Chapter 56

1.2K 105 0
                                    

အပိုင်း (56)


လင်းရှို့ချင်း တစ်ယောက် အမောတကာ ပြန်ရောက်လာပြီး ရီရောင့်သုန်းဆီ ပုံးကို ကမ်းပေးလိုက်သည်။

ရီရောင့်သုန်းက ပုံးကို ယူကာ ပင်လယ်ရေ ဖြည့်နေရင်းဖြင့် သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။

"အမေနဲ့ တခြားသူတွေ ဘာလို့ မင်းနဲ့ မပါလာကြတာလဲ"

သူ(မ)က မျက်တောင်လေး မှိတ်ခပ် မှိတ်ခပ်ဖြင့် ...

"ကျွန်မ ဘာမှမပြောခဲ့ဘူးလေ"

သူ(မ)က ထိုမျှ မနုံအကြောင်း စဉ်းစားပြီး ဖွဖွလေးရယ်လိုက်၏။

"သူတို့ မင်းကို ရေပုံး ဘာလို့ လာယူမှန်း မမေးကြဘူးလား"

"ကျွန်မ အပြေးဝင်သွားပြီး ပုံးကို ဆွဲယူလာတာ၊ ပြီးတော့ ကမန်းကတန်း ပြန်ပြေးထွက်လာခဲ့တာ၊ သူတို့ အနောက်ကနေ မေးကြပါသေးတယ်။ ကျွန်မလည်း ပြန်ဖြေဖို့ အချိန်မရှိတာနဲ့ မဖြေခဲ့ရဘူး"

"အိုး"

သူ(မ)က Grouper ကြီး ပုံးထဲထည့်နေသည့်ကိုကြည့်ရင်း လင်းရှို့ချင်း တစ်ယောက် အိတ်ကိုဖွင့်ကာ နောက်ထပ် ရိတ်သိမ်းမှုကို ရှာဖွေကြည့်လိုက်သည်။ ကြည့်ရသလောက်တော့ ဖမ်းစရာ သိပ်မကျန်တော့တဲ့ပုံဘဲ...။

"ရှင် နည်းနည်းပါးပါး ထပ်ရှာမကြည့်ထားဘူးလား။ ကျွန်မ ထွက်သွားတော့ ဖမ်းမိထားတာ ရှိသေးလား"

"ပွပေါက်ကြီးက ဒီ‌မှာလေ။ ငါက ဘယ်ကို သွားရမှာတုန်း၊ ပြီးတော့ ဒီရေက ကျနေသေးတာပဲကို လောစရာ မလိုပါဘူးကွာ၊ လောလောဆယ် ပုံးကို ဒီမှာထားခဲ့ကြမယ်၊ သွားလေရာ သယ်သွားဖို့တော့ မလိုဘူး ဘာပဲဖြစ်ဖြစ် တိုင်ဖွန် ရက်ကြီး၊ ဘယ်သူမှ ငါး ရှာထွက်ကြမှာ မဟုတ်ဘူး"

သူ(မ)က ပုံးကို မ,တော့မလို့ပင်၊ သို့သော် သူ့ စကားကြားပြီးနောက် ရွေးချယ်စရာ မရှိတော့ဘဲ ပြန်သာချထားရလေသည်။ တစ်ဝက်ပြည့်နေသည့်ပုံးကို သယ်သွားရမည်က အတော်လေး,လေးလှသည်မှာ အမှန်ပင်။

ခြေလှမ်း အနည်းငယ်လျှောက်ရရုံသာ ရှိသေး ရီရောင့်သုန်းက ကျောက်ကဏန်း တစ်ကောက်ကို ကုန်းကောက်လိုက်ပြီး ရေရွတ်ရင်းဖြင့် ...

"ခုနကတည်းက မင်းကို ညှပ်ရှည်ပါ ယူလာခိုင်းလိုက်ရမှာကွာ၊ အဲ့လိုဆို ကဏန်းတွေ ဘာတွေပါကောက်ရင် ပိုပြီး အဆင်ပြေသွားမှာ"

လင်းရှို့ချင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ...

"အဲ့ဒါ ရှင်အစောကြီးကတည်းက ပြောရမှာလေ"

"ငါလည်း မေ့သွားလို့ပေါ့ကွာ၊ ‌ခြေတစ်ချောင်းပျောက်နေတဲ့ ကဏန်းပြာ တစ်ကောင်ကို တွေ့တော့မှပဲ သတိရတော့တယ်"

ယခုခေတ်တွင် ခေါ်ဆိုရန် ဖုန်းများ မပေါ်သေးချေ။

နှစ်ယောက်သား ကျောက်ဆောင် တစ်ဝိုက် ပတ်ရှာကြပြီး ရွှေ့လို့ရသည့် ကျောက်တုံးမှန်သမျှ ရွှေ့ကာရှာကြလေသည်။ သူတို့၏ ရိတ်သိမ်းမှုက အတော်လေးများလှ၏။ လင်းရှို့ချင်းသည် ကျောက်ကဏန်းများသာမက ပင်လယ်ပုပ် ငါးကောင်၊ခြောက်ကောင်ကိုပါ ဖမ်းမိခဲ့သည်။ တစ်ခဏလေးအတွင်း သူတို့နှစ်ဦးက အကောင်ရေ ဒါဇင်ကျော်နှင့်အတူ အနီကွက် ကဏန်းတစ်ချို့ပါ ကောက်ခဲ့ကြသည်။ ရီရောင့်သုန်း တစ်ယောက် မကြာခဏ ခါးကုန်းနေရသဖြင့် သူ့ကျောပင် စတင်ကိုက်ခဲလာပြီဖြစ်သည်။

သူက ကိုယ်ကို ဆန့်တန်းပြီး ခါးကိုလှည့်ကာ ...

"ငါ့အသက်ကဖြင့် ၂၅ ပဲ ရှိသေးတာကို ဘယ်လိုဖြစ်ပြီး ငါ့ ခါးက အသုံးမဝင်တော့ဘူးလို့ ခံစားနေရလဲမသိဘူး"

လင်းရှို့ချင်း၏ မျက်နှာက အနည်းငယ် နီမြန်လာပြီး သူ့ကို ကြည့်ကာ ...

"ရှင် တော်တော် အရှက်မရှိတာပဲ"

"ဒီမှာ ဘယ်သူမှာမှ မရှိတာ၊ အဲ့တော့ ဘာလို့ ရှက်နေရမှာလဲ"

လွန်ခဲ့သည့် ရက်အနည်းငယ်က အမှန်ပင် အလုပ်များနေခဲ့သည်ဖြစ်ရာ သူ့ တစ်ကိုယ်လုံး အားအင်များခမ်းခြောက်သွားသလို ခံစားနေရသည်။ သည်ညတော့ သူတကယ် အနားယူပြီး အကြောဖြေဖို့ လိုအပ်နေပြီ။

"ဟေး~ ဒီမှာ ကဏန်းနီ တစ်ကောင်၊ ဘာလို့ တစ်ကောင်ချင်းစီပဲ ရှာတွေ့နေတာလဲ မသိဘူး၊ တစ်ပန်းကန်လုံးစာသာ မရရင် ငါတို့ ဘယ်လို ချက်ရတော့မလဲ"

"ဒီလောက်ဆို လောက်ပါတယ် ရှင်ရယ်၊ အားလုံးအတူတူ ပြုတ်ပြီး ရိုးရိုးရေလုံးပြုတ်လေးဆိုလည်း အဆင်ပြေတာပဲ"

"ဟေ့၊ ဒီမှာ နောက်တစ်ကောင်၊ ငရုပ်သီးစိမ်းလေးနဲ့ကြော်လိုက်ရင် ဟင်းတစ်ခွက်စာ ရပြီ"

လင်မယား နှစ်ယောက် လမ်းလျှောက်ရင်း၊ စကားစမြည် ပြောရင်းဖြင့် ရှာဖွေတွေ့ရှိမှုများအတွက် စိတ်လှုပ်ရှားနေခဲ့သည့် လင်းရှို့ချင်းသည် ယခုအခါမှာတော့ သူတို့ကို ဘာတုံ့ပြန်မှုမှ မရှိတော့ဘဲ အေးအေးဆေးဆေးသာ ကြည့်နေတော့သည်။

"ဟိုမှာ လှိုင်းနဲ့ပါလာတဲ့ ပင်လယ်ခရု တစ်ကောင်၊ တော်တော်ကြီးတယ် ရှင့်၊ အထဲမှာ အသားမရှိတဲ့အခွံကြီးများ ဖြစ်နေမလား"

လင်းရှို့ချင်းက လှိုင်းတစ်ခု သူ(မ)ခေါင်းလောက်ကြီးသည့် ပင်လယ်ခရုကြီး တစ်ခုကို ကမ်းစပ်ပေါ် သယ်ဆောင်လာသည်အား ကြည့်ရင်း အထဲတွင် အသားပါ၏၊ မပါ၏ကို မသေချာဖြစ်နေ၏။

သူ(မ)က သိချင်စိတ်ဖြင့် ခရုကို ကန်လိုက်ရာ ပင်လယ်ခရုကြီးက နောက်ဆုတ်သွားသော ခရုအသားကို ထုတ်ဖော်ပြရင်း ပက်လက်လှန်သွား၏။

အသားရှိတယ်ဟ။

သူ(မ) စိတ်လှုပ်ရှားစွာဖြင့် ကောက်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ၎င်းက သူ(မ)ခေါင်းလောက်နီးပါး ကြီးမား၏။ သည်ပင်လယ်ခရုကြီးက ဈေးကောင်းရမှာ သေချာတယ်။

"အားသုန်းရေ ဒါဘာပင်လယ်ခရုအမျိုးစားလဲ? အရမ်းကြီးတာပဲတော့်!"

ရီရောင့်သုန်းက အများကြီး မမျှော်လင့်ထားဘဲ ခေါင်းကိုမော့လိုက်ရာ သူ့မျက်လုံးများက အံ့အားတသင့်ပြူးကျယ်လာတော့သည်။

"အုန်းခရုလား။ အဲ့လောက်တောင် ကြီးတယ်လား"

"အုန်းခရုလား"

သူ(မ)လို တောင်ပေါ်သူတစ်ယောက်အနေဖြင့် မှတ်မိဖို့က ခက်ခဲလှ၏။ သူတို့ ရွာရှိ လူများတောင်မှ ဤကဲ့သို့ ခရုကြီးမျိုးကို ရှာတွေ့ခဲလေ၏။

သူက သူ့လက်ထဲမှ အိတ်ကိုပင် ဂရုစိုက်မနေတော့ဘဲ ဘေးသို့ ပစ်ချလိုက်ပြီး လင်းရှို့ချင်းထံ အပြေးသွားကာ ခရုကြီးအား သူ(မ)ဆီမှ ယူပြီး ...

"လခွမ်း၊ ဒီလောက်ကြီးတဲ့ အုန်းခရုကြီး။ သုံး၊ လေးကျင်းလောက် ရှိတယ်ကွ"

"ပိုက်ဆံ အများကြီး တန်တာလား"

လင်းရှို့ချင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တစ်ဖျပ်ဖျပ် လက်လာ၏။

"တန်ဖိုး ရှိလား၊ မရှိလားကတော့ သူ့ဗိုက်ထဲ ရတနာ ရှိ၊ မရှိ ပေါ်မူတည်တယ်၊ ဘာရတနာမှ မရှိဘူးဆိုရင်တော့ ပိုက်ဆံနည်းနည်းဘဲရမှာ၊ ဒါပေမဲ့ ရတနာသာရှိလို့ကတော့ ငါတို့ ချမ်းသာပြီကွ"

သူ(မ)က ပဟေဠိဖြစ်သွားပုံဖြင့် နားထောင်ပြီး ...

"ဘာပြောလိုက်တာ။ သူ့ ဗိုက်ထဲ ဘာရှိရအုံးမှာလဲ"

"ကံကောင်းလို့ ငါ ဒီမှာ ရှိနေလို့ပေါ့။ ငါသာ မရှိဘဲ မင်းတစ်ယောက်တည်းသာဆိုရင် မင်း ချက်ချင်းသွားရောင်းလိုက်ပြီမလား"

"မဟုတ်ရင်ရော"

သူ(မ)က သူ့စကားများ နားထောင်ရင်း ပို၍ ရှုပ်ထွေးလာရ၏။

"သူ့ဗိုက်ထဲ ဘယ်လို ရတနာမျိုး ရှိနေမှရမှာလဲလို့"

"သေတော့ မသေချာဘူး၊ ငါတို့ တူးထုတ်ကြည့်ရမှာပဲ"

"အာ၊ ကျွန်မတို့ အသားကို ထုတ်လိုက်ရင် ခရုကို ဘယ်လိုလုပ် သွားရောင်းရတော့မလဲ"

"ငါတို့ အသားကို မထုတ်ကြည့်ရင် အထဲမှာ ရတနာရှိမှန်း ဘယ်လိုလုပ်သိပါ့မလဲ။ ဒီလောက်ကြီးတဲ့ခရုမျိုးဆို အနုပညာ လက်ရာအဖြစ် ဖန်တီးလို့ရတာမလို့ စုဆောင်းသူတွေအတွက်ဆို ဈေး သက်သက်ရှိပြီးသား"

ဒါပေမဲ့ ရတနာတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် သည်ခရုက ဘာအရေးလဲ။

သူတို့၏ ကမ်းရိုးတန်း တစ်လျှောက်ရှိ တံငါသည်များအားလုံး ကမာများ သို့မဟုတ် အလားတူအရာများကို ဖမ်းမိသည့်အခါတိုင်း၊ အထူးသဖြင့် အရွယ်အစား ကြီးမားပါက ၎င်းတို့ အတွင်းတွင် ရှားပါးရတနာများ ဝှက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန် ၎င်းတို့အား ဖွင့်ဖြတ် "ခွဲစိတ်မှု" ပြုလုပ်ရမည်ဖြစ်ကြောင်း သိထားကြသည်။

လင်းရှို့ချင်း တစ်ယောက် ပိုပို၍ စိုးရိမ်စိတ်ကြီးလာရသည်။ တစ်ချိန်လုံး ရီရောင့်သုန်းက အထဲတွင် ဘာရတနာရှိလဲဆိုတာကို မပြောသေးချေ။

"အထဲမှာ ဘာရှိတာလဲလို့။ ပုလဲလား"

ရီရောင့်သုန်းက ပြုံးရင်းဖြင့် ...

"ဖွင့်မှ မဖွင့်ကြည့်ရသေးတာ အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူက သိမှာလဲ။ မင်း ဘာမဟုတ်တာလေးနဲ့ စိတ်မလှုပ်ရှားရအောင် ငါတို့ ဖွင့်ပြီးတာနဲ့ ငါမင်းကို တစ်ခါတည်း ပေးသိမှာပေါ့"

သူ(မ)က ဒေါသထွက်လွန်းစွာဖြင့် သူ့ကို စိမ်းစိမ်းကြီး စိုက်ကြည့်တော့သည်။

"ဒါဆိုလည်း မြန်မြန်ဖွင့်လေ"

ရီရောင့်သုန်းက သူ့လက်များကို ဖြန့်ပြရင်း ...

"ငါ ဘာပစ္စည်းမှ မပါလာ‌ဘူးလေ၊ ဖွင့်လို့ရအောင် ငါးမျှားချိတ်လေး တစ်ချက်ပေး၊ မဟုတ်ရင်တော့ အိမ်ပြန်သယ်သွာပြီး ချက်ပြီးတော့မှပဲ အသားကိုထုတ်ကြည့်ရမှာ"

"ဒါဆိုလည်း ကျွန်မတို့ အိမ်ပြန်ရောက်တော့မှ ဖွင့်ကြည့်ကြတာပေါ့"

သူက တစ်ခဏ စဉ်းစားလိုက်ပြီး

"ဈေးဆိုင်လေးဆီ သွားပြီး အလေးချိန်ချိတ်သွားငှားကြည့်ရင်ရော ဘယ်လိုလဲ"

အကယ်၍ ရတနာသာ အိမ်ရောက်မှ တွေ့လျှင် တစ်ခြားသူများကို သွေးမဆောင်နိုင်ဘူးလို့ မပြောနိုင်ချေ။ ထို့အပြင် သူ့ကလည်း ယခု ချက်ချင်းပင် အထဲမှာ ဘာရှိသလဲ ကြည့်ရဖို့ကို အတော်လေး စိတ်မရှည်ဖြစ်နေပြီ ဖြစ်သည်။

"ဟုတ်ပြီ၊ ကျွန်မ အခုပဲ သွားလိုက်မယ်"

"ငါ သွားလိုက်ပါ့မယ်၊ မင်းက ဒီမှာပဲနေခဲ့ပြီး စောင့်ကြည့်နေ၊ မင်း အခုလေးတင် သွားထားရတာမလား"

"ရပါတယ်ဆို"

သူ(မ)က ပြောပြီးနောက် ပြေးထွက်သွားလေသည်။ သူ(မ)သည်လည်း အထဲတွင် ဘာရှိနေသလဲကို အတော်လေး သိချင်နေပြီ ဖြစ်သည်။

ရီရောင့်သုန်း တစ်ယောက် ခရုအား လေ့လာနေရင်းဖြင့် နေရာမှာသာ စောင့်နေလေသည်။ ပုံစံအရဆိုလျှင် အထဲတွင် တစ်ခုခု ရှိ၊ မရှိက မသေချာချေ။ သူ ထိလိုက်သည့်အချိန် ၎င်းက အနည်းငယ်နောက်ဆုတ်သွားကာ အတော်လေး လတ်ဆတ်ကြောင်း ညွှန်ပြနေ၏။

သူသာ အခွံ အပိုင်းအစများ အသားထဲ စိုက်ဝင်နေမည်ကို မကြောက်လျှင် ပိုပြီး လွယ်ကူစေသည့် တိုက်ရိုက်သာ ရိုက်ဖွင့်ချလိုက်မည် ဖြစ်သည်။

စောင့်နေရင်းဖြင့် သူက ခရုကို လက်ဖြင့်ပိုက်ကာ လှည့်ပတ်ကြည့်လေသည်။ သူလည်း ပင်လယ်ပုပ်နှစ်ကောင်နှင့် ကျောက်ကဏန်း သုံးကောင်ကို ဖမ်းမိပြီး အကုန်လုံး အိတ်ထဲ ပစ်ထည့်လိုက်သည်။ သို့ရာတွင် ခရုကြီးကိုတော့ သူ အိတ်ထဲ မပစ်ထည့်ရက်သဖြင့် လက်ထဲတွင်သာ ကိုင်ထားလေသည်။

လင်းရှို့ချင်းက စိတ်လှုပ်ရှားနေပြီး ပြန်ပြေးလာ‌စဉ် ရုတ်တရက် ခလုတ်တိုက်ပြီး ချော်လဲလေသည်။ ဒူးခေါင်းပွန်းသွားပြီး ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက်လာ၏။ ရီရောင့်သုန်းက သူ(မ)အား အဝေးကနေ သတိထားမိပြီး သူ(မ)ဆီ အမြန်ပြေးသွားလိုက်သည်။

"ဘာဖြစ်သွားတာလဲ။ ‌ပြုတ်ကျလာတာလား"

"အင်း၊ ပြေးလာနေတုန်း ကျောက်တုံးနဲ့ ခလုတ်တိုက်သွားတာ"

သူ(မ)ဘောင်းဘီ ဒူးခေါင်းနေရာက ပြဲသွားပြီး ရွံ့မြေများ ကပ်ပေနေ၏။ သူ မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ကာ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး စစ်ဆေးရန်အတွက် ဘောင်းဘီကို ဆွဲတင်ရန် ပြင်လိုက်သည်။ သို့ရာတွင် သူ(မ)က ရှောင်လိုက်ပြီး အဝေးသို့ ဖယ်လိုက်သည်။

"အဆင်ပြေပါတယ်၊ အိမ်ပြန်ရောက်ရင် ချုပ်လိုက်မယ်၊ အားလုံး အဆင်ပြေသွားလိမ့်မယ်"

"ဘယ်သူက မင်း ဘောင်းဘီကို ဂရုစိုက်နေလို့လဲ။ ဘောင်းဘီခြေထောက်ကိုသာမလိုက် တစ်ချက်ကြည့်ကြည့်မလို့"

"မလိုပါဘူး။ ကျွန်မ အဆင်ပြေပါတယ်ဆို၊ အွန့်၊ အမြန် အလေးချိန်ချိတ်ကို ယူပြီး အထဲမှာ ဘာရှိလဲကြည့်ရအောင်၊ ခရုကို ဖွင့်ကြည့်ကြည့်"

"မင်းရဲ့ဒူးခေါင်းကိုသာ အရင် ကြည့်ပါရစေအုံး၊ ခရုက အချိန်မရွေးဖွင့်......"

"ဘာလို့ စိတ်တိုအောင် လုပ်နေတာလဲ။ မြန်မြန်......"

လင်းရှို့ချင်းက သူ့လက်မောင်းများထဲ အလေးချိန်ချိတ်ကို ထိုးထည့်ပေးလိုက်သည်။

ကူကယ်ရာမဲ့စွာဖြင့် ရီရောင့်သုန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ သူ(မ)အတွက် ခရုကို အရင်ဖွင့်ပေးရတော့သည်။

ဤခရု အမျိုးအစားများအတွက် ဒေသခံများတွင် အသားထုတ်ယူသည့် နည်းလမ်းရှိ၏။ သူတို့က ပုံမှန်အားဖြင့် အလေးချိန်ချိတ်ကို အသုံးပြုကာ ၎င်း၏ အသားကို ချိတ်ဖြင့် အတန်ကြာချိတ်ဆွဲထားရသည်။

အုန်းခရု၏ ခရုပတ်အပိုင်းက တိုတောင်းပြီး ၎င်း၏ အတွင်းပိုင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခြင်းမရှိသဖြင့် ခိုင်ခံ့မှု မရှိကာ အချိန်အတော်ကြာ ဇောက်ထိုးချိတ်ပြီးချိန်တွင် ခရု၏ အမြီးက အခွံ၏ အလေးချိန်ကို ခံနိုင်ရည် မရှိတော့ဘဲ သဘာဝအတိုင်း ပြေလျော့သွားပြီး အကောင်းပတိ အသားသာ ချိတ်တွင် ကျန်ရစ်ခဲ့လေသည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now