"ဆက်.. ထဦး "
နားမှာတပ်ထားတဲ့ နားကြပ်ကြိုးကို အသာဖြုတ်ဖယ်ခံလိုက်ရတာမို့ ဆက်က အိပ်မပျော်ပဲ မှိတ်ထားသော မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ရသည်။
"ဘာလဲကွာ... ဦးငယ်ကလည်း... ကျောင်းပိတ်ရက်လေးအိပ်နေတဲ့ဟာကို... လာနှိုးနေတာပဲ.."
ဇိမ်ပျက်သွားတာမို့ နှုတ်ခမ်းဆူ မျက်မှောင်တွန့်လျက် သံရှည်ဆွဲညည်းတွားနေတာကို ဂုဏ်က ဂရုမစိုက်နိုင်သေး... မျက်နှာတစ်ခုလုံး ရွှင်လန်းနေအောင်ပြုံးကာ...
"မအိပ်နဲ့တော့ ဒီမှာနားထောင်ဦး ... ကိုကိုတို့ပြန်လာတော့မယ်တဲ့... သိလား..."
ဒီတော့မှ ဆက်က ကျန်တဲ့နားကြပ်တစ်ဖက်ကိုပါ ဆွဲဖြုတ်လိုက်ပြီး ကုတင်ပေါ်ထထိုင်လိုက်ရင်း...
" ဟုတ်လား... ဘယ်တော့ပြန်လာမတဲ့လဲ...ဖုန်းဆက်တာလား.. ဦးငယ်ကလာတော့မခေါ်ဘူး... မေမေနဲ့ပြောချင်သေးတာကို..."
" ခေါ်နေတာပဲ... သူ့ဘာသာနားကြပ်ကြီးတပ်ပြီး ခေါ်မကြားအော်မကြားဖြစ်နေပြီးတော့.."
" မေမေနေကောင်းတယ်တဲ့လားဟင်..."
" ကောင်းပါတယ် ကောင်းလို့ပြန်လာမှာပေါ့... မမနန္ဒာနဲ့တော့ မပြောလိုက်ရဘူး...နောက်အပတ်ထဲလောက်ပြန်လာဖြစ်မယ်တဲ့... ဘာတွေပြင်ဆင်ပေးထားရဦးမလဲမသိဘူး.."
ဂုဏ်စိတ်လှုပ်ရှားနေပုံကြောင့် ဆက်က ရယ်လိုက်မိကာ..
" ဘာကိုပြင်ဆင်ထားမှာလဲ... ဦးငယ်ရဲ့... ကိုယ့်အိမ်ကိုယ်ပြန်လာတဲ့ဟာ... ဧည့်သည်လည်းမဟုတ်ဘူး... ဟား...ဟား... ဦးငယ်ကရယ်ရတယ်..."
ခေါင်းအုံးဖြူဖြူဖွေးဖွေးကိုပွေ့ပြီး မျက်လုံးတွေမှိတ်အောင် တအားရယ်နေတဲ့ ဆက်ကို ဂုဏ်ကမသိမသာမျက်စောင်းရွယ်လိုက်မိသည်။
ခွေးကောင်လေး... လှောင်ဖို့ပဲ... ကိုယ့်အဖေနဲ့အမေပြန်လာမှာ ဘာလေးလုပ်ထားပေးရမလဲစဉ်းစားမယ်မရှိဘူး...
"ဪ.. ကိုယ့်အိမ်ကိုယ်ပြန်လာတာပေမယ့် အခန်းလေးဘာလေးရှင်းထားပေးရမယ်.... မွှေးမွှေးပျံ့ပျံ့ သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ပေးထားရမယ်... မမနန္ဒာက ဘာစားလို့ရလဲ ဘာတွေရှောင်ရမလဲ... ဒါတွေမေးမြန်းပြင်ဆင်ထားရမှာပေါ့...အပျော်ခရီးထွက်ပြီးပြန်လာတာမှမဟုတ်တာ.. လူမမာဟာကို..."