Part - 3

11 2 2
                                    

UNICODE

ကိုကိုငယ်တို့အိမ်မှာ သွေးပေါင်တိုင်းဖို့အတွက် နားကြပ်မရှိတာမို့ ခွန် ကိုယ့်အိမ်ဘက်ကိုယ် ပြန်ကူးပြီး နားကြပ်သွားယူရသေးသည်။

“အဘွား စိတ်လျှော့ထားနော်”

စိတ်တင်းထားလျှင် မလိုအပ်ဘဲ သွေးပေါင်တက်ပြီး အဖြေမှားထွက်တတ်၏။ ဆေးခန်းတွေမှာဆို တစ်ခါတစ်ခါ သွေးပေါင်လာတိုင်းလျှင် အငန်စားထားမျိုးလည်း မရှိ၊ သွေးတိုးလည်း မရှိဘဲ ဂျူတီကုတ်အဖြူရောင်နှင့်ဆရာဝန်ကို မြင်ကာမှ စိုးရိမ်စိတ်ကြောင့် သွေးဆောင့်တက်ပြီး သွေးပေါင်ချိန်များနေတာမျိုး ဖြစ်တတ်သည်။ ‘White coat Hypertension’လို့ပင် တင်စားရသတဲ့။

“အ‌ပေါ်သွေး ၁၁၀/အောက်သွေး ၆၀ ပါ အဘွား”

ညှစ်သည့်ဘောလုံးလေးကို ရှူးခနဲ လေလျှော့လိုက်ပြီး အဘွားလက်မောင်းမှာ ပတ်ထားသည့် BP cuff ကိုပါ ဖြည်ပေးလိုက်သည်။ နားမှာ တပ်ထားသည့် နားကြပ်လေးကို အသာ ဖယ်လို့ ခွန်မြတ်နော် မော့ကြည့်လိုက်တော့ ကိုကိုငယ်နှင့် အကြည့်ဆုံ၏။ ‘ဘယ်ဆိုးလို့လဲ’သဘောတရားပါသော မျက်ဝန်းများက လင်းလင်းလက်လက်။ ခွန် မျက်လွှာချကာ နှုတ်ခမ်းစွန်းတွေ ကော့မတက်သွားအောင် မနည်းထိန်းလိုက်ရသည်။

“အမယ် နော်နော်က သွေးပေါင်တွေဘာတွေ တိုင်းတတ်နေပြီပေါ့၊ အမေကြီး သွေးတိုးနေလား”

“မတိုးပါဘူး ဒေါ်ဒေါ်”

“အေးကွယ်..သားငယ်သာ ဆေးကျောင်းတက်ခဲ့ရင် အခုချိန်လောက်ဆို သူလည်း”

“အမေ”

အန်တီသွဲ့စကားကြောင့် ကိုကိုကြီးက ဟန့်သည့်သဘော ခေါ်လိုက်သလို တစ်ချိန်တည်းမှာပဲ ကိုကိုငယ့်မျက်ဝန်းများက အရောင်မှိန်သွားကာ မျက်နှာလည်း တည်သွားခဲ့ပြီ။ အန်တီသွဲ့က ကိုကိုငယ်ကို  ဆရာဝန် အရမ်းဖြစ်စေချင်ခဲ့တာ။ သို့သော် ကိုကိုငယ်က ဆရာဝန်လုပ်ဖို့ ဝါသနာမပါ၊ စီးပွားရေးကိုပဲ စိတ်ဝင်စားတာဖြစ်သည်။ ဆရာဝန်အမှတ်မီသည့်တိုင် အန်တီသွဲ့ တားသည့်ကြားက မြို့မှာ စီးပွားရေးတက္ကသိုလ်ကို ရအောင် သွားတက်ခဲ့၏။ ထို့ကြောင့်လည်း လွန်ခဲ့သည့် ၅ နှစ်လုံး အိမ်ကို တစ်ခါမှ ပြန်မလာခဲ့ခြင်း။ ကိုကိုငယ် ခေါင်းမာလျှင် ဘယ်သူမှ မနိုင်ပါ။

အချစ်လှေကလေး ရွက်လွှင့်စေ || Own CreationDonde viven las historias. Descúbrelo ahora