Part 28

225 22 6
                                    



မနက်ခင်း ဝတ်ပြုပြီးနောက် ချန်ကီသည် မီးဖိုချောင်ကို ဝင်ကာ ကလေးများအတွက် ချက်ပြုတ်လေသည်။ ယနေ့တွင် သူမသည် အပင်အသစ်များစိုက်ပျိုးရန် အချိန်ရောက်ပြီးဖြစ်တာကြောင့် စိုက်ခင်းထဲသို့ လိုက်သွားရန် လိုလေသည်။ ထို့ကြောင့် အမြန်ချက်ပြုတ်နေစဉ် နောက်ကျောကနေ တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရတာကြောင့် လှည့်ကြည့်လိုက်မိသည်။

မိုလန်သည် မီးဖိုချောင်နှင့် မျက်နှာချင်းဆိုင် အခန်း၏ တံခါးတွင် ဒူးထောင်လျက် ဒူးကို လက်ဖြင့် ပိုက်ကာ ကြည့်နေသည်ကို တွေ့လိုက်သည်။ ချန်ကီနှင့် အကြည့်ချင်းဆုံသွားသောအခါတွင် သူမက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြန်သည်။  ပြီးလျှင် ဆက်ပြီး စိုက်ကြည့်နေပြန်သည်။

ထို့ကြောင့် ချန်ကီက ချက်ပြုတ်ပြီးသည့်အထဲက ဟင်းလျာတစ်ခုကို ယူသွားပေးသောအခါတွင် "ကျေးဇူးတင်ပါတယ်"ဟု ဆိုကာ လှမ်းယူသော်လည်း မစားပေ။ ခဏအကြာတွင် ထပ်မံငေးကြည့်နေလိုက် လုပ်နေပြန်တာကြောင့် ချန်ကီက အာရုံမစိုက်တော့ဘဲ မီးဖိုချောင်အလုပ်ကိုသာ ဆက်လုပ်နေလေသည်။  ကလေး ၈ယောက်နှင့် လူကြီး ၃ယောက်အတွက် တစ်ကိုယ်တည်း ချက်ပြုတ်ရခြင်းသည် အမှန်တကယ်အားဖြင့် မလွယ်ကူပါချေ။

ချန်ကီ အလုပ်ရှုပ်နေစဉ်တွင် မိုလန်က အနားသို့ရောက်လာပြန်သည်။ သပ်သပ်ရပ်ရပ်စားသောက်ပြီးသော ပန်းကန်လုံးကို ပြန်လာပေးခြင်း ဖြစ်သည်။

" ရှင် အိမ်ထဲမှာ နေရတာပျင်းတယ်ဆိုရင် အာကုမားကို ခေါ်ပြီး ရွာထဲကို လှည့်ပတ်ကြည့်နေလို့ရတယ်။ ရွာအပြင်ဖက်က စိုက်ခင်းတွေကိုလည်း သွားကြည့်လို့ရပေမဲ့ တောထဲကိုတော့ မသွားတာ ပိုကောင်းတယ်။ လမ်းပျောက်နေမှာစိုးလို့ပါ "

ချန်ကီက မီးဖိုချောင်တံခါးနားက အရိပ်သေးသေးလေးကို မြင်လိုက်တာကြောင့် ပြောလိုက်သည်။ စင်စစ်အားဖြင့် အာကုမားသည် ဖွားအေနှင့် ကြီးလာတာကြောင့် အတော်လေးကို လူကြောက်တတ်သည်။ ချန်ကီနှင့်တောင် ရင်းနှီးဖို့ အတော်လေး အချိန်ယူလိုက်ရသော်လည်း မိုလန်ကိုတော့ အတော်လေးကို နှစ်သက်ပုံရလေသည်။ သူ့နာမည်ကို ထုတ်ပြောလိုက်တာကြောင့် အာကုမားက မျက်လုံးတောက်တောက်လေးများဖြင့် တံခါးနောက်ကနေ ခေါင်းလုံးလုံးလေး ပေါ်ထွက်လာသည်။ 

Happy Marriage : Days After 24 Years OldWhere stories live. Discover now