလံပင်စွာနဲ့ ရှေးခေတ်ပုံစံသစ်သားဗီဒိုရှိရာသို့ လျှောက်သွားကာ ဗီဒိုတံခါးကိုတုန်ရီနေသည့်လက်ဖြင့် ဖွင့်သည်။ဗီဒိုထဲတွင် နှစ်လကြာစွာ သိမ်းထားသော သစ်သားဘူးလေးတစ်ဘူးကသူမကိုကြိုဆိုနေ၏။ထိုဘူးဖုံးလေးကို လက်ဖြင့်အသာလေးပွတ်ပြီး ဘူးကိုကိုင်ကာ လရောင်ဖြာကျနေသည့် ပြတင်းပေါက်ရှိရာသို့ သူမလျှောက်သွားပြန်သည်။လပြည့်ညဖြစ်နေတာကြောင့် ကောင်ကင်ကြီးဟာ မှောင်မဲမနေပဲ လင်းထိန်ကာ ဘေးမှာလည်း တလက်လက်နဲ့ တောက်ပနေသောကြယ်ကလေးတွေဟာ ကောင်းကင်ကြီးအလှကိုထောက်ပံ့နေ၏။ညဘက်မှာတောင် တိမ်တွေကိုရှင်းလင်းစွာမြင်နေရသည့် ကောင်းကြီးဟာ ဘယ်လောက်တောင်လှပနေမလဲ။
သူမလက်ထဲက သစ်သားဘူးလေးကိုဖွင့်ကြည့်တော့ညှိုးနွမ်းနေသော်လည်း ရနံ့မပျယ်သေးတဲ့ ခရေပန်းကုံးတစ်ကုံးရှိနေသည်။ထွက်လာသော ပန်းရနံ့ကို မျက်လုံးမှိတ်ရင်းသူမတစ်ဆုံးထိရှိုက်သွင်းလိုက်သည်။ပြန်ရှူထုတ်လိုက်သည့်လေနဲ့အတူ တစ်ပါတည်း သူမပါးပေါ်သို့ မျက်ရည်လည်း စီးကျလာလေသည်။
"ခင် အဲအကြည့်နဲ့ ဝေကိုကြည့်နေပြန်ပြီနော် ဝေလေ ခင့်ကိုသိပ်သတိရတာပဲ ခုထိတစ်စက္ကန့်လေးတောင် ဝေ ခင့်ကိုမမေ့ဖူးပါဘူး"
လွန်ခဲ့သည့် နှစ်၅၀ခန့်တွင်
'တက္ကသိုလ်'တဲ့
လူငယ်တွေရဲ့ အိပ်မက်ပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့ လှေကားထစ်ပမာ အထောက်အပံ့ပေးသည့်နေရာပေါ့။မတူညီတဲ့ နေရာအနှံ့အပြားကနေ မြောက်မြားစွာသော လူထောင်ပေါင်းများစွာ ဤနေရာမှာ တစ်ခဏတွေ့ဆုံကြရသည်။တစ်ချို့က တစ်ဘဝစာအတွက်ဖြစ်ကောင်းဖြစ်မည်။ခင်နဲ့ဝေရဲ့ တွေ့ဆုံမှုကရော။