အပိုင်း (၂၂)
ချောင်းကျဲရဲ့အသံကာ အနည်းငယ် တုန်ယင်နေကာ ရွယ်ကျစ်ကလည်း ခေါင်းရှုပ်စွာဖြင့် သူ့ကို လှည့်ကြည့်လာခဲ့ပြီး သူလည်းပဲ ရုတ်ခြည်း ထိတ်လန့်သွားတော့သည်။
"အကို ပန်ဒါတွေကို ခိုးတာက ဥပဒေနဲ့မညီဘူးနော်!"
ရွယ်ယွိ : "...."
သူက မျက်စောင်းထိုးလိုက်ပြီး သူ့လက်ထဲမှ ပန်ဒါမလေးကို လှုပ်လိုက်သည်။
ကလေးမလေးရဲ့နူးနူးညံ့ညံ့အသံက ပျံ့လွင့်လာပြီး
"အားယန်က ပန်ဒါမဟုတ်ဘူး!"
ရွယ်ကျစ်နှင့် ချောင်းကျဲတို့၏အသံများမှာ ရုတ်ခြည်း နင်သွားတော့သည်။ သူတို့က အနီးကပ် သေချာဂရုတစိုက်ကြည့်လိုက်ပြီး 'ပန်ဒါလေး' က သူတို့ရဲ့ ညီမလေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရွယ်ကျစ်မှာ မနေနိုင်အောင် ရွယ်ယန်၏ခေါင်းထိပ်မှ နားရွက်လေးအား ဆွဲညှစ်ကြည့်လိုက်သည်။
"အားယန် ဘာလို့ဒီလိုပုံစံက အရမ်းချစ်ဖို့ကောင်းနေရတာလဲကွာ"
ရွယ်ယန်က မျက်လုံးများကို ပွတ်လိုက်ပြီး
"ဒါပေါ့လို့ အားယန်က ဘယ်လိုနေနေချစ်ဖို့ကောင်းပြီးသား!"
ချောင်းကျဲက ရွယ်ကျစ်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး ကလေးမလေးအား ချော့မော့ပြောလိုက်သည်။
"ဟုတ်တာပေါ့ ကိုကိုတို့ရဲ့ အားယန်လေးကမှ ဘယ်လိုနေနေ ချစ်ဖို့အကောင်းဆုံး"
ရွယ်ယွိက သူတို့နှစ်ယောက်ကို တွန်းဖယ်ပြီး
"သွားစမ်းပါ မင်းတို့ ကိုယ့်အိမ်စာကိုယ်သွားလုပ်ကြ ငါတို့ကို လာပိတ်ရပ်မနေနဲ့"
ရွယ်ကျစ်တစ်ယောက် မျက်နှာမည်းကြီးဖြင့် ပြောစရာစကားမဲ့သွား၏။ ထို့နောက် ရွယ်ယွိပြောသံကို သူ ထပ်ကြားလိုက်ရသည်။
"အားယန် မကြောက်နဲ့တော့နော်၊ ကိုကိုတို့တွေ သကြားလုံးစားကြမလား?"
ချောင်းကျဲက မျက်မှောင်ကြုတ်ကာ
"အားယန်က ဘာဖြစ်လို့လဲ?"
ရွယ်ယွိ : "အိပ်မက်ဆိုးမက်ပြီး ကြောက်နေလို့"
ရွယ်ကျစ်က ရွယ်ယွိနောက်သို့လိုက်ပြီး တစ်ခါတစ်ရံ ရွယ်ယန်၏နားရွက်လေးများကို ထိကိုင်ရင်း ရံဖန်ရံခါ သူ(မ)ရဲ့ခြေဖဝါးလက်ဖဝါးလေးများကို ညှစ်ရင်းဖြင့် ရွယ်ယွိစကားကို ကြားရချိန်တွင် သူလည်း စိတ်ပူသွားပြီး
"အားယန်က ဘာမက်လို့လဲ?"
ကလေးမလေးက နှုတ်ခမ်းဆူပြီး နှာခေါင်းရှုပ်ကာ
"မေ့သွား...."
ရွယ်ယွိက ရွယ်ကျစ်ရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။
"မေ့သွားတယ်ဆိုလည်း မေ့ထားလိုက်တော့၊ အားယန် မကြောက်နဲ့တော့နော်"
သူက ကလေးမလေးကို ချီကာ စားပွဲခုံပေါ်တွင် ထိုင်စေပြီး သူ(မ)အား နောက်ထပ်ချောကလက်တစ်ပိုင်းကို ခွံ့ကျွေးလိုက်သည်။
ပါးစပ်ထဲ ချောကလက်ရောက်သွားသည်နှင့် ရွယ်ယန်မှာ တစ်ဖန် အိပ်ငိုက်လာပြန်၏။
သို့သော် သိပ်မကြာလိုက်ခင် လျို့မန်က စာကြည့်ခန်းတံခါးကို လာခေါက်၏။ သူ(မ)က တံခါးဝတွင် ရပ်ပြီး
"ကလေးတို့ ညစာ အဆင်သင့်ဖြစ်ပြီ၊ ရှောင်ယွိ အားယန်က အဲ့ဒီမှာလား?"
ရွယ်ယွိက တစ်ဖန်ထပ်အိပ်ပျော်တော့မည့် ကလေးကို ချီပြီး လျှောက်ထွက်လာလိုက်သည်။
"အားမန်ကျဲ အားယန်က ကျွန်တော်နဲ့ရှိနေပါတယ်၊ ကလေးက အိပ်မက်ဆိုးတွေမက်ပြီး ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ထွက်အိပ်နေတာ"
လျို့မန်မှာ အနည်းငယ် လိပ်ပြာမသန့်ဖြစ်သွားရပြီး ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်ကာ
"အဲ့ဒါ အားမန်အပြစ်တွေပဲ ကလေးကို သေချာမကြည့်ထားမိဘူး"
သူ(မ)က ပန်ဒါမလေးကို လှမ်းချီပြီး ရွယ်ယန်၏မျက်နှာကို ညင်သာစွာ ညှစ်လိုက်သည်။
"အားယန် လိမ္မာတယ် မကြောက်နဲ့တော့နော်"
အိပ်ချင်မူးတူးဖြင့် အားယန်က သူ(မ)ရင်ခွင်ထဲတွင် ပွတ်သပ်ပြီး
"အားမန်၊ အားယန်က မကြောက်ပါဘူး"
ရွယ်ကျစ်နှင့် ချောင်းကျဲကလည်း အပြင်ထွက်လာကြပြီး ထမင်းစားခန်းဆီသို့ အောက်ထပ်ဆင်းလိုက်ကြသည်။
လျို့ဟွားက စားပွဲပေါ်တွင် ထိုင်နေပြီး အားမန်တစ်ယောက် ကလေးကို ချီဆင်းလာသည်ကို မြင်လျှင် သူ(မ)က အပြုံးဖြင့် မျက်ခုံးများမြှင့်ပြီး
"ဒီဝတ်စုံလေးက အားယန်နဲ့ အရမ်းလိုက်တယ်၊ အမေ့ရဲ့ပေါင်ပေ့လေးက အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ"
ရွယ်ယန်မှာ မပျော်မရွှင် ဖြစ်လာရသည်။ သူ(မ) ပန်ဒါဝတ်စုံ ဝတ်ထားခြင်းကြောင့်သာ ချစ်ဖို့ကောင်းနေသည်ဟု လူတိုင်းက ထင်နေကြသည်။
သူ(မ)က စိတ်မကျေနပ်မှုကိုပြရန် နှာမှုတ်လိုက်ပြီး သူ(မ)အမေကိုမကြည့်ဘဲ ခေါင်းတစ်ဖက်သို့ လှည့်လိုက်သည်။
လျို့ဟွားက အားမန်ထံမှ ကလေးကို ခေါ်လိုက်ပြီး ရွယ်ယန်၏နှာခေါင်းအား ညင်ညင်သာသာဖြင့် ဆွဲညှစ်ကာ
"ဒါ ဘာသဘောလဲဟမ်? ဘာလုပ်နေတာလဲ အသေးလေး?"
ရွယ်ယန်က သူ(မ)လည်ပင်းကို ပြန်ဖက်ပြီး ကြေကွဲစွာဖြင့်
"မေမေ အားယန်က ပန်ဒါလေးထက် ချစ်ဖို့ကောင်းတယ်"
လျို့ဟွားမှာ ကြောင်အမ်းသွားပြီး အနှီကလေးမလေး ဘာကြောင့် မပျော်မရွှင်ဖြစ်သွားရပြန်သည်ကို အကြမ်းဖျင်း သဘောပေါက်လိုက်သည်။ သူ(မ)က ရယ်ချင်စိတ်ကို အောင့်အီးပြီး ကလေးအား တမင်တကာ စိတ်ဆိုးအောင် လုပ်တော့သည်။
"ဘယ်သူပြောလဲ? ပန်ဒါလေးတွေကမှ ချစ်ဖို့အကောင်းဆုံးလေ"
ရွယ်ယန်မှာ သူ(မ)အမေက ထိုသို့ပြောလိုက်လိမ့်မည်ဟု မမျှော်လင့်မိပေ။ ကလေးမလေးက ပို၍ပင် ဝမ်းနည်းကြေကွဲလာပြီး နှုတ်ခမ်းကို ဆူထားတော့သည်။
လျို့ဟွား တုံ့ပြန်ချိန်ပင် မရလိုက်ခင် ကလေးမလေး၏ ရုတ်တရက် ကျယ်လောင်စွာ အော်ငိုလာသံကို ကြားလိုက်ရသည်။
"ဝူးးးးးးး! ဝူးးးးးး... အားယန်က ချစ်ဖို့အကောင်းဆုံးပါဆို ဝူးးး.."
အမေတစ်ယောက်အနေဖြင့် လျို့ဟွားမှာ အစက ကြောင်အမ်းသွားသော်လည်း နောက်တွင် ကျယ်လောင်စွာ ရယ်ပြီး အားမန်အား အနှီမြင်ကွင်းကို ရိုက်ကူးထားရန်နှင့် ကလေးမလေး ကြီးလာသည့်အခါ သူ(မ)ကို ပြန်ပြရန် ပြောလိုက်သည်။
လျို့မန်နှင့် ချောင်းကျဲမှာ ဤအခြင်းအရာအား ကျင့်သားရနေကြပြီဖြစ်သည်။ လျို့ဟွားက ရွယ်ယန်ကို အသည်းတုန်အောင် ချစ်သော်လည်း တစ်ခါတစ်ရံ သူ(မ)က ကလေးအား စနောက်ရသည်ကိုလည်း သဘောကျပြန်၏။
ရွယ်ယွိနှင့် ရွယ်ကျစ်မှာ ထိတ်လန့်သွားကြသည်။ ရွယ်ယွိက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး သူ့ညီမလေးကို ကယ်ရန် အရှေ့သို့တိုးသွားလိုက်သည်။
"အမေ အားယန်က ခုလေးတင်မှ အိပ်မက်ဆိုးတွေမက်ထားတာ..." ဒါကြောင့်မလို့ ကျေးဇူးပြုပြီး ကလေးကို စိတ်ညစ်အောင် မလုပ်ပါနဲ့တော့...
သူ နောက်တစ်ဝက်ကို မပြောလိုက်သော်လည်း လျို့ဟွားက သဘောပေါက်ပြီး မျက်မှောင်ကြုတ်ကာ ရုတ်ခြည်း စိတ်ပူသွားတော့သည်။
"အားယန် မငိုနဲ့တော့နော် အမေမှားတာ ဟုတ်ပြီလား?"
ရွယ်ယန်က ငိုရှိုက်နေသော်လည်း ခေါင်းမာစွာဖြင့်
"အားယန်....အားယန်က ချစ်ဖို့အကောင်းဆုံး!"
လျို့ဟွားမှာ ထပ်ရယ်ချင်လုနီးပါး ဖြစ်သွားသော်လည်း ထိန်းချုပ်ပြီး
"ဟုတ်တယ် ဟုတ်တယ် အားယန်က ဘယ်လိုနေနေကို ချစ်ဖို့အကောင်းဆုံး"
ကလေးမလေးရဲ့ လုံးလုံးကျေနပ်နေပုံမပေါ်သည်ကို မြင်လျှင် သူ(မ)က ထပ်ဖြည့်ပြောလိုက်၏။
"ပန်ဒါလေးတွေထက်တောင် ချစ်ဖို့ကောင်းတယ်"
ရွယ်ယန်က ကျေနပ်ရုံမျှလေးသာ ဖြစ်ပြီး သူ(မ)က မျက်လုံးများကို ပွတ်လိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်လာ၏။
"ဒီလိုမှပေါ့"
လျို့ဟွား ကလေးမလေးကို ကြည့်ပြီး ထပ်စမနေတော့ချေ။ လူတိုင်း ထမင်းစားရန် ဟန်ပြင်လိုက်စဉ် လူခေါ်ခေါင်းလောင်းက ရုတ်တရက် မြည်လာ၏။
လျို့မန်က ပြေးသွားပြီး တံခါးကို သွားဖွင့်လိုက်သည်။ အပြင်ဘက်တွင် စိုးရိမ်ကြီးစွာ ရပ်နေကြသည့် ရွယ်ကျင်းဟုန်နှင့် ယဲအန့်နင်အား သူ(မ) တွေ့လိုက်ရသည်။
တံခါးပွင့်လာသည်ကို မြင်သည်နှင့် ရွယ်ကျင်းဟုန်က အထဲသို့ ဝင်လာပြီး
"အားယန် ဘာလို့ငိုနေတာလဲ"
ယဲအန့်နင်မှာ ယဉ်ကျေးမနေတော့ဘဲ သူ့အနောက်မှလိုက်၍ အိမ်ထဲသို့ ပြေးဝင်လိုက်၏။
နှစ်ယောက်သား အခန်းထဲသို့ ဝင်လာသည်နှင့် မျက်လုံးများနီရဲနေသည့် ကလေးအား တွေ့လိုက်ရလေသည်။ ယဲအန့်နင်မှာ လွန်စွာ သောကများလာရသည်။
"အန်တီ အားယန် ဘာဖြစ်လို့လဲ?"
လျို့ဟွားက ရွယ်ကျင်းဟုန်ကို ကြည့်လိုက်ပြီး ယဲအန့်နင်အား စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။
"အားယန်က သူက ကမ္ဘာပေါ်မှာချစ်ဖို့အကောင်းဆုံးလို့ ထင်နေတာလေ၊ အဒေါ်က နည်းနည်းစလိုက်တာမလို့ ငိုသွားတာ"
ယဲအန့်နင် : "အို့..."
ရွယ်ကျင်းဟုန် : "သိပြီ..."
ရွယ်ယန်မှာ သူ(မ)အမေ ထိုသို့ပြောလိုက်သည်အား ကြားပြီး အနည်းငယ် ရှက်သွားရသည်။ သူ(မ)မျက်နှာလေးက အနည်းငယ် နီသွားသော်လည်း သူ(မ)က ခေါင်းမာစွာဖြင့်
"အားယန်က ချစ်ဖို့အကောင်းဆုံး ဒီပန်ဒါလေးတွေထက်တောင် ချစ်ဖို့ကောင်းတယ်"
ထိုအခါမှပင် နှစ်ယောက်သားက ကလေးမလေးဝတ်ထားသည့် ဝတ်စုံကို သတိထားမိကြသည်။ ယဲအန့်နင်၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွား၏။ သူ(မ)က အသေးလေးရဲ့လက်ဖဝါးလေးကို ဆွဲညှစ်လိုက်ပြီး
"အားယန်က အရမ်းချစ်ဖို့ကောင်းတာပဲ!"
ရွယ်ယန်က ပို၍ပင် ဝံ့ကြွားသွားပြီး
"ဟန့် ဒါပေါ့လို့!"
ရွယ်ကျင်းဟုန်မှာ ကလေးဆီသို့ ဤသို့သော ဝတ်စုံမျိုးများအား နောက်နှစ်ရက်တွင် ပို့ပေးရန် စဉ်းစားထားပြီးပြီဖြစ်သည်။
စုတ်ဖွားဖွားအကောင်ပေါက်လေးက အရမ်းတွေ ချစ်ဖို့ကောင်းနေရော!
လျို့ဟွား သူ့ကို စွေကြည့်ပြီး
"ကြည့်လို့ပြီးပြီလား? အခုထွက်သွားလို့ရပြီမလား?"
ရွယ်ကျင်းဟုန်က သူတို့သမီးအား သူ(မ) ရိုက်လိုက်ခြင်းဖြစ်မည်ကို ကြောက်နေမှန်း သူ(မ) သိပေသည်။
ရွယ်ကျင်းဟုန်က အလျင်အမြန် ခေါင်းညိတ်လာပြီး
"ဒါဆို ငါ ပြန်တော့မယ် အန့်နင်..."
သူ ယဲအန့်နင်အား အိမ်ပြန်ခေါ်သွားရန် ဟန်ပြင်လိုက်စဉ် သူ(မ)က ရွယ်ယန်ကို မျက်လုံးတောက်တောက်များဖြင့် ကြည့်နေသည်အား တွေ့လိုက်ရသည်။ ယဲအန့်နင်က လျို့ဟွားအား
"အန်တီ သမီး ဒီနေ့ ဒီမှာပဲ ညစာစားလို့ရမလား?"
လျို့ဟွား ပြုံးရင်း
"ရတာပေါ့လို့"
ယဲအန့်နင်က ရွယ်ကျင်းဟုန်အား ချက်ချင်းလက်ခါပြပြီး
"ဖေဖေ အိမ်ပြန်ပြီးပဲ ညစာစားလိုက်ပါ၊ သမီး ဒေါ်ဒေါ်လျို့တို့အိမ်မှာပဲ ညစာစားမယ်လို့ မေမေ့ကို ပြောပေးပါအုံး"
ရွယ်ကျင်းဟုန်က ချောင်းခြောက်တစ်ချက် ဟန့်လိုက်ပြီး
"ကောင်းပြီလေ..."
ယဲအန့်နင်က လျို့ဟွားအား မျှော်လင့်တကြီး ကြည့်လိုက်ပြီး
"အန်တီ သမီး အားယန်ကို ချီလို့ရမလား?"
လျို့ဟွားက သက်ပြင်းချကာ ယဲအန့်နင်ထံ ကလေးမလေးကို တိုက်ရိုက်ကမ်းပေးလိုက်ပြီး
"ဒီမှာ၊ သမီးမချီနိုင်တော့ရင် ချထားလိုက်နော်"
ယဲအန့်နင်က စိတ်ကျေနပ်စွာဖြင့် ရွယ်ယန်၏ခေါင်းကို ပွတ်ပေးလိုက်ပြီး ကလေးမလေး၏အပေါ်မှ နားရွက်အား ညှစ်ကာ
"ဟုတ်!"
ရွယ်ယွိ ယဲအန့်နင်အား အထိတ်တလန့် လှမ်းကြည့်လိုက်ပြီး သူ(မ)တွင် ဒီလိုပုံစံမျိုးလည်း ရှိနေလိမ့်မည်လို့ အနည်းငယ် မမျှော်လင့်ထားခဲ့မိပေ။
ရွယ်ယန်က ပျော်ရွှင်လို့နေ၏။ သူ(မ)က ယဲအန့်နင်ရဲ့မျက်နှာအား လက်သေးသေးလေးနှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး သူ(မ) ပွေ့ဖက်နမ်းကာ
"ကျဲကျယ် အားယန်က အရမ်းအရမ်းကို ချစ်ဖို့ကောင်းတာ ဟုတ်တယ်မလား?!"
ယဲအန့်နင်က အပြည့်အဝခေါင်းညိတ်ပြီး
"ဒါပေါ့! ဒါပေါ့!"
ပန်ဒါပေါက်စလေးက အရမ်းချစ်ဖို့ကောင်းတာပဲ!