မှာထားတဲ့အစားသောက်လာချပြီးနောက် ခင်ကကြာဇံချက်ပန်းကန်လုံးကိုယူကာ ငရုတ်သီးမှုန့်တွေ ထည့်နေသည်။ခင်အဲဒီလောက်ထည့်နေတာ မစပ်ဘူးလားလို့ ခင့်လှုပ်ရှားပုံကို အသေးစိတ်လိုက်ကြည့်နေသည့် ဝေတစ်ယောက်စိတ်ထဲကပြောနေမိ၏။ကြာဇံချက်ကို အရသာရှိရှိ ရှူးရှဲ ရှူးရှဲစားနေသည့် ခင်ကိုကြည့်ကာ ဝေပြုံးမိသွားပြန်သည်။ထို့နောက် ခင့်ကိုကြည့်ပြီး ဝေသံပုရာရည်တစ်ခွက်ထပ်မှာထားတာကြောင့် စားပွဲထိုးလေးက လာချပေးတဲ့အချိန် ဝေသံပုရာရည်ခွက်ကို ခင့်ရှေ့တွန်းလိုက်သည်။
"ခင်ရယ် ဒီလောက်ငရုတ်သီးမှုန့်တွေထည့်မှတော့ စပ်ပြီပေါ့ ဒီသံပုရာရည်သောက်လိုက်အုံး"
"အင်း ကျေးဇူးပဲဝေ"
သံပုရာရည်ကိုတစ်ငုံသောက်ပြီး သစ်ရှူးတစ်ရွက်ကို ဆွဲယူကာ ခင်တစ်ယောက်နှာရည်ကို ထပ်သုတ်နေတော့ နှာခေါင်းတွေပါနီးမြန်းလာ၏။ဒီပုံစံကလည်း ခင်ဟာချစ်စရာကောင်းတုန်းပင်။စားပြီးသောက်ပြီးသွားပေမယ့် ရုပ်ရှင်ပြဖို့အချိန်လိုနေသေးတာကြောင့် ထိုဆိုင်ထဲမှာပဲ သူမတို့ဆက်ထိုင်ရင်း စကားပြောနေကြသည်။
"ဘာလိုလိုနဲ့ စာမေးပွဲဖြေရတော့မယ်နော်ခင်"
"ဟုတ်တယ် ဝေတော့စာတွေကြေနေလောက်ရောပေါ့ စိုးကတော့ ခုမှဘုရားကို ကယ်ပါလုပ်နေလေတယ်"
ခင်ပြောပြီး ရယ်ချနေသည်။ရယ်ရင်လည်းလှတယ်။ခုနက ငရုတ်သီးစပ်နေတဲ့ပုံကလည်း လှတယ်။ဘယ်လိုနေနေ လှနေတာပဲလားခင်ရယ်။
"ကျောင်းပိတ်ရင် ခင်အိမ်ပြန်မှာပေါ့"
"ဟုတ်တယ် အမေနဲ့ အဘကိုလွမ်းနေပြီ သူတို့ကလည်း ခင့်ကိုအရမ်းလွမ်းနေပြီတဲ့ ဟိုနေ့ကစာထဲရေးလာတယ်"
ခင်ပြောရင်း မျက်နှာပေါ်မှာစိတ်မကောင်းတဲ့အရိပ်အယောင်ထင်လာတာကြောင့် ဝေစကားလမ်းကြောင်း လွှဲရသည်။
"ခင့်ဆီစာရေးရင် ဘယ်လိပ်စာနဲ့ရေးရမလဲ"
"ဝေက ခင့်ဆီစာရေးမလို့လား"
"အင်းလေ ခင်ကမရေးစေချင်ဘူးလား သုံးလကြီးများတောင်ခွဲရမှာ"