တာဝတိံသာနတ်တို့၏စံရာဖြစ်သော တောင်တကာတို့ထက်မြတ်သော အသရေဂုဏ်နှင့်ပြည့်စုံသော လေးပါးသောအဆင်းအရောင်
တပြောင်ပြောင်တဝင်းဝင်းထွန်းလျက်
ငါးဆင့်သော အာလိန်တည်ရာဖြစ်သော
ယုဂန္ဓရ အစရှိသော သေလာကျောက်တောင်
ပတ်မြောင်ကာဆီး စည်းခုနစ်တန်ခြားသော
စိမ့်စိမ့်အေးအေး သွေးရိုးကြောခြင်ဆီသိမ့်စေတတ်သည့် သီတတေဇော သဘောလွန်ကဲ
သည့် သီတာခုနစ်သွယ် ရစ်ဝန်းခစား
စီးခွေလှည့်ရာဖြစ်သော မဟာပဗ္ဗတ
နာမသညာ သေလာအထု မေရုတည်းဟူသော မြင်းမိုရ်တောင်၏ လက်ယာဖြောင့်တန်း ညွန့်လန်းသပြေ စိမ်းရင့်ဝေဆာ
မြေထွတ်ချာကား ဇမ္ဗူသပြေပင်မြတ်ကို
အစွဲထား၍ ခေါ်မှတ်တံဆိပ် ဇမ္ဗူဒိပ်ဟု
တွင်သတည်း။ဇမ္ဗူဒိပ်ကျွန်းကား လေးဆူဒီပါ ကျွန်းတကာတို့ထက်မြတ်သော နေရာဖြစ်ရကား
မင်္ဂလာမဏ္ဍိုင် အောင်မြေအစစ် ရွှေမျက်နှစ်ကဲ့သို့ဖြစ်၏။
ဇမ္ဗူဒိပ်ကျွန်း၏ အမှတ်သညာ စိမ်းညိုမှိုင်းလွင် သပြေပင်ကို ဗဟိုထား၍
*မဟာသူရဇ္ဇ ၊ မဟာစန္ဒြ ၊ မဟာဘောမ ၊ မဟာဗုဒ္ဓ ၊ မဟာဂုရု ၊ မဟာသောကြ ၊
မဟာသောရီ ၊ မဟာဆာယာပြည်ဟူသည့်
ပြည် ၈တိုင်းတို့သည် အသီးအသီး ထီးဖြူစိုးစံပတ်ဝန်းရံလျက် ရှိကြလေကုန်၏။[A/N သူရဇ္ဇ=တနင်္ဂနွေ ၊ စန္ဒြ =တနင်္လာ ၊
ဘောမ=အင်္ဂါ ၊ ဗုဒ္ဓ=ဗုဒ္ဓဟူး ၊
ဂုရု=ကြာသပတေး ၊ သောကြ=သောကြာ ၊
သောရီ=စနေ ၊ ဆာယာ =အရိပ်]မဟာသူရဇ္ဇပြည်ကား အရှေ့ယူဇနာတစ်ထောင်
အနောက်ယူဇနာခုနစ်ရာ ၊ တောင်နှင့်မြောက်ယူဇနာ
ငါးရာအကျယ်အပြောရှိ၍ ဇမ္ဗူဒိပ်ကျွန်းဦး
သပြေပင်မှ ယူဇနာ တစ်ရာ ကွာဝေးသောအရပ်တွင်ရှိ၏ ။
ပြည်တိုင်းတို့၏ အင်္ဂါရပ်နှင့်အညီ မယွင်းမချွတ်
အပြစ်လွတ်သဖြင့်လည်း တာဝတိံသာနတ်တို့ပျော်စံရာ
ဌာနသဖွယ်လည်းဖြစ်၏။ တိုင်းကား စည်ပင်ဝပြော၏။
ဘေးဘျမ်းမရှိ ငြိမ်းချမ်း၏ ။ ခပ်သိမ်းသောပြည်သူတို့သည်လည်း ကြောင့်ကြမဲ့ ရွှင်လန်းကြည်သာစွာ
နေထိုင်နိုင်ကြ၏။
ပြည်ကိုစိုးစံသော ရေမြေ့သခင် ဘဝရှင်မင်းတရားသည်ကား အာဒိစ္စဝံသ
နေနွယ်နန်းမျိုးတန်ခိုးအာဏာကြီးစွာသည့် အာဒိစ္စရာဇာမင်းမြတ်ဖြစ်သည်။
*စဉ့်ကွင်းနွယ်ရိုး တန်ခိုးထက်တော်မူခဲ့သည့်အတိုင်းအနွယ်မပြတ် ရှေးမင်းများလက်ထက်ကဲ့သို့ပြည်တိုင်းကို မင်းကျင့်ဆယ်ပါး ၊ အပရိဟာနိယခုနစ်ပါးနှင့်အညီ စိုးစံအုပ်ချုပ်တော်မူသည့်အတွက်
ဘုန်းမီးစက်ရှိန် တထိန်ထိန် တဝင်းဝင်းလင်းတော်မူ၏။
[စဉ့်ကွင်း=အမျိုးအဆက်အနွယ်]
YOU ARE READING
နေလ ဒဏ္ဍာရီ
FantasyGenre -fantasy,supernatural,historical,bromance,paranormal. Tag - magic,paranormal,deva and ashura, mystery, war, astrology,classical music,etc. ဤဝတ္ထုသည်ရေးသားဖန်တီးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ ယုတ္တိမတန်သော အဖြစ်အပျက်များပါဝင်နိုင်သည်။ Read your...