Chapter 50

1.2K 134 0
                                    

အပိုင်း (50)


ရီရောင့်သုန်းက သူ့ သူငယ်ချင်းများနှင့် အောင်ပွဲခံ‌နေစဉ် လင်းရှို့ချင်း တစ်ယောက် ပိုက်ဆံထုပ် လက်ကြားညှပ်ကာ အိမ်အရင် ပြန်သွားခဲ့သည်။ သူတို့ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များအတွက် ပျော်ရွှင် ခံစားကြတာက တရားမျှတသည်လို့ သူမ ယုံကြည်၏၊ သူမက သဘောထား သေးသိမ်သည့် သူတစ်ယောက်တော့ မဟုတ်ပါချေ။

သူ (မ) အိမ်သို့ ပြန်ရောက်လာချိန်တွင် ရီမိသားစုရှိ မိသားစုဝင်များကလည်း အလုပ် ကိုယ်စီပြီးသွားကြပ၍ အိမ်ဝိုင်းမှ ပြန်လာကြသည်။

"အားချင်း၊ ရောင့်သုန်း တစ်ယောက် ဒီနေ့ ရိတ်သိမ်းတာ ကောင်းတယ်ဆို၊ သူ ဘယ်လောက်တောင် ရှာနိုင်ခဲ့လဲ"

အကြီးဆုံးမ ရီးက သိချင်စိတ်ဖြင့် မေးလာခဲ့သည်။

ဒုတိယ မရီးကလည်း သူ (မ) အား မီးတောက်မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

လင်းရှို့ချင်းက ပြုံးကာ ;

"အရမ်းလည်း မများပါဘူး။ အများစုက အခွံမာငါးတွေ၊ အကုန်လုံး နောက်ဖေးမှာ ပုံထားတယ်၊ ပြီးကျရင် ကမာကောင်တွေ ဖွင့်ဖို့က မရီးတို့ရဲ့အကူအညီလိုတယ်၊ မနက်ဖြန်ကျ အိမ်အတွက် အရံဟင်း တစ်ခွက်၊ နှစ်ခွက်တော့ ရမယ်"

ပြောပြီးနောက်တွင် သူ (မ) က လှည့်ထွက်သွားပြီး အခန်းထဲသို့ ဝင်သွားလေသည်။ သူ (မ) ကြွယ်ဝမှုအား ကြွားဝါ မနေချင်ပေ။ သာမန်ကာလျှံကာ ထုတ်ကြွားမိကာမှ တစ်ခြားသူတွေက မလိုမုန်းထားကြရင် ဘယ်လိုလုပ်မလဲ။ မနေ့ကတောင် ဒုတိယမရီးက မတရားဘူးဆိုပြီး ပြဿနာ ရှာနေသေးတာကို...။

ဒုတိယ မရီးက နှုတ်ခမ်းကို စေ့ကာ စိတ်ထဲတွင်လည်း 'မပြောလည်းနေပေါ့"

လင်းရှို့ချင်းက ပိုက်ဆံများကို အိပ်ရာပေါ် တင်ပြီး အမှား မရှိလေအောင် တစ်ဖန် ထပ်စစ်လေသည်။ ထို့နောက် သူ (မ) က တန်ဖိုးရှိသည့် ခုံးတစ်ခြမ်းမှလွဲ၍ ယခုလေးတင် ရောင်းလာခဲ့သည့် အခွံမာငါးများမှ ငွေကို ရေတွက်ကြည့်လိုက်သည်။ ခရုနှင့် ပြည်ကြီးမျှော့များက ဈေးသိပ်မရသော်လည်း အရေအတွက်နှင့် အလေးချိန်ကြောင့် ရှစ်ယွမ်ကျော်နီးပါး ရောင်းနိုင်ခဲ့သည်။

အစောပိုင်းက အမေ ရီပေးခဲ့သည့် ပိုက်ဆံပါ ထည့်ပေါင်းလျှင် ယနေ့ဝ င်ငွေက ယွမ် လေးရာကျော်ဖြစ်သည်။ သူတို့ မိသားစုအတွက် သည်ငွေပမာဏက သူ (မ) တစ်နှစ်စာ ပိုက်ရက်၍ ရလာသည့်‌ ငွေနှင့်ပင် မယှဉ်သာချေ။

ထို့အပြင် ခြောက်ယွမ်၊ ခုနစ်ယွမ်ခန့်အထိ ရောင်းချနိုင်ခဲ့သည့် ပင်လယ်ကျွင်းတူးသည့် ရက်များက ငွေများ....လင်းရှို့ချင်း တစ်ယောက် လက်ထဲတွင် ပိုက်ဆံများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်လေး တဖျပ်ဖျပ်ဖျပ် လတ်နေတာကို ခံစားလိုက်ရသည်။ တစ်ပါးတည်း သူ (မ) ၏ နှလုံးသားထဲတွင်လည်း ရီရောင့်သုန်းအား မျှော်ကိုးနေမိသည့် ခံစားချက်လေးပါ ပေးစွမ်းနေ၏။

သည်ရက်ပိုင်းအတွင် သူ အမှန်တကယ်ကို တိုးတက်လာကြောင်း ခံစားရသည်။

ပိုက်‌ဆံများကို စီစဉ်ပြီးနောက်တွင် ကမာကောင် ဖွင့်ရန် အပြင်ဘက်သို့ ထွက်လာလိုက်သည်။ မနက်ဖြန် ချက်ပြုတ်ရန်အတွက် အဆင်သင့်ဖြစ်‌စေရန် ကျန်ရှိနေသေးသည့် အခွံမာငါးများကို သန့်စင်ဆေးကြောရန်လည်း လိုအပ်သေးသည်။

နောက်တစ်နေ့တွင်ကာ မနေ့ညက အသောက်များသွားသောကြောင့် ရီရောင့်သုန်း တစ်ယောက် အိပ်ရာထ နောက်ကျလေသည်။ သူ နိုးလာသည့်အချိန်တွင် နောက်ဖေး၌ ဟင်းသီးဟင်းရွက်များကို ရေလောင်းနေသည့် အဖွားမှ လွဲ၍ တစ်အိမ်လုံး မည်သူမှ မရှိတော့ချေ။

"ဖွား၊ အားလုံး အိမ်ဆောက်ကူဖို့ ထွက်သွားကြတာလား"

အဖွားအိုကြီး၏ အရေတွန့်နေပြီဖြစ်နေသည့်မျက်နှာက ပြုံးလိုက်ပြီး ...

"အမ်း၊ အိုးထဲမှာ ဆန်ပြုတ်နဲ့ ငါးခြောက် နွေးထားတယ်၊ မြန်မြန် သွားစားလိုက်အုံး၊ မနေ့က ငါ့မြေးလေး ပင်ပန်းနေရောပေါ့၊ ကြည့်ပါအုံး။ နေလောင်ထားတာတွေ"

"အဆင်ပြေပါတယ် ဖွားရဲ့။ နေ နည်းနည်းလောက်လောင်တာက ကျန်းမာရေးတောင် ကောင်း‌သေးတယ်ဗျ၊ ဒီရက်ပိုင်း ကျွန်တော် ပိုက်ဆံ နည်းနည်းရှာထားတယ်၊ သိလား။ ဒီနေ့က စနေဆိုတော့ တနင်္လာကျရင် ဖွားကို အံကပ် တစ်စုံလောက် ဝယ်ပေးဖို့ ခရိုင်ဆေးရုံကို ခေါ်သွားပေးမယ်"

"အာ၊ မလိုဘူး၊ မလိုဘူး"

အဖွားအိုကြီးက လက်ကိုခါပြပြီး ...

"ငါက အိုနေပါပြီကွယ်၊ ဘာလို့ ပိုက်ဆံတွေ ဖြုန်းနေမှာလဲ။ ငါး စားရတာ အဆင်ပြေပါတယ် မြေးရဲ့၊ အသားလည်း မစားချင်ဘူး။ ငါ မသွားဘူးနော်"

"ကျွန်တော်တို့ အရင်က ပြောပြီးသားလေဗျာ၊ ကျွန်တော့် စကားကိုသာ နားထောင်စမ်းပါ"

"မသွားဘူး၊ ငါ မသွားဘူး။ ရှားရှားပါးပါး ပိုက်ဆံရှာနိုင်တာကို ကိုယ့်ဘာသာကိုယ် သိမ်းထား၊ ငါ့အတွက် ဘာမှမဝယ်ပေးနဲ့"

"ကျွန်တော် ကြားရသလောက်ဆို ဈေးသက်သာတယ်တဲ့၊ ဈေးမကြီးပါဘူး...."

"အဲ့လိုဆိုလည်း မသွားဘူး၊ မြန်မြန် သွားစားတော့"

အဖွားအိုကြီးက သူ့ကို တွန်းထုတ်ရင်း ပြောလေသည်။

ရီရောင့်သုန်း ပြုံးလိုက်သည်။ ဒါဆိုလည်း တနင်္လာနေ့ကျမှပဲ အဖွားကို တစ်ခါတည်း ဆေးရုံခေါ်‌သွားရုံပဲပေါ့။

ရိုးရိုးရှင်းရှင်း မနက်စာ စားပြီးနောက်တွင် အိမ်ဝိုင်းဆီ တန်းထွက်သွားတော့သည်။

သူသွားရာ လမ်းတစ်လျှောက်တွင် အလုပ်သမားများက ကျောက်သယ်သူက သယ်၊ ကျောက်စရစ်ခဲရွေးသူက ရွေးနှင့် အဝါရောင်မြေများကို ခေါက်တုံ့ခေါက်ပြန် သယ်သူက သယ်ဖြင့် အလုပ်များနေကြသည်။ သူတို့ အလုပ်သမားအများကြီး ငှားရမ်းထားသည့်အကြောင်း သူ့အမေပြောသံကို သူကြားထားသည်။

သူ အိမ်ဝိုင်းသို့ ရောက်ချိန်တွင် ဒုတိယ အစ်ကိုက အလုပ်သမားများနှင့်အတူ တူးထားသည့် တွင်းကြီးထဲ ကျောက်ခဲများကို မ,ပြီး အပြားလိုက်ထားကာ အလုပ်ဝင်လုပ်နေသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်မှာလည်း ကျောက်တုံးများကို ထုထွင်းပုံ‌ဖော်‌နေသည့် ကျွမ်းကျင် လက်သမား ဆရာများလည်း ရှိနေသည်။

သည်မြေတွင်းကြီးကို မနေ့က တူးထားတာ ဖြစ်လိမ့်မည်။ ကျေးလက်ဒေသများတွင် အိမ်များဆောက်လုပ်ရာ၌ အများအားဖြင့် တိုင်စိုက်ရခြင်းမျိုးမရှိပေ။ သုံးဆယ်မှ လေးဆယ် စင်တီမီတာခန့်နက်သည့် ကျွင်း တစ်ကျွင်း တူးပြီး ကျောက်များဖြင့် ဖြည့်လိုက်သည်က အခြေခံ အုတ်မြစ်ခိုင်သည်ဟု ယူဆကြသည်။

အမေ ရီက သူ့ကို လှမ်းမြင်လိုက်ချိန်တွင် သူ့ အနား အမြန်ကပ်လာပြီး ...

"ဒီနေ့ နင် ဘာမှ သွားမတူးဘူးဆိုတော့ လိုက်လျှောက်သွားမနေနဲ့၊ ဒီမှာ နေပြီး ကူညီအုံး၊ မဟုတ်လို့ကတော့ နင်အဖေ ပြန်လာတဲ့အချိန် ငါ ပြန်တိုင်မှာ"

ရီရောင့်သုန်း တစ်ယောက် ကူကယ်ရာမဲ့စွာ သူ့အမေကို ကြည့်လိုက်သည်။ သူလည်း အစကတည်းက ကူညီဖို့လာတာပဲဟာကို..။

"နားလည်ပါပြီ"

"လက်အိတ်တွေက ကျောက်တုံးပုံနားမှာ"

"အိုး၊ အားချင်းနဲ့ ကလေးတွေရော"

"သူက တောင်ပေါ်က မြေဝါတွေ သွားတူးပေးနေတယ်၊ ဒီအလုပ်က နည်းနည်း သက်သာတယ်လေ၊ ကလေးတွေကတော့ ချောင်းနားမှာ ကျောက်တုံးကူကောက်ပေးရင်း ဆော့နေကြတယ်"

သူက ခေါင်းညိတ်လိုက်ပြီး သူ့ အမေ၏ စောင့်ကြည့်မှုအောက်တွင် ဒုတိယ အစ်ကိုနှင့် ကျောက်တုံးသယ်သည့်နေရာတွင် ဝင်ကူညီလိုက်သည်။

အတန်ကြာ စူးစမ်းပြီးနောက်တွင် အမေရီတစ်ယောက် ကျေနပ်သွားပြီး၊ ခြင်းကို သယ်ကာ ကျောက်တုံး ဆက်ကောက်နေ၏။

သူ့ သူငယ်ချင်းအုပ်စုသည်တော့ သူ အတန်ကြာအလုပ်လုပ်ပြီးနောက်တွင် တစ်ယောက်ပြီး တစ်ယောက် ကူညီရန် ရောက်လာကြသည်။

အလုပ်သမားများကလည်း ရွာသားများဖြစ်ပြီး အများစုက သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ်များ ဖြစ်သည်။ သူတို့က သည်လူငယ်လေးတွေ တက်ကြွစွာဖြင့် ပါဝင် ကူညီ‌ပေးနေကြသည်ကို မြင်ရတော့ အံ့အားသင့်သွားကြသည်။ သူတို့၏ ကြိုးစားအားထုတ်မှုအတွက် ချီးကျူးပြီး  ပြောလာကြသည်က "သူတို့လေးတွေတောင် အရွယ်ရောက်လာကြပြီပဲ......"

ထိုစကားက အားလုံးကို အနည်းငယ်လေး ရှက်သွားစေ၏။

ဝေဖန်မှုတွေနဲ့ ကျင့်သားရနေချိန် ရုတ်တရက်ကြီး ချီးမွှမ်းခံလိုက်ရသည့်အခါမှာတော့ သူတို့တွေ အနည်းငယ်လေး မသက်မသာဖြစ်သလို ခံစားလိုက်ရသည်......။

"လခွမ်း၊ ငါတို့တွေကိုဆို လူတွေက အမြဲအမြင်စောင်းနေကြတာ၊ ဒီလို ရုတ်တရက်ကြီး ချီးကျူးပေးတဲ့သံ‌လည်းကြားတော့ ငါကိုယ့်ငါတောင် အလားအလာ ရှိတယ်လို့တောင် ခံစားနေရပြီ"

အားကျန်းက တီးတိုး ပြောလာခဲ့၏။

"အဟုတ်ပဲ၊ မနေ့က ငါ အခွံမာငါးအိတ် အပြည့်ကြီး အိမ်ပြန်ယူသွားတာ ငါ့မိန်းမရဲ့မျက်နှာဆို ပန်းလိုပဲ တောက်ပလာတာ ပြောမနေပါနဲ့တော့၊ ငါ ရှာလာတဲ့‌ပိုက်ဆံ သူ့ကိုလည်း ပေးလိုက်ရော ပျော်ရွှင်တက်ကြွနေလိုက်တာများ"

အသေးလေးကလည်း သဘောတူစွာဖြင့် ပြောလာ၏။

"ငါ့အမေလည်း အတူတူပဲကွ၊ ငါ့ကို ချီးကျူးလိုက်တာများ နောက်တစ်ခါ ငါကြက်လိုချင်ရင် တစ်ကောင် ဖမ်းလို့ရတယ်လို့တောင် ပြောတာ"

"အေးပါကွာ၊ မင်းတို့ ကောင်တွေကတော့ ဒီလို ပစားပေးခံရတယ်ပေါ့၊ ဒီမှာ ငါက တစ်ယောက်တည်း အထီးကျန်၊ ချီးကျူးပေးမဲ့လူမရှိနဲ့ ပိုက်ဆံကိုတောင် ကိုယ့်ဘာသာကိုယ်ပဲ သိမ်းရတယ်....."

အားလုံးက သူတို့၏ စူးရှရှ အကြည့်များကို အားကွမ်ဆီ ပစ်သွင်းလိုက်ပြီး

"ဒါဆို ဒီည နည်းနည်းပါးပါးကစားကြမယ်ဆိုရင်ရော"

သူတို့၏ ပိုက်ဆံများကို ပြန်အပ်ပြီးနောက်တွင် မုန့်ဖိုးများလည်း ကုန်ပြီ ဖြစ်သည်။ ဖက်တီးနှင့် ချန်ဝေတောင် သူတို့ ဝေစုကို မရကြသေးချေ။ အားကွမ်၏ စကားများက သူ့တို့ကိုသူတို့ နည်းနည်းလောက် ထပ်ကဲဖို့ အကြွေးတင်နေသလိုပင် ခံစားရစေ၏ ..။

အားကွမ်တစ်ယောက် မျက်လုံးပြူး မျက်ဆံပြူးဖြင့် အလိုအလျောက် အိတ်ကပ်ကို ဖုံးဖိလိုက်ပြီး

"မဆော့ဘူးနော်။ ငါ လောင်းကစား မလုပ်တော့ဘူး"

"မင်းကများ ပြောရဲသေးတယ်နော်၊ ငါတို့ထဲမှာ မင်းက အကျယ်ဆုံး အော်တဲ့ကောင်ပဲ"

"ဒီနေ့က စပြီးတော!"

အားလုံးက တစ်ညီတစ်ညွှတ်တည်း မျက်စောင်းထိုးလာကြသည်။

နဂိုက ငြီးငွေ့ဖွယ်ကောင်းလှသည့် အလုပ်ကြီးမှာ သည်အပေါင်းအဖော် တစ်သိုက်ဖြင့် အတူတကွလုပ်ဆောင်ကြရင်း ပျော်ရွှင်ဖွယ်ကောင်းလာတော့သည်။

ညနေရောက်ပြီး အလုပ်ဆင်းမည့် အချိန် ရောက်လို့လာချိန်တွင် အမေ ရီက ရီရောင့်သုန်းအား အသံတိုးတိုးဖြင့် ...

"မင်း သူငယ်ချင်း‌တွေကိုပါ နေ့စားခ ပေးရမှာလား"

"မလိုပါဘူးဗျာ၊ သူတို့ကို ထမင်းပဲ ကျွေးလိုက်၊ အဲ့ကောင်တွေ ရက်အများကြီး လုပ်နိုင်မှာ မဟုတ်ဘူး ပြီးတော့ နေ့တိုင်းလည်း လာမှာ မဟုတ်ဘးး"

"အေး အေး၊ ဒါဆို ငါ သူတို့ကို ထည့်မတွက်တော့ဘူး"

နှစ်ရက် အလုပ်လုပ်ပြီးနောက် တနင်္လာနေ့တွင် ရီရောင့်သုန်း တစ်ယောက် အလုပ်ထဲ မပေါ်လာတော့သလို၊ သူ့ သူငယ်ချင်းတွေလည်း မရောက်လာတော့ချေ။

တနင်္လာနေ့မှာ သူ့အဖွားအား အံကပ် တပ်ပေးရန် ခရိုင်ဆေးရုံကို ခေါ်သွားမည့်အကြောင်း မနေ့ညက လင်းရှို့ချင်းနှင့် တိုင်ပင်ထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် သူ အလုပ်မသွားတော့ဘဲ လင်းရှို့ချင်းကိုသာ သူ့အမေအား အကြောင်းကြားပေးရန် တောင်းဆိုထားခဲ့သည်။

လင်းရှို့ချင်းက အံကို ကြိတ်ကာ အံဆွဲကို သော့ဖွင့်ပြီး ယွမ် ငါးဆယ်ကို သူ့အတွက် ထုတ်ပေးကာ ...

"ယူလိုက်၊ ဒီလောက်ဆိုလောက်လား"

မည်သို့ပင်ဆိုစေ ပိုက်ဆံက လွန်ခဲ့သည့်ရက်များက သူ ရှာလာခဲ့သည် ဖြစ်ရာ ဝမ်းနည်းမိလည်း တစ်ခဏပဲပေါ့။ ထို့အပြင် အဖွားအိုကြီးက သူ့ကိုဆို အမှန်တကယ် ဂရုစိုက်ခြင်း ဖြစ်သည်။

ရောင့်သုန်းက သူ (မ) ကို ဖက်လိုက်ပြီး ပါးပြင်ပေါ် အနမ်းတစ်ပွင့် ပေးလိုက်၏။ သူ့ ဇနီးက သိတတ်လိမ္မာသူဖြစ်ရာ အဖွားအိုကြီးအား ဝတ္တရားကျေပွန်ဖို့ရာအတွက် ပိုက်ဆံထုတ်ပေးရမည်ကို တွန့်ဆုတ်နေမှာမဟုတ်ကြောင်း သူ သိလေသည်။

"ငါ ဒီလောက်ထိ မလိုပါဘူးကွာ၊ ပိုက်ဆံ ပြန်ပိုလာရင်လည်း မင်းကို ပြန်ပေးပါ့မယ်"

"အမ်း"

တင်္နလာနေ့ မနက်တွင် အဖွားအိုကြီးက ဘယ်လိုခေါ်ခေါ်၊ ခေါ်မရဖြစ်နေ၏။ သူ (မ) က သူ နေထိုင်ဖို့ရာ အချိန် သိပ်မရှိတော့ကြောင်း၊ ပိုက်ဆံ အပိုကုန်မည်ဖြစ်ကြောင်းကိုသာ တသွင်သွင်ပြောဆိုနေတော့သည်။

ရောင့်သုန်းကလည်း ...

"အဖွားမလိုက်ရင် ကျွန်တော့်ဘာသာ ကျွန်တော် သွားယူလာတော့မယ်၊ မတော်တဲ့အခါကျရင်တော့ ပြင်ဖို့ ကျွန်တော် ပိုက်ဆံ ပိုသုံးရတာပေါ့"

အဖွားအိုကြီးမှာ ဒေါသတကြီးဖြင့် သူ့ကို အကြိမ်ကြိမ် ရိုက်နှက်ပြီးနောက်မှ တွန့်ဆုတ်စွာဖြင့် လိုက်သွားတော့သည်။

ပိုက်ဆံ ပိုကုန်မှာကိုလည်း သူ (မ) ကြောက်သည်လေ။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now