အပိုင်း (၃၀)
လီရှန်မင်က ရွယ်ကျင်းဟုန်၏သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သည်။ ရွယ်ကျစ် သူနှင့် အကြိမ်ကြိမ်ဆုံဖူးသော်လည်း သူ့အား ကောင်းကောင်းတော့ မသိချေ။ မည်သို့ဆိုစေ ယခင်ဘဝတွင် လီရှန်မင်က သူ့အား အများကြီး ကူညီပေးခဲ့ဖူးသည်ပင်။
ရွယ်ကျင်းဟုန်က သူ့လက်ထဲမှ ကလေးကို ပြန်ပြင်ချီလိုက်ပြီး ရွယ်ယန်က သူ့အင်္ကျီစကို ဆွဲကာ
"ဖေဖေ အားယန်ဘာသာ လမ်းလျှောက်နိုင်ပါတယ်"
ရွယ်ကျင်းဟုန်က သူ(မ)ကို ခြောက်လှန့်ကြည့်လိုက်၏။
"အားယန် သမီးဘာသာသမီး လမ်းလျှောက်ရင် သူများက သမီးကို ဖမ်းဆွဲသွားလိမ့်မှာနော်"
ကလေးမလေးက နှုတ်ခမ်းစူကာ
"ဖေဖေ လိမ်နေတာ"
ရွယ်ကျစ်က ဘေးမှနေ၍ သူ့ညီမလေးကို အကြံပေးလိုက်၏။
"အားယန် ကိုယ့်ဘာသာလမ်းလျှောက်ရင် ကိုကိုတို့နဲ့ မီအောင်လျှောက်နိုင်လိမ့်မှာ မဟုတ်ဘူးလေ"
ရွယ်ယန်က မျက်တောင်ခတ်ကာ အကြောင်းပြချက်ကို လက်ခံပေးလိုက်သည်။
"အို့ ဟုတ်ကဲ့"
လီရှန်မင်က ရွယ်ကျင်းဟုန်ကို အညှာတာကင်းမဲ့စွာ လှောင်လိုက်သည်။
"ကိုယ့်သမီးကိုယ် ဘယ်လိုချော့ရမှန်းတောင် မသိဘူး"
ရွယ်ကျင်းဟုန် အရေးမစိုက်ဟန်ဖြင့်
"အနည်းဆုံးတော့ ငါ့မှာ သမီးရှိတယ်"
လီရှန်မင် : "...."
ရွယ်ကျစ်မှာ အသံထွက်ရယ်မိလုနီးပါးဖြစ်သွားသော်လည်း ချောင်းဟန့်ရင်းဖြင့် ဖုံးဖိထားလိုက်ပြီး
"အန်လယ်လီ ကျွန်တော်တို့ အဝတ်အစားနဲ့ ရိုက်ကွင်းရိုက်မယ့်နေရာကို အရင်ကြည့်လို့ရလား?"
လီရှန်မင်မှာ ရွယ်ကျင်းဟုန်နှင့် စကားနိုင်လုငြင်းခုန်နေရမည်ကို ပျင်းလွန်းလှပြီး လမ်းကို ဦးဆောင်ခေါ်သွားရင်းဖြင့်
"အန်ကယ် မင်းတို့ကို ခေါ်သွားမလို့ပါပဲ... အန်ကယ်က အစက မင်းအကိုကိုပါ လာစေချင်တာ ဒါပေမယ့် သူက ဂျူနီယာအထက်တန်း တတိယနှစ်ရောက်နေပြီဆိုတော့ သူစာလေ့လာတာကို အနှောင့်အယှက် မပေးချင်တော့တာ"
ရွယ်ကျစ်မှာ လုံးဝ အံ့ဩမနေချေ။ သူက ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ လီရှန်မင် ရွယ်ယွိကို အကြံပေးတစ်ယောက်အနေဖြင့် ဖိတ်လျှင်တောင် ရွယ်ယွိက လာမည်မဟုတ်ပေ။ သူက စီးပွားရေးလုပ်ငန်းကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်။
မော်လ်ဒယ်တစ်ယောက်အနေနှင့် ဆိုရင်တော့ ထိုကိစ္စအား မေ့လိုက်သည်က အကောင်းဆုံးပင်။
ရွယ်ကျင်းဟုန်က ရွယ်ယန်ကို လက်ထဲတွင် ချီထားပြီး သူ(မ)က ပတ်ဝန်းကျင်အား စူးစမ်းစွာ လျှောက်ကြည့်နေ၏။ သူ့မှာ မနေနိုင်အောင် ကလေး၏ပါးပြင်အား ညှစ်လိုက်ပြီး
"ဘာတွေ ကြည့်နေတာလဲ အားယန်?"
ကလေးမလေးက အလေးအနက်ဖြင့်
"ဖေဖေ ခုနက မမလို မမလှလှတွေအများကြီးကို သမီးတို့ တွေ့ရအုံးမယ်မလား?"
ဧည့်ကြိုမိန်းကလေးက ထိုမျှထိ ကြည့်ကောင်းနေခြင်းမဟုတ်သော်လည်း သူ(မ)တွင် ထူးခြားသည့် စိတ်နေသဘောထားတို့ရှိ၏။
လီရှန်မင်မှာ ကလေးမလေး၏စကားကို သဘောတွေ့သွားပြီး
"ခန့်ညားတဲ့ကိုကိုတွေလည်း အများကြီးရှိအုံးမှာ"
ရွယ်ယန်က လေးလေးနက်နက် စဉ်းစားလိုက်ပြီး
"အားယန်ကိုကိုထက်တောင် ပိုပြီးကြည့်ကောင်းတာလား?"
လီရှန်မင် ရွယ်ကျစ်အား တစ်ချက်ကြည့်လိုက်ပြီး
"...မဟုတ်လောက်ဘူး" ရွယ်မိသားစုရဲ့မျိုးရိုးဗီဇကိုက တကယ်အစွမ်းထက်တာ!
ရွယ်ယန်တစ်ယောက် အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
"အို့"
ရွယ်ကျင်းဟုန်က သိလိုစွာဖြင့်
"အားယန် အန့်နင်နဲ့ နျန်နျန်က ကြည့်မကောင်းဘူးလား?"
ရွယ်ယန်၏မျက်နှာက တစ်ဖန် တည်တံ့သွားပြီး
"ဖေဖေ ကျဲကျယ်နဲ့ နျန်နျန်က အရမ်းကိုလှတာ!"
ရွယ်ကျင်းဟုန်က ပိုလို့ပင် စိတ်ဝင်စားသွားပြီး
"ဒါဆို အားယန်က မမလှလှတွေကို ဘာလို့ တွေ့ချင်နေသေးရတာလဲ?"
ကလေးမလေးက ယုံကြည်ချက်ရှိစွာဖြင့်
"ဘာလို့လဲဆိုတော့ မမတိုင်းက တစ်မျိုးစီ လှကြလို့လေ!"
ရွယ်ကျစ်က တွေးတွေးဆဆဖြင့်
"ဒီတော့ အားယန်က တကယ်ပဲ ခန့်ချောခွေးပေါက်လေးပေါ့?"
ရွယ်ယန်က နှုတ်ခမ်းစူလာပြီး
"ကိုကို အားယန်က ခွေးမဟုတ်ဘူး၊ ခွေးက ထီကျစ်"
ထီကျစ် : "....."အရူးမလေး! ငါလည်း ခွေးမဟုတ်ဘူး!
ထီကျစ်၏ခါးသီးသော ခံစားချက်တို့က သိသာလွန်းလှပြီး ရွယ်ကျစ်မှာ မရယ်မိဘဲ မနေနိုင်တော့ချေ။
လီရှန်မင်က သာမန်ကာလျှံကာဖြင့်
"အသေးလေး ကိုကိုတွေကလည်း တစ်ယောက်တစ်မျိုးစီ ကြည့်ကောင်းကြတာပဲ"
ကလေးမလေးက တည်ကြည်စွာဖြင့်
"အဲ့ဒါမမှန်ဘူး!" သူ(မ)ရဲ့ filterက အရမ်းထူတာ၊ အထူးသဖြင့် မမလှလှလေးတွေကိုပဲ ချိန်ရွယ်တာ!
မည်သို့ဆိုစေ ကလေးမလေးက အစ်မများနှင့် ကစားရသည်ကို အမှန်တကယ် နှစ်သက်ကြောင်း လူတိုင်း သိသွားကြသည်ပင်။
အတိုချုပ်ဆိုရလျှင် သူ(မ)က အလှလေးတွေရဲ့ ဖန်တစ်ယောက် ဖြစ်သည်။
ရွယ်ယန်မှာ သူ(မ)ရဲ့ပင်ကိုယ်စရိုက်အစစ်အမှန်က ထုတ်ဖော်ခံလိုက်ရသည်ကို မသိသေးချေ။ သူတို့ အဝတ်အစားဌာနသို့ ရောက်ချိန်တွင် သူ(မ)ရဲ့မျက်လုံးများက တောက်ပစွာ ဖြာထွက်လာ၏။
ရွယ်ကျင်းဟုန်က ဘေးပတ်ဝန်းကျင်ကို သေချာ ကြည့်လိုက်ပြီး ရွယ်ယန် ပျောက်မသွားနိုင်သည်ကို သေချာကာမှ သူ(မ)ကို အောက်ချပေးလိုက်၏။
ကလေးမလေးက မြေပေါ်ခြေထောက်ရောက်သည်နှင့် ပြေးရန် ကြိုးစားလေသည်။ ရွယ်ကျစ်က သူ(မ)ကော်လာအား ဖမ်းဆွဲလိုက်ပြီး
"အားယန် လျှောက်မပြေးရဘူး"
ကလေးမလေးက နာခံစွာဖြင့် ငြိမ်ငြိမ်ရပ်နေလိုက်သည်။
"အားယန် လျှောက်မပြေးပါဘူး!"
ရွယ်ကျစ် : "အို့" ကလေးစကား မယုံရတဲ့
သူက မလွှတ်ပေးပြီး သူ(မ)လက်ကိုကိုင်ကာ လမ်းအတူလျှောက်ပေးလိုက်သည်။
မောင်နှမနှစ်ယောက်၏ အများမတူထူးခြားသည့် သွင်ပြင်က အကြည့်များစွာကို ဆွဲဆောင်ထား၏။
မကြာလိုက်ခင် လုပ်ငန်းဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးက သူတို့ဆီ ဦးတည်လျှောက်လာ၏။
ရွယ်ယန်က သူ(မ)ကို ချက်ချင်း သတိထားမိလိုက်ပြီး မျက်လုံးများက ဝင်းလက်သွား၏။
ကလေးမလေးက ရွယ်ကျစ်၏အင်္ကျီစကို ဆွဲလိုက်ပြီး သူ့ကို ငုံ့လာပေးရန် အချက်ပြကာ တီးတိုးပြောလိုက်၏။
"ကိုကို အဲ့ဒီမမက အရမ်းလှတာပဲ"
ရွယ်ကျစ်က ခေါင်းရှုပ်သွားပြီး
"ဟမ်?"
ရွယ်ယန်က အနည်းငယ် စိတ်လှုပ်ရှားလာပြီး
"သူ လာနေပြီ!"
ရွယ်ကျစ်က ခေါင်းရှုပ်နေဆဲဖြစ်ပြီး သူ ထပ်မေးရန် ဟန်ပြင်လိုက်သော်လည်း အမျိုးသမီးက သူတို့ရှေ့ရောက်လာပြီး တောက်ပစွာ ပြုံးကာ
"ကလေးလေးနှစ်ယောက် ဒီကို ဓာတ်ပုံလာရိုက်ကြတာလား?"
ရွယ်ကျစ်က မျက်မှောင်ကြုတ်ပြီး
"ကျွန်တော် ကလေးမဟုတ်ဘူး"
ရွယ်ယန်၏ သမင်လေးတစ်ကောင်လိုမျက်လုံးဝိုင်းဝိုင်းလေးများက တောက်ပလာပြီး
"မမ သမီးကိုကိုက ဓာတ်ပုံရိုက်ဖို့လာတာ!"
ရွယ်ကျစ် : "..." ဘာလို့ ဒီကလေး လူတိုင်းကို အကုန်လျှောက်ပြောနေတာလဲ?
အမျိုးသမီးက ကလေးမလေး၏ခေါင်းကို ပွတ်သပ်ပေးရင်း ပျော်ရွှင်စွာ ပြုံးကာ
"ချစ်စရာကောင်းတဲ့ ကလေးမလေးပါလား! ကလေးရဲ့ကိုကိုကလည်း အရမ်းခန့်ညားတယ်"
ရွယ်ယန်၏မျက်လုံးများက ပျော်ရွှင်စွာ ကွေးညွတ်သွားပြီး
"ကျေးဇူးတင်ပါတယ် မမ၊ မမကလည်း အရမ်းအရမ်းကို လှတယ်!"
ရွယ်ကျစ်မှာ ကူကယ်ရာမဲ့နေရပြီး
"မင်္ဂလာပါ၊ ဒီက ဘယ်သူလဲ မသိဘူး?"
အမျိုးသမီးက သူ(မ)အနောက်ကို ညွှန်ပြပြီး
"မမတို့က အဲ့ဒီမှာ အလုပ်လုပ်တာ၊ မင်းတို့ သွားပြီး ကြည့်ကြည့်ချင်လား?"
ရွယ်ကျစ် သေချာပေါက် နားလည်ပြီး ကလေးမလေးကို ငုံ့ကြည့်ကာ
"အားယန် သွားကြည့်ချင်လား?"
ရွယ်ယန်က စကားပြောအလွန်ကောင်းသော်လည်း လူအုပ်များရှိရာနေရာသို့ မသွားရဲချေ။
"ကိုကို အားယန် မသွားရဲဘူး"
ရွယ်ကျစ်က ဖွဖွလေး ရယ်လိုက်ပြီး
"ကိစ္စမရှိဘူး၊ ကိုကိုက အားယန်နဲ့အတူတူ သွားပေးမယ်"
ကလေးမလေးက သူ(မ)အကိုနောက် ဝင်ပုန်းလိုက်ပြီး ခေါင်းညိတ်ကာ
"အိုခေ..."
ကျိုးလင်၏မျက်လုံးများက တောက်ပလာပြီး သူ(မ)မှာ မထိန်းချုပ်နိုင်တော့လုနီးပါး ကလေးမလေး၏ပါးဖောင်းဖောင်းလေးအား ဆွဲညှစ်လိုက်ချင်မိသည်။
သူ(မ)က ရွယ်ယန်၏မျက်နှာဝိုင်းဝိုင်းလေးအား ဝိုင်းညှစ်ချင်နေကြသော လူများရှိသည့် အဝတ်အစားဌာနဆီ ကလေးနှစ်ယောက်ကို ခေါ်သွားလိုက်သည်။
ရွယ်ယန်တစ်ယောက် သူ(မ)ဘေးမှ တောက်ပြောင်လွန်းသော အဝတ်အစားများကို အံ့အားတသင့်ကြည့်ပြီး ရွယ်ကျစ်အား လှမ်းဆွဲလိုက်၏။
"ကိုကို အင်္ကျီတွေက အရမ်းလှတာပဲ!"
ထိုအချိန်တွင် ကောလိပ်မှ ဘွဲ့ရထားပြီးရုံပေါ်သည့် နောက်ထပ်မိန်းကလေးတစ်ယောက်က နွာနို့ဘူးကို ကိုင်ကာ ထွက်လာပြီး ရွယ်ယန်အား ကျက်သရေရှိစွာ ကမ်းပေးကာ
"ကလေးလေး နွားနို့သောက်ချင်လား?"
ရွယ်ယန်က မျက်တောင်လေးခတ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။ ရွယ်ကျစ်က နို့ဘူးကို ယူလိုက်ပြီး ကလေးမလေးလက်ထဲ ထည့်ပေးပြီးနောက် သူ(မ)ကို ညင်သာစွာ မေးလိုက်၏။
"အားယန် သူများဆီက လက်ဆောင်ကို ယူပြီးရင် ဘာပြောရမလဲ?"
ရွယ်ယန်ရဲ့မျက်နှာလေးက နီသွားပြီး
"ကျေးဇူးတင်ပါတယ် မမ၊ မမက အရမ်းလှတာပဲ"
ရွယ်ကျစ် : "...."တစ်ခုခုတော့ လွဲနေသလိုပဲ?
သို့သော် မိန်းကလေး၏နှလုံးသားမှာ ရွယ်ယန်၏ချစ်စဖွယ်ကောင်းမှုကြောင့် အရည်ပျော်သွား၏။
"အို ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေး! နာမည်ဘယ်လိုခေါ်လဲ?"
ရွယ်ယန်က အလေးအနက် မိတ်ဆက်လာ၏။
"မမ သမီးနာမည်က ရွယ်ယန်ပါ၊ ဒါက သမီးကိုကို ရွယ်ကျစ်၊ ဒါက ထီကျစ်"
သူ(မ)က ရွယ်ကျစ်ကိုင်ထားသည့် ခွေးဖြူလေးကို ညွှန်ပြလိုက်သည်။ မိန်းကလေးမှာ ကလေးမလေးပြောသံကို ကြားရလေ သူ(မ)ရဲ့မျက်လုံးများက ပို၍ တောက်ပလာလေဖြစ်၏။
သူ(မ)က ကလေးမလေးကို ခြောက်လှန့်လိုက်မည်စိုး၍လည်း ကျိုးလင်က လျှောက်လာပြီး စနောက်ရင်းဖြင့် ဆူလိုက်၏။
"ဘာတွေလုပ်နေတာလဲ? နင့်ပုံစံက လူကုန်ကူးသမားနဲ့တူနေပြီ၊ ကလေးတွေကို မခြောက်နဲ့"
မိန်းကလေးက ကသိကအောက် ရယ်လိုက်ပြီးနောက် ထွက်ပြေးသွား၏။
ကျိုးလင်က ကလေးမလေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး
"အသေးလေး၊ ကိုကိုနဲ့အတူ ဓာတ်ပုံရိုက်ချင်လား?"
ရွယ်ယန်က ခေါင်းရှုပ်သွားပြီး ရွယ်ကျစ်ကို လှမ်းကြည့်ကာ
"ကိုကိုနဲ့လား?"
ရွယ်ကျစ် မျက်မှောင်ကြုတ်မိသွားပြီး သူ တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ် ရွယ်ကျင်းဟုန်၏အသံက ထွက်လာ၏။
"အားယန် ရှောင်ကျစ် မင်းတို့တွေ ဒီအထိတောင် ရောက်လာကြတာလား?"
အမျိုးသားက ခြေလှမ်းကျဲကြီးများလှမ်းကာ လျှောက်လာနေ၏။
သူက လီရှန်မင်နှင့်အတူ ရောက်လာခြင်းဖြစ်ပြီး ကျိုးလင်က သူတို့ကို မြင်သည်နှင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မစ်စတာလီ မစ်စတာရွယ်"