Chapter 52

1.2K 125 0
                                    

အပိုင်း (52)


ရီရောင့်သုန်း တစ်ယောက် သူ့အဖွား သည်လိုမျိုး လုပ်နေတာကို မသိသေးချေ။ သူသာ သိသွားခဲ့လျှင် သေချာပေါက် အရှက်ကြီး ရှက်နေတော့မည်ဖြစ်သည်။

သူက အလုပ်ပြီး၍ အိမ်ပြန်ချိန်တွင် သက်ကြီးရွယ်အို အဖိုးအဖွားများနှင့် တွေ့တိုင်း သူတို့က သူ့ကို ပြုံးပြလာကြပြီး သူ့ကို ပဟေဠိဖြစ်စေကာ ချန်ခဲ့လေသည်။ သူ ဘယ်အချိန်ကတည်းက လူအိုတွေကြားထဲမှာ နာမည်ကြီးလာတာလဲ။

သူ့အိမ်ရှေ့ အပေါက်ဝတွင် ရောက်နေကာ သူ သူ့အဖွားကို အံကပ်ပေးသည့်အကြောင်း တစ်ရွာလုံးရှိ အဖိုးအဖွား သက်ကြီးရွယ်အိုမှန်သမျှထံမှ သိရပြီး သူ့အဖွား၏ အံကပ် မည်မျှကုန်ကျကြောင်း လာမေးသည့် အသေးလေးနှင့် မတွေ့ခင်သည့်တိုင်အောင် သူ ဘာဆိုဘာမှမသိသေးချေ။ ဒါက သူ့ကို လန့်ဖြန့်သွားစေပြီး အနည်းငယ် တုန်လှုပ်သွားစေ၏။

"ဒီအဖွားကတော့ တကယ်ပါပဲ...တော်တော် ပျင်းနေတယ်နဲ့ တူတယ်၊ ငါ သူ့ကို အိမ်မှာနားခိုင်းခဲ့တာကို၊ ဘာမဟုတ်တာလေးကို လျှောက်သွားပြီး လိုက်ကြွားလိုက်သေးတယ်"

ဒါက အမှန်တကယ်ကို ရှက်စရာ ကောင်းလှပါ၏။ သူ့မှာ ရှက်ရွံ့မှုကြောင့် ပါးပြင်များပင် နီမြန်လာသည်။ သူတို့ မနေ့ကပြောခဲ့သလိုပါပဲ "သူတို့ ဝေဖန်မှုတွေနဲ့ ကျင့်သားရနေတဲ့အချိန် ရုတ်တရက်ကြီး ချီးမွန်းခံလိုက်ရတော့ စိတ်ထဲ မရိုးမယွနဲ့" ဆိုသလို ။

"ဟေး၊ ငါ မင်းကို‌ မေးပါရစေအုံး၊ ငါ့အဖွားက ၇၀ ထဲ ရောက်နေပြီကွာ သူ့မှာ သွားတွေမရှိတော့ဘူး၊ အဲ့ဒါ ငါ့အဖေက သူ့အတွက် အံကပ်ဝယ်ရင် ဘယ်လောက်လောက်ကုန်မလဲဆိုတာ ငါ့ကို မင်းဆီလာမေးခိုင်းနေလို့၊ အရမ်း‌ဈေးမကြီးရင် သူလည်း အဖွားကို အံကပ်ဝယ်ပေးချင်လို့တဲ့၊ ဈေးကြီးတယ်ဆိုရင်တော့ ထားလိုက်ပါတော့ကွာ"

"ဈေးမကြီးပါဘူး မင်းကလည်း၊ ၁၂ ယွမ် ကျော်ကျော်လေးပဲ၊ ငါတို့ သွားတဲ့ စရိတ်စကပါ ထည့်တွက်မယ်ဆိုရင်တောင် ၁၃ ယွမ် မကျော်ဘူး၊ ငါသာ စောစောသိခဲ့ရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက အံကပ်တပ်ဖို့ ဖွားကို ခေါ်သွားပြီးလောက်ပြီ၊ အဲ့လိုသာဆို တစ်ချိန်လုံး အစာပျော့‌တွေချည်းပဲ စားနေရတဲ့အချိန် လျော့သွားဝာာပေါ့"

သူက ဈေးကြီးမည် တွေးထားခဲ့သော်လည်း အလွန်ဈေးသက်သာလှမည်မှန်း မထင်ထားခဲ့ချေ။ ဤမျှထိ ဈေးသက်သာမည်မှန်း သိခဲ့လျှင် သူ့အဖွားအား စောစောစီးစီး ခေါ်သွားခဲ့မည် ဖြစ်သည်။

"ဟုတ်တယ်။ ငါတို့ ရွာက နည်းနည်းခေါင်တော့ ဒါတွေ ဘယ်သိကြမလဲ၊ အခု ဈေးက သက်သာတယ်ဆိုတာ ငါတို့ သိပြီဆိုတော့ ငါ့အဖေလည်း ငါ့အဖွားကို အံကပ် သွားလုပ်ပေးတော့မှာ သေချာတယ်"

"သွားမယ်ဆိုလည်း သွားတော့ ငါ ပင်ပန်းနေပြီ၊ ရေချိုးပြီး ခဏလောက် လှဲလိုက်အုံးမယ်"

အသေးလေးက သူ့ကို ဖမ်းဆွဲလိုက်ပြီး ...

"ငါတို့ အားကွမ်ရဲ့နေရာဆီသွားပြီး ကဒ်ကစားကြမလို့၊ မင်း လိုက်အုံးမှာလား"

"မသွားတော့ဘူး။ တ‌စ်နေကုန် အလုပ်လုပ်ထားရတော့ ငါ တော်တော်ပင်ပန်းနေပြီ၊ မင်းတို့ဘာသာပဲ ပျော်ကြတော့ကွာ"

"အေးအေး"

ရေချိုးပြီးနောက်တွင် ရီရောင့်သုန်း တစ်ယောက် အခန်းဆီ တည့်တည့်မတ်မတ် ပြန်သွားပြီး ဝမ်းလျားထိုးလှဲချလိုက်သည်။ သူ့တစ်ကိုယ်လုံး လှုပ်ရှားချင်စိတ် လုံးဝ မရှိတော့ပေ။ လက်ရှိသူ၏ အားနည်းပြီး နုံးချည့်နေသည့် ခန္ဓာကိုယ်နှင့်အတူ ကာယလုပ်အားက အမှန်တကယ်ကို သူ့အတွက် စိန်ခေါ်မှုကြီး ဖြစ်သည်။ သူ့ကိုယ်သူ အတော်လေး အသုံးမကျသလို ခံစားလိုက်ရသည်။

လင်းရှို့ချင်းက လောလောလတ်လတ် ရေချိုးပေးထားသည့် ကိုယ်ဗလာနှင့် သားငယ်အား အခန်းထဲသို့ ချီခေါ်လာပြီးနောက် အိပ်ရာပေါ်တင်ပေးကာ အင်္ကျီယူရန် တစ်ဖက်သို့လှည့်နေစဉ်တွင် ကောင်ငယ်လေးက သူ့အဖေ၏ ကျောပေါ်တက်ပြီး ...

"ပေပေ ထ၊ ပေပေ ထ"

"အား~ ငါ့ရဲ့ကျောလေး~ ကောင်စုတ်လေး ဆင်းစမ်း...."

"ရဘူး၊ ပေပေ-ထ၊ ပေပေ-ထ၊"

အတော်တန်ကြာလာပြီးနောက်တွင် သူ့ကျောပေါ်မှ အလေးချိန်က တိုးလာပြီး သူ့ခါးမှာ ဆက်ပြီးမခံနိုင်တော့ချေ။ သူက ငယ်ရွယ်သေးပြီး ကျောကိုအများကြီးအသုံးပြုရန် လိုအပ်သေးသည်။

"အား၊ နာတယ်ဟ၊ အကောင်စုတ်လေး၊ မင်း မဆင်းလို့ကတော့ ရိုက်ခံထိပြီသားမှတ်"

လင်းရှို့ချင်း အဝတ်အစား ယူပြီးနောက်တွင် သူ(မ)က ကလေးကို သူ့ကျောပေါ်မှ ချီခေါ်လိုက်ပြီး ဖင်ကို ဖွဖွလေး ရိုက်ကာ ...

"မဆိုးရဘူးလေ ပြီးမှ မင်း အဖေကို မင်းကို ဆုံးမခိုင်းရမယ် ။အမေ မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူးနော်"

"ဟီးဟီး~"

ရီချန်ယန်က သူ့အမေ၏ လည်ပင်းကို ဖက်လိုက်ပြီး သွားရည်များဖြင့် သူ့အမေပါးကို ဖက်နမ်းလိုက်သည်။

"အွီး၊ ရွံ့စရာကြီးနော်၊ မြန်မြန် အဝတ်ဝတ်ပြီး မင်းရဲ့ကိုကိုနဲ့ မမတို့ကို သွားရှာတော့"

အငယ်ဆုံးသားလေးကို အပြင်သို့ လွှတ်ပြီးနောက်တွင် နောက်ဆုံးတွင် လင်းရှို့ချင်းက မေးလာခဲ့သည်။

"ကျွန်မ တစ်နေကုန် အလုပ်များနေတာနဲ့ ရှင့်ကို မေးချိန်တောင် မရလိုက်ဘူး၊ အဖွားအတွက် အံကပ်က ဘယ်လောက်ပေးခဲ့ရလဲ။ ရှင့်မိဘတွေ ညစာစားတုန်းက ရှင့်ကို မေးနေတာကို ရှင်က ဘာမှမပြောလို့လေ၊ အခုလေးတင် အဖွားက ကျွန်မကိုတံခါးအနောက်ခေါ်ပြီး စာအိတ်အနီအတင်းထိုးပေးနေတာ၊ ကျွန်မလည်း လက်မခံဘဲ အမြန်အထဲထဲဝင်လာခဲ့တာ"

"ငါလည်း ဖွားက ငါ့ကို ပိုက်ဆံပေးနေမှာ ကြောက်လို့ပေါ့။ အဲ့ဒါကြောင့် ဘာမှမပြောတာ"

သူက ပြောလည်းပြောရင်း ခေါင်းအုံးအောက်မှ ငွေစာရွက်များကို ထုတ်ပေးလာခဲ့သည်။ သူ ‌နေ့လယ်အိမ်ပြန်လာသည့် အချိန်တုန်းက အလုပ်လုပ်နေစဉ်  ပြုတ်ကျမသွား‌စေရန်အတွက် အိတ်ကပ်ထဲမှ ပိုက်ဆံများကို ခေါင်းအုံးအောက်တွင် ထား,ထားခဲ့သည်။ ငွေပမာဏက မနည်းလှသောကြောင့် ပျောက်ဆုံးသွားပါက သူ့အမေ သူ့ကို ကြိမ်းမောင်းရုံသာမကဘဲ သူ့မိန်းမကလည်း သူ့ကို ခက်ခဲအောင် လုပ်တော့မည် ဖြစ်သည်။

"အံကပ်နဲ့ မှတ်ပုံတင်ကြေးက အားလုံးပေါင်းမှ ၁၂ ယွမ် ၂၈ ဆင့်ပဲ ကျတာ၊ အသွားအပြန်ကုန်ကျစရိတ်ရော ဖွားက အသက်လည်းကြီးပြီဆိုတော့ ငါ လံချား တစ်စီး ငှားတာရောဆိုတော့ အားလုံးပေါင်း ၁၃ ယွမ်တောင် မကျဘူး၊ မင်း တွက်ကြည့်ကြည့်လို့ရတယ်၊ အသွားအလာ စရိတ်က လွဲပြီး တစ်ခြား ဘာမှ အပိုမသုံးထားဘူး၊ အံကပ် တပ်ပြီးတာနဲ့ ငါတို့ ချက်ချင်း အိမ်ပြန်လာခဲ့ကြတာ၊ ဖွားက အပြင်မှာ မစားချင်ဘူး ဆိုလို့လေ"

သူ့ စကားကို နားထောင်ပြီးနောက် လင်းရှို့ချင်းမှာ စိတ်သက်သာရာရသွား၏။ ၁၃ ယွမ်သာ ကုန်ကျပြီး ဤမျှထိ စျေးသက်သာလိမ့်မည်လို့ သူ(မ) မမျှော်လင့်ထားခဲ့ချေ။ သူတို့ ပိုက်ဆံ အများကြီး သုံးစွဲလောက်မည်လို့ ခန့်မှန်းထားပြီး သူ(မ)ကိုယ်သူ(မ) ကြိုတင် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။

"လူကြီးတွေက အသက်ကြီးလာတာနဲ့ ပိုက်ဆံကို မသုံးချင်ကြတော့တာ၊ ကျွန်မဆိုလည်း အပြင်မှာ စားမှာ မဟုတ်ဘူး၊ သည်းခံပြီး အိမ်ရောက်မှပဲ ချက်စားတော့မှာ"

ပိုက်ဆံကို ရေတွက်ကာ သူ ဘာမှ မဖွက်ထားပြီး အားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက်မှာတော့ သူ(မ)က စိတ်ကျေနပ်သွားပြီး သော့ခတ်ကာသိမ်းထားလိုက်သည်။

သူ(မ)ရဲ့ယောကျာ်းက သိပ်ကို စိတ်ချရတာပဲ၊ ဘယ်တော့မှ ပိုက်ဆံကို မဖွက်ထားဘူး...။

"မင်း ရေလို့ပြီးပြီလား။ ပြီးသွားရင် ဒီကိုလာပြီး ငါ့ပုခုံးကို နှိပ်ပေးစမ်းပါအုံးကွာ။ ဒီမှာ နာကျင်ကိုက်ခဲနေရော"

"ရက်နည်းနည်းလေးနဲ့ ရှင်က ကိုက်ခဲနေပြီပေါ့။ ကျွန်မမှာ အခု အချိန်မရှိသေးဘူး၊ အဝတ်တွေလျှော်ဖို့ လိုသေးတယ်"

"မင်း..."

တစ်စက်ကလေးမှ Romantic ဆန်လို့ကို မရဘူး....

သူ သူ(မ)နဲ့ စကား ကောင်းကောင်း ပြောချင်သေးတဲ့ဟာကို...

နောက်တစ်နေ့ မနက် ရီရောင့်သုန်း တစ်ယောက် နိုးလာချိန်တွင် သူ့အဖေ မနက်စာ စားနေသည်အား မြင်လိုက်ရသည်ကို အံ့အားသင့်သွားတော့သည်။

"အဖေ၊ ဒီနေ့ ပင်လယ်ထဲမသွားဘူးလား"

ရီရောင့်ဟွားက ...

"မနေ့က လေထန်တယ်လေ။ ပြီးတော့ ပင်လယ်ဘက်က လှိုင်းတွေက တစ်ဖြည်းဖြည်း ကြီးလာပြီ၊ ငါတို့ ထွက်ပြီး သိပ်မကြာခင်ပဲမလို့ ပြန်လာခဲ့တာ"

"တစ်ရက် မသွားရင် တစ်ရက် အရှုံးပဲ"

"အင်း၊ ဘယ်တတ်နိုင်ပါ့မလဲ။ လှိုင်းတွေက တအားကြီးနေတာ၊ ဒီရက်ပိုင်း တိုင်ဖွန်မုန်တိုင်း တစ်ခု ငါတို့ ကျွန်းဘက် ဖြတ်မယ်လို့ ရေဒီယိုကနေ သတင်းကြားထားတယ်၊ လာမယ့်ရက်အတွင်းတော့ ငါတို့ သွားလို့ရအုံးမှာ ဟုတ်ဖူး၊ တိုင်ဖွန် မုန်တိုင်း ပြီးတဲ့အချိန်ထိ စောင့်မှပဲ ရတော့မယ်"

ရီရောင့်သုန်းက အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး နူးညံ့သည့် လေညှင်းအတူ နေမင်းကြီးက တောက်ပ ဖြာထွက်နေဆဲကို မြင်လိုက်ရသည်။ တိုင်ဖွန်ဝင်မည့် အရိပ်အယောင်ကို မတွေ့ရချေ။

"နာတာပဲကွာ၊ ရက်နည်းနည်းလောက် မသွားဘဲနေရင် ယွမ်ရာနဲ့ချီ ဆုံးရှုံးရမှာ"

အဖေရီက သူ့ကို အထင်အမြင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ

"ပွစိပွစိ ပြောနေတာ ရပ်တော့၊ မင်း ငါနဲ့ လိုက်ချင်လို့လား"

"အဖေက ကျွန်တော့်ကို လိုက်စေချင်လို့လား"

ဖေဖေရီမှာ သူ့စကားကြောင့် တွန့်သွားရသည်။ ရီရောင့်သုန်းက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တိုးတက်မှု အချို့ကို ပြသခဲ့သော်လည်း သူ့ရဲ့အတိတ် မှတ်တမ်းထဲတွင် ချို့ယွင်းချက်များက အပြည့်။ သူ လိုက်လာခဲ့လျှင်တောင် အကူညီရ၊မရက မသေချာချေ။ တစ်ဖက်တွင် အကြီးဆုံးနှင့် ဒုတိယသားတို့က လှေကို ကျွမ်းကျင်စွာ လည်ပတ်နိုင်နေပြီဖြစ်ကာ ရံဖန်ရံခါတွင် သူ့ကို အနားရစေ၏။

သည်ကလေးကိုသာ ခေါ်သွားလို့ကတော့.....

အဖေရီ တစ်ယောက် သူ့ကို သင်ပေးရမည်က ခက်ခဲသလို ခံစားလိုက်ရပြီး လှေကိုလည်း သူ့လက်ထဲ အပ်ထားခဲ့ဖို့က အဆင်မပြေလှ‌ချေ။ အဖေရီသာ သူ့ကို  ခေါ်သွားလျှင် လှေ‌ပေါ်တွင် နေ့ရောညပါ သူ အလုပ်လုပ်ရတော့မည်မှာ အသေအချာပင်။ အဖေရီ အနားယူရဖို့ဆိုတာက လုံးဝနီးပါး မဖြစ်နိုင်လောက်ချေ.....

ရီရောင့်သုန်း တစ်ယောက် မျက်စောင်းထိုးလိုက်တော့သည်။ သူ သူတို့နဲ့ ပင်လယ်အတူ ထွက်မယ်လို့ စဉ်းစားရုံပဲရှိသေးတယ်၊ သူ့အဖေက ချက်ချင်းပဲ တွန့်ဆုတ်နေပြီ....။

အဖေရီက မပြောခင် တစ်ခဏ တွန့်ဆုတ်နေပြီးမှ ...

"တိုင်ဖွန် ပြီးတော့မှပဲ ဒီအကြောင်း ဆက်ပြောကြတာပေါ့"

သည်ကလေးကို သေချာပေါက် သင်ပေးရမည် ဖြစ်သော်လည်း ဖိအား သိပ်မရှိသည့် အချိန်ကျမှ သင်ပေးတာက ပိုအဆင်ပြေလိမ့်မည်။ သူတို့ သူ့ကို စိတ်ချမထားနိုင်ပေ၊ အထူးသဖြင့် ယခုလို အိမ်ဆောက်ဖို့ရာအတွက် ငွေအများကြီး လိုအပ်နေချိန်တွင်။ သူတို့ နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်ချေ။

ထိုအချိန်တွင် ညီအစ်ကို သုံးယောက်က သူ့အား အလှည့်ကျ ကူညီပေးနိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် အညီအမျှ ဝေစုခွဲနိုင်‌ပေသည်။ အငယ်ဆုံးလေးက အနည်းငယ် အားကိုး မရသော်လည်း ညီအစ်ကို သုံးယောက်ကြား သိသိသာသာ ကွာဟချက်မရှိရလေအောင် အဖေရီက သူကို ပိုပြီးညွှန်ကြားပြသပေးချင်သေးသည်။

အမေရီကလည်း ဖြည့်စွက်ပြောလာခဲ့သည်။

"ကံကောင်းလို့ပေါ့။ ငါတို့ဆီမှာ ဒီရက်အတွင်း စားဖို့ ငါးခြောက်နဲ့ ပုစွန်ခြောက်တွေ ရှိပေလို့၊ ဘာဟင်းရွက် ဝယ်မနေဘဲ ရက်နည်းနည်းလောက်တော့ ဒါတွေနဲ့ စားလို့ ရသေးတယ်၊ အဲ့ဒီလိုဆို ပိုက်ဆံလည်းချွေတာပြီးသား ဖြစ်သွားတာပေါ့၊ မဟုတ်ရင် ဒီလောက် အလုပ်သမား အများကြီးနဲ့ တစ်နေ့ကို အစားသောက်ဖိုးနဲ့တင် ပိုက်ဆံ တော်တော်ကုန်နေပြီ"

လင်းရှို့ချင်းကလည်း အပြင်ကနေဝင်လာပြီး ...

"အမေ၊ သမီး စစ်ကြည့်တာ သမီးတို့ မနေ့က အခြောက်လှမ်းထားတဲ့ ကမာတွေကို အခု သိမ်းလို့ရနေပြီ"

"ဒါဆို အဲ့ဒါတွေကို ဖယ်ထားလိုက်၊ နေ့လည်ကျ ဆီပူပူနဲ့ ကြော်လိုက်မယ်"

ရီရောင့်သုန်းက သူ့ဇနီးအား ကြည့်ကာ

"ဘာလို့ ကမာတွေကို အခြောက်ထုတ်ခံနေရတာလဲ။ အလုပ်ရှုပ် ကရှုပ်နဲ့"

"အခွံမာ ငါးတွေနဲ့ ပင်လယ်စာ‌တွေက အများကြီးကျန်နေတာလေ၊ အဲ့ဒါကြောင့် ချက်ပြီး အခြောက်ခံဖို့ လုပ်လိုက်တာ အဲ့ဒါမှလည်း ကြာကြာသိမ်းထားနိုင်မှာ မကောင်းတော့မှာလည်း စိတ်မပူရတော့ဘူးလေ"

"ဆယ့်ငါးရက် ဝန်ကျင်လောက်ကျရင် ငါ ဒီအနီးနားက လူသူမဲ့ကျွန်းပေါ် သွားပတ်ကြည့်လိုက်အုံးမယ်"

သူ အနည်းငယ် စုဆောင်းလာပြီး သူတို့ကို အခြောက်ခံလိုက်လျှင်...ဒါက အကြံကောင်းပင်။

ထိုအတွေးဖြင့် သူက သူ့အဖေအား အလျင်အမြန်ဖြင့်

"တိုင်ဖွန်က နီးနေပြီ ကျွန်တော်တို့ လှေကို အကာကွယ်ရှိတဲ့ ဆိပ်ကမ်းဆီ သွားမထားသင့်ဘူးလား"

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now