" အမိ အဆင်ပြေရဲ့လား"
အမည်းရောင်ကတီပါဖိနပ်ပေါ် ခြေဖမိုးဖြူဖြူလေးက မျက်နှာချင်းဆိုင်နှင့်လာရပ်ပြီး မေးခွန်းစကားဆိုလိုက်တဲ့အသံကြောင့် ဝေခေါင်းလေးမော့ကြည့်၏။ယဥ်ယဥ်ကျေးကျေးရှိလှတဲ့မိန်းကလေးပဲ။သူမမျက်ဝန်းတွေလည်း သူ့ကိုစိုးရိမ်နေတဲ့အကြည့်ကအထင်းသား။ခေါင်းငုံ့ကာမေးလာသည့် သူမပုံစံဟာ မြင်လိုက်တာနဲ့ နာကျင်မှုတစ်ဝက်သက်သာလာစေသလိုပင်။
"ဟုတ်ပြေပါတယ်"
"ချော်လဲသွားတာလား"
"မဟုတ်ဘူး ဒီကျောက်တုံးနင်းမိလို့ ခြေထောက်ခေါက်သွားတာ"
"ဟုတ်လား လာထကြည့်ပါအုံး ခင်ထူပေးမယ်"
သူမရဲ့လက်မောင်းတစ်ဖက်ကို မ ပြီး ခင်ကထူပေးနေသည်။
"အဆင်ပြေရဲ့လား အမိ"
"အင်း ပြေပါတယ်"
"လမ်းကောလျှောက်နိုင်ပါ့မလား အမိလျှောက်စမ်းကြည့်လေ"
ဝေခေါင်းညိတ်ပြပြီး စမ်းလျှောက်ကြည့်သောအခါ ခေါက်သွားတဲ့ဒဏ်က ပြင်းတာကြောင့်ဖြစ်မည် ဝေထပ်လဲကျတော့မလိုဖြစ်ကာ ခင်ကအမြန်ထိန်းလိုက်နိုင်ခဲ့သည်။ထို့နောက် ခင်က ဝေရဲ့ပုခုံးကိုသူမလက်ဖဝါးနုလေးနဲ့အသာလေးမပေးသည်။ကို့ယိုးကားယားနိုင်တာက ဝေဟာ ခင်ထက်အရပ်မြင့်နေတော့ ခင့်ရင်ခွင်ထဲမှာ ဝေရဲ့ပုခုံးသာရောက်နေ၏။
"အရမ်းနာနေတာလား အမိဘယ်သွားမှာလဲ အမိသွားချင်တဲ့နေရာ ရောက်တဲ့အထိ ခင်ကူတွဲပေးမယ်နော်"
"ကျေးဇူးတင်ပါတယ်"
"ဒါပေမယ့် ခင့်သူငယ်ချင်းတစ်ယောက်ပါလာသေးတယ် သူကအခုရေအိမ်တက်နေလို့ သူ့ကိုပြန်ခေါ်ရအုံးမယ်"
"ရပါတယ်"
တဖြည်းဖြည်းချင်းလမ်းလျှောက်ရင်း ကလေးက လူကြီးကိုတွဲပေးနေသလို ခင်ကတွဲပေးနေတော့ ဝေပြုံးနေမိသည်။ခင်ကတော့မမြင်ချေ။ရေအိမ်ရှေ့ရောက်တော့ စိုးကရပ်စောင့်နေသည်။သူ့ဆီလျှောက်လာနေတဲ့ ခင်တို့အနားကိုသွားကာ
"ခင်ဘယ်တွေသွားနေတာလဲ....
ဟင် ဝေဦးလှိုင် ဘာဖြစ်လာလဲ"စိုးဟာ သူမတွဲထားသည့် မိန်းကလေးနဲ့သိနေသည့်အတွက် ခင်အံ့သြသွားသည်။