ဘုရားပွဲက မီးရောင်တွေထိန်လင်းကာ ဟိုကဒီက ဈေးရောင်းဈေးဝယ်ခေါ်သံတွေ ကလေးကစားကွင်း ရဟတ်တို့က ပင်လယ်ဓားပြလှေတို့က ဖွင့်ထားသောသီချင်းသံကျယ်ကျယ်တို့နဲ့ဆူညံစည်ကားနေသည်။
'' နင်တို့မိန်းကလေးတွေ အတန်းလိုက်ကြီးစီလျောက်မနေနဲ့လေ ... လူနည်နည်းခွဲဦး ''
ဆက်ကစိတ်ပျက်လက်ပျက်နဲ့လှမ်းပြောလိုက်ပေမယ့်ဘယ်သူမှနားမထောင် ... ပါလာတာကမိန်းကလေးငါးယောက်တောင် ... နှစ်တန်းလောက်ခွဲလျောက်ရင်ရနေတာကို ဘယ်သူကမှနောက်ခွဲကျန်မနေရစ်လိုပုံနဲ့ ငါးယောက်လုံး တစ်ယောက်လက်မောင်းတစ်ယောက်ဖက်ချိတ်ကာ အတွဲလိုက်ကြီးလျောက်နေကြသည်။
သူတို့လျောက်နေတဲ့လမ်းမက ကားသုံးစင်းလောက်ချောင်ချောင်ကလေးယှဉ်မောင်းသာရုံလမ်းမကျယ်ဖြစ်သော်လည်း အခုတော့ ဟိုဘက်ဒီဘက်ညှပ်ကာ ဈေးဆိုင်တန်းတွေခင်းကျင်းထားသဖြင့် လူလျောက်စရာလမ်းက ခပ်ကျဉ်းကျဉ်းသာကျန်တာ။
ဒီကြားထဲ ဆိုင်တွေက လောဘတကြီးနဲ့ ကုန်ပစ္စည်းတွေကို လမ်းမပေါ်ခပ်ရောက်ရောက်ထုတ်ခင်းထားကြသေးသည်။
သူတို့နဲ့တင် လမ်းကပြည့်နေသလိုရှိကာ မျက်နှာချင်းဆိုင်ကလူလာရင် အတွဲလိုက်ကြီးဟိုဘက်ယိမ်းလိုက် ဒီဘက်ရှောင်လိုက် ရှုပ်ရှက်ခတ်ကာနေသည်။
ဒါကိုပဲ သူတို့က အတော်ပျော်နေကာ ဗရုတ်သုက္ခအဖြစ်ကို တဟိဟိတခွိခွိ ရယ်မောသဘောကျနေကြသေးသည်။
ရေခဲနဲ့ဆက်နဲ့အပြင် နောက်ထပ် ရေခဲအစ်ကိုနှစ်ယောက်ပါပါသေးတာမို့ သူတို့လူအုပ်ကတောင့်နေသဖြင့် ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပဲ ထင်တိုင်းကျဲနေကြတာ။
အဲ့ဒါကြောင့် ဆက်က အစထဲကလိုက်တောင်မလိုက်ချင်။
သူ့ညီမတွေနဲ့သူငယ်ချင်းကောင်မလေးတွေကိုပွဲဈေးလိုက်ပို့ပေးမယ်လို့ ရေခဲခေါ်ကတည်းက
'' အာ ... မိန်းကလေးတွေတတန်းတန်းနဲ့ မသွားချင်ဘူး ''
လွှတ်ခနဲငြင်းမိတာမို့...
'' အောင်မယ် မိန်းကလေးတွေကဘာဖြစ်လို့လဲ ပြောစမ်းပါ ''
ရေခဲညီမဝမ်းကွဲတွေ ဒေါပွပြီး ဘာညာဝိုင်းစွာတာခံရသည်။