အပိုင်း - ၁၀၄.၁
ရှဲ့တုန်းယန်ကလည်း ဝမ်းသာအားရဖြင့်
"ရှောင်ရိ၊ တကယ်ကို နင်ပဲဟ။ ငါ့မှာ ဖျတ်ခနဲ မြင်လိုက်တော့ နင်မှ ဟုတ်ပါ့မလားလို့ ရုတ်တရက်ဆိုတော့ မှတ်တောင် မမှတ်မိဘူး ဖြစ်သွားတယ်"
ဟု ပြောလိုက်သည်။
"အင်းပေါ့"
ယွမ်ရိက ခေါင်းလေး တညိတ်ညိတ်ဖြင့်
"အသက်တွေလည်း ကြီးလာပြီဆိုတော့ ငယ်ရုပ်ပျောက်နေကြပြီလေ"
ဟု ပြန်ပြောလိုက်သည်။
ပြီးနောက် ရှဲ့တုန်းယန်အား
"ဒါနဲ့ နင်က ဝတ်စုံအပြည့်နဲ့ သန့်လို့ ပြန့်လို့ပါလား။နင့်ကြည့်ရတာ လောပန်းဖြစ်လာပြီနဲ့တူတယ်"
ရှဲ့တုန်းယန်က နှုတ်ခမ်းလေးတွ့န်ရုံမျှ အသာပြုံးလိုက်ပြီးမှ
"စီးပွားရေးနဲ့ပတ်သက်ရင် နင့်ကိုတော့ ငါမမှီသေးပါဘူးဟာ။ ငါက ဒီမှာသာ မရှိပေမယ့် နင့်ရဲ့သတင်းတွေကိုတော့ အမြဲကြားနေရတယ်နော်။ ဟိုမှာဆိုရင်လည်း လူတိုင်းက နင့်ရဲ့အမှတ်တံဆိပ် ဝတ်စုံတွေကို တော်တော်လေး ကြိုက်ကြတယ်ဟ"
ဟု ပြန်ချီးကျူးလိုက်သည်။
ပြီးနောက် ယွမ်ရိနောက်က စားသောက်ဆိုင်ကို တစ်ချက်ကြည့်လိုက်ပြီး
"ညစာ လာစားတာလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်ဟ။ ဧည့်သည်တစ်ယောက်နဲ့ ချိန်းထားတာလေး ရှိလို့လေ"
ဟု ပြန်ဖြေလိုက်သည်။
"ဟုတ်လား"
ရှဲ့တုန်းယန်က
"အဲ့တာဆိုလည်း နောက်မှ အေးအေးဆေးဆေးစကားပြောကြတာပေါ့"
ဟု ပြောရင်း သူ့အိတ်ထဲမှ လိပ်စာကတ်လေးကို ထုတ်ကာ ယွမ်ရိအား ပေးလိုက်သည်။
"ဒါက ငါလက်ရှိနေတဲ့ နေရာလေ။ နင်အားတဲ့အချိန်ကျရင် လာလည်လှည့်ဦး"
ယွမ်ရိက ထိုလိပ်စာကတ်လေးကို ယူလိုက်သော်ငြား
"နင်သာ ငါ့အိမ်ကိုလာခဲ့။ ငါက အခု မြို့ထဲမှာ နေတာဟ။ အရင်တုန်းက ငါ့ဆီ ဝတ်စုံတွေ လာ လာအပ်တဲ့ အဖွားကျောင်းရဲ့အိမ်ကိုသိလား။ အဲ့အိမ်ကို ငါက ဝယ်လိုက်တာ။ အခု အဲ့အိမ်မှာ နေတာလေ"
ဟု ဖိတ်မန္တကပြုလိုက်သည်။
ရှဲ့တုန်းယန်လည်း ခဏမျှ ပြန်စဉ်းစားလိုက်ရပြီးမှ
"ဪ၊ သူ့သားနဲ့ နိုင်ငံခြားကို လိုက်သွားပြီဆိုတဲ့ အဖွားမလား။ ငါမှတ်မိပြီ"
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အဲ့ဒီအဖွားရဲ့ အိမ်ဘဲ"
ဟု ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ။ ငါ နင်တို့အိမ်ကို အလည်လာပါ့မယ်။ အဲ့ကျမှပဲ စကားကို အေးအေးဆေးဆေးပြောကြတာပေါ့"
ရှဲ့တုန်းယန်က ပြန်ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးလုံး စားသောက်ဆိုင်ထဲ ဝင်ခဲ့ကြသည်။ စားသောက်ဆိုင်ထဲကို ရောက်တော့ ရှဲ့တုန်းယန်က အပေါ်ထပ်က သီးသန့်ခန်းကို တန်းသွားခဲ့သည်။
ယွမ်ရိကတော့ စားပွဲဝိုင်းတွေကြားထဲမှာ ကျန်းစုယွမ်အား ရှာဖွေလိုက်၏။
ကျန်းစုယွမ်ဟာ ထောင့်စွန်းနည်းနည်းကျသည့် စားပွဲဝိုင်းမှာ ထိုင်နေခြင်းဖြစ်ပြီး ယွမ်ရိကိုမြင်တော့ လက်ပြလိုက်သည်။ ယွမ်ရိလည်း ထိုစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။
ကျန်းစုယွမ်က ယွမ်ရိဝင်ထိုင်လိုက်တာနဲ့
"ခုနက နင်နဲ့အတူတူ စားသောက်ဆိုင်ထဲ ဝင်လာတဲ့သူကိုကြည့်ရတာ သူဌေးနဲ့တူတယ်။ နင်နဲ့အသိတွေလား"
ဟု မေးလိုက်သည်။
"ဟုတ်တယ်။ အရင်တုန်းက ငါနဲ့ဈေးရောင်းဖော်၊ ရောင်းဖက်တွေလေ"
ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။
ကျန်းစုယွမ်က ယွမ်ရိအား ခပ်ငေးငေးလေး ကြည့်လိုက်ပြီး
"အချိန်တွေ ကုန်တာ မြန်လိုက်တာနော်။ နင်အလုပ်ကနေ ထွက်သွားတဲ့အချိန်ကို ငါအမှတ်ရနေတုန်းဘဲ။ အဲ့ဒီတုန်းကတော့ နင်အလုပ်ထွက်သွားတာမို့ နောင်တရမယ်။ မှားလိမ့်မယ်လို့ ငါက သတိပေးခဲ့တာ။ အခုတော့ နင်က မမှားခဲ့ဘူးဘဲ"
ဟု ပြောလိုက်၏။
ယွမ်ရိကလည်း ခေါင်းလေး အသာညိတ်ရင်းဖြင့်
"အင်းး ကြည့်ရတာ ငါမှန်ခဲ့ပုံ ရတယ်"
ဟု ပြန်ပြောလိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာဘဲ စားပွဲထိုးလေးတစ်ယောက် ရောက်လာပြီး မီနူးကဒ်လာပေးသည်။
ယွမ်ရိနဲ့ကျန်းစုယွမ်လည်း မီနူးကဒ်ကို သေချာကြည့်ကာ အစားအသောက်တချို့ မှာလိုက်သည်။
အစားအသောက်တွေ မှာယူပြီးသည့်နောက်မှာ ကျန်းစုယွမ်က
"ရှောင်ရိရာ။ နင် အရမ်း သတ္တိကောင်းတာဘဲ သိလား။ အစိုးရကနေ ဘယ်လိုမျိုး ဥပဒေအသစ်တွေ ထုတ်ပြန်ပါစေ။ နင်က အဲ့ဒီဥပဒေနဲ့ လိုက်လျောညီထွေဖြစ်အောင် နင့်ရဲ့စီးပွားရေးကို ချက်ချင်း ပြောင်းလဲပစ်တယ်ဟယ်။ အလုပ်ထဲမှာတုန်းက နင့်ကိုကြိုက်တဲ့ နှစ်ယောက်ကို မှတ်မိသေးလား။ နင် အလုပ်ထွက်သွားတော့ နင့်ကို မကြိုက်ကြတော့ဘူးလေ။ အခု နင့်သတင်းတွေ ကြားပြီး သူတို့တွေ နောင်တရနေကြပြီ"
ဟု ပြောပြလိုက်သည်။
ယွမ်ရိက ပြုံးကာ
"သူတို့ ငါ့ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါမှ သူတို့ကို မကြိုက်ဘဲ"
ဟု ပြန်ပြောလိုက်၏။
ကျန်းစုယွမ်က ပြုံးကာ
"အေးပါဟယ်။ ရထားတဲ့ယောက်ျားက အသေအလိုလိုက် ဖူးဖူးမှုတ်ထားတော့ ညည်းက ပြောအား ရှိတာပေါ့အေ"
ဟု စနောက်လိုက်သည်။
ယွမ်ရိလည်း ခပ်တည်တည်ဖြင့် ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ
"ဒါပေါ့။ ဒါပေါ့"
ဟု တုံ့ပြန်လိုက်ရင်း အရွှန်း ပြန်ဖောက်လိုက်၏။
မကြာခင်မှာဘဲ သူမတို့နှစ်ယောက် မှာယူထားသော ဟင်းပွဲများ လာချပေးတော့သည်။ ယွမ်ရိနဲ့ကျန်းစုယွမ်တို့လည်း တူကိုယ်စီကိုင်ကာ စားသောက်ကြတော့သည်။
စားသောက်နေရင်းဖြင့် ကျန်းစုယွမ်က သက်ပြင်းတစ်ခုအသာချကာ
"အခုနောက်ပိုင်း အလုပ်လုပ်ရတာ လူမနိုင်တော့သလိုဖြစ်လာတယ်ဟယ်။ လူအများစုကလည်း အလုပ်ကနေ ထွက်ဖို့ဘဲ စိုင်းပြင်းနေကြတယ်"
ဟု ညီးညူလိုက်သည်။
ယွမ်ရိက
"တကယ်တော့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တစ်ခု တည်တည်ကျကျမရှိဘဲ အစိုးရဝန်ထမ်းဘဝကနေ နှုတ်ထွက်တာက တကယ်အန္တရာယ်များတယ်။ ဘာမှ သေချာရေရာတဲ့ အာမခံချက်မရှိဘူးလေ။ အစိုးရဝန်ထမ်းဘဝမှာဆိုရင်တော့ အသက်အရွယ်ကြီးသွားရင်လည်း ပင်စင်ရနိုင်သေးတာကိုးးးး"
"အဲ့တာတော့ အဲ့တာပေမယ့် ရတဲ့လစာနဲ့က မကိုက်တော့ဘူး ငါ့ညီမရဲ့။ တစ်လ၊ တစ်လရတဲ့ လစာက မလုံလောက်ကြတော့ဘူးလေ။ ဒါ့ကြောင့်လည်း အစိုးရဝန်ထမ်းဘဝကနေ ရုန်းထွက်ပြီး အခြားအဆင်ပြေမယ့် အလုပ်တွေကို လိုက်ရှာကြရတော့တာပေါ့"
ကျန်းစုယွမ်၏စကားတွေကို နားထောင်ပြီးသည့်နောက်မှာ ယွမ်ရိလည်း သက်ပြင်းတစ်ခုကို အသာချလိုက်တော့သည်။ ခေတ်စနစ်တွေဟာ အမှန်တကယ်ပင် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
ဆက်လက်ပြီး ကျန်းစုယွမ်က
"တကယ်တော့ ငါလည်း ဌာနကနေ အလုပ်ထွက်ချင်နေပြီ။ ဒါပေမယ့် ငါမှာ သတ္တိမရှိတော့ မစွန့်စားရဲဘူးဖြစ်နေတယ်"
ထိုအခြင်းအရာတွေနဲ့ပတ်သက်ပြီး ယွမ်ရိနဲ့ကျန်းစုယွမ်တို့ဟာ အချိန်တစ်ခုမျှ ဆွေးနွေးပြောဆိုခဲ့ကြသည်။
ထို့နောက် ယွမ်ရိက ကျန်းစုယွမ်ကို ကြည့်ကာ
"အမ၊ ညီမ တစ်ခုလောက်မေးချင်လို့။ ကားဝယ်ချင်လို့ရှိရင်လေ ဘယ်ကနေ ဘယ်လိုဝယ်ယူရမလဲ။အမရဲ့ အဆက်အသွယ်တချို့ ရှိရင် ညွှန်းပေးပါဦး"
ဟု တောင်းဆိုလိုက်သည်။
ကျန်းစုယွမ်က ခေါင်းလေးညိတ်ကာဖြင့်
"ဒါဆိုရင်တော့ အမကိုမေးတာ ငါ့ညီမအနေနဲ့ လူရွေးမှန်တယ်လို့ ပြောရမှာဘဲ။ အမလေ ကားတွေကို ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ရောင်းပေးနေတဲ့ လူတစ်ယောက်ကို သိထားတယ်"
"ဟုတ်လား"
ယွမ်ရိလည်း ဝမ်းသာအားရဖြစ်သွားသော လေသံဖြင့်
"အဲ့တာဆို အမကို ဒုက္ခပေးရတော့မှာဘဲရှင်။ ညီမကို အဲ့လူနဲ့ ညွှန်းပေးပါဦး"
"သူနာမည်က ရှဲ့တုန်းယန်တဲ့"
ကျန်းစုယွမ်က ကားရောင်းပေးနေသော လူရဲ့နာမည်ကို ပြောလိုက်သည်။
ထိုနာမည်ကိုကြားတော့ ယွမ်ရိ အံ့အားသင့်ရပြန်တော့သည်။
'တိုက်ဆိုင်လိုက်တာ'
ယွမ်ရိနဲ့ ရှဲ့တုန်းယန်တို့ စားသောက်ဆိုင်ထဲ ဝင်လာချိန်မှာတုန်းက ကျန်းစုယွမ်နဲ့ ခပ်ဝေးဝေးမှာ ဖြစ်နေတာမို့ ရှဲ့တုန်းယန်၏မျက်နှာအား ကျန်းစုယွမ်အနေနဲ့ ပီပီပြင်ပြင် မမြင်လိုက်ရချေ။ ဒါ့ကြောင့် ရှဲ့တုန်းယန်ကို မမှတ်မိဖြစ်သွားခြင်းပင်။