တစ်ခါတစ်လေကျရင် စိတ်ဓာတ်တွေ အောက်ဆုံးအထိကျတယ်။
ဘာအတွက်ရှင်သန်ပြီး ဘာအတွက် ကြိုးစားနေမိတာလဲ မသိတော့ဘူး။
သေမတတ်ပင်ပန်းနေတာတောင် အိပ်မပျော်နိုင်တဲ့ညတွေ များများလာတယ်။
အရင်ကဆို ငှက်ကလေးတွေ တကျီကျီအော်နေကြရင်တောင် စိတ်ကူးတွေယဉ်ပြီး ပျော်ပျော်နေတတ်တဲ့ ချာတိတ်မလေးဟာ အရယ်အပြုံးနည်းလာတယ်။
အရင်ကဆို ထစ်ခနဲရှိ မျက်ရည်ကျတတ်တဲ့ကိုယ်ဟာလည်း မငိုဖြစ်တော့တာ ကြာပြီ။
ကိုယ် သိပ်ချစ်ရတဲ့သူမှာ အခြားတစ်ယောက်ရှိနေမှန်း သိလိုက်ရတုန်းကလည်း ပြုံးမိရုံကလွဲပြီး ဘာမှ မခံစားခဲ့ရဘူး။
ငါးနှစ်နီးပါး ထားခဲ့ရတဲ့ ဆံပင်ရှည်တွေကိုလည်း ညှပ်ပစ်လိုက်တယ်။ ဆံပင်တွေဆီမှာ အမှတ်တရတွေ ရှိတယ်လို့ ကိုယ် ယုံတယ်လေ။
ပြီးခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကိုယ့်အဖိုးဆုံးတယ်။ အဲ့ဒီတုန်းက အဖွားတော့ ရှိနေပါသေးတယ်ဆိုတဲ့ စိတ်နဲ့ ဖြေသိမ့်ရတယ်။
ဒီလိုနဲ့ နေလာရင်းကနေ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ကိုယ့်အဖွား ထပ်ဆုံးတယ်။ ကိုယ့်မှာ ဖြေသိမ့်စရာ မရှိခဲ့ဘူး။ အဲ့ဒီအချိန်တုန်းက ကိုယ် ထင်ခဲ့တာက ကိုယ့်မှာတော့ ငိုစရာ မရှိတော့လောက်ဘူးပေါ့။
အမေ့ရဲ့ကျန်းမာရေးကိစ္စတွေ၊ ကိုယ့်အိမ်ရဲ့ စီးပွားရေးကိစ္စတွေ၊ သမီးအကြီးဆုံးဆိုတဲ့နောက်က တာဝန်ယူလိုက်ရမှုတွေဟာ ကိုယ့်ကို အကြိမ်ကြိမ် ငိုစေပြန်တာပါပဲ။
စာရေးနေရရင် ပျော်နေတတ်တဲ့ ကလေးမလေးကနေ တစ်ပတ် တစ်ပိုင်းတောင် ပုံမှန်မရေးဖြစ်တော့တဲ့အထိ စိတ်ဓာတ်တွေ ကျလာတယ်။
ဘေးနားမှာ ရှိနေပေးတဲ့ သူငယ်ချင်းတွေဟာလည်း အင်အားပါပဲ။
ကံ့ကော်တွေကို ပိုချစ်တတ်လာတယ်။ ၁၅၀၀အချစ်ထက် ၅၂၈မေတ္တာကို ပိုယုံကြည်လာတယ်။
အရင်က အချစ်ကို ယုံကြည်ခဲ့သလောက် အခုတော့ အချစ်ဟာ ဘဝရဲ့ချောင်ကျကျ နေရာတစ်ခုမှာပဲ ရှိတော့တယ်။
ခွေးလေးတစ်ကောင် ထပ်မွေးထားတယ်။ ရမ်ဘိုတဲ့။ သိပ်ဆိုးတာပဲကွယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ ဝယ်ထားတဲ့ ကိုယ့်ဖိနပ်အသစ်ကလေးကို ကိုက်ပစ်တယ်လေ။ သူ့ကို မဆူပါဘူး။
ညနေကတော့ ခြံနောက်ဖေးမှာ ဟောင်နေလို့ သွားကြည့်မိလိုက်တော့ မြွေဟောက်ကြီး ဖြစ်နေတယ်လေ။ ဒီကောင်က ဒီလောက်တော့ အားကိုးရသေးသားပဲနော်။
ကိုယ့်ဘဝမှာ ပျော်စရာလေးတွေ ရှိနေသေးလို့ တော်ပါသေးရဲ့။