အချစ်ကိုရှာဖွေခြင်း အပိုင်း (၂)
စုရှောင်ဖေးသည် အိမ်သို့ ပြန်ရောက်ပြီးနောက် တစ်ညလုံး တိတ်ဆိတ်စွာ တစ်ခုခုကို စဉ်းစားနေရင်း အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ နိုးထလာချိန်သည် တနင်္ဂနွေနေ့ဖြစ်သည့်အားလျော်စွာ စုရှောင်ဖေး၏ ကိုယ်ပိုင် လွတ်လပ်ချိန်ဖြစ်သောကြောင့် အလုပ်သွားရန် မလိုအပ်သကဲ့သို့ ကြင်ဖက်တွေ့ရန် စီစဉ်ပေးထားမှုများလည်း မရှိပါချေ။
စုရှောင်ဖေး ဆေးရုံ၌ စိတ်ရောဂါဆရာ၀န်အဖြစ် အလုပ်လုပ်ခဲ့ချိန်က ကိုယ့်ကိုကိုယ် သုံးလောကအုပ်ချုပ်သူဟု သတ်မှတ်ထားသည့် စိတ်ရောဂါရှင်တစ်ဦးနှင့် တွေ့ဆုံဖူးသည်။ထိုသူသည် သူသည်သာ အရာအားလုံးကို ပိုင်စိုးပြီး လောကကြီးမှ အဖြစ်အပျက်အားလုံးသည် သူ ဆုံးဖြတ်မှသာလျှင် အရာအားလုံးဖြစ်မြောက်လာနိုင်မည်ဟူသော အစွဲကြီးစွဲကာ ယဉ်ယဉ်လေး စိတ်ရောဂါဖြစ်နေသူဖြစ်သောကြောင့် သူမ ယနေ့တွေ့ခဲ့ရသည့် 'ရွဲ့လောင်'ဆိုသောတစ်ယောက်နှင့် သိပ်မခြားနားလှပါချေ။
စုရှောင်ဖေးသည် တစ်ယောက်တည်း သီးသန့်နေထိုင်ပြီး သူမအိမ်အား သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြဲရှင်းလင်းထားတတ်၏။သူမသည် စိတ်ရောဂါမှတ်တမ်းများ ဖတ်ရှုလေ့လာခြင်း၊ စာအုပ်များ စုဆောင်းရခြင်းတို့ကို သဘောကျနှစ်သက်သော်ငြား အိမ်မှုကိစ္စလုပ်ရခြင်းများကို မကြိုက်သကဲ့သို့ ယောက်ျားများအပေါ်၌လည်း မည်သည့်နည်းနှင့်မှ စိတ်၀င်စားခြင်း မရှိပါချေ။သူမသည် ဘ၀၌ အချစ်ထက် ပိုအရေးကြီးသည့်အရာများ ရှိသည်ဟု ခံယူထားသူတစ်ဦးဖြစ်သည်။
သူမ၏ဧည့်ခန်းထဲရှိ ဆိုဖာဘေးမှ စားပွဲခုံလေးပေါ်တွင် ဘောင်ကွတ်ထားသည့် ဓာတ်ပုံဘောင်တစ်ခုရှိပြီး နောက်တစ်ခုမှာမူ စုရှောင်ဖေးအိပ်ခန်းထဲမှ ကုတင်ခေါင်းရင်းဘက်တွင် ရှိလေ၏။အဆိုပါဓာတ်ပုံများသည် မိသားစု၀င်သုံးဦး၏ပုံရိပ်များကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများ ဖြစ်ကြသည်။ဧည့်ခန်းထဲရှိ ဓာတ်ပုံမှာ သူမ ခြောက်နှစ်အရွယ်က ရိုက်ကူးထားသည့်ပုံဖြစ်ပြီး ရှောင်ဖေးသည် သူမအဖေ၏ လည်ပင်းကို ခွထိုင်ထားကာ လက်ထဲ၌လည်း ပန်းရောင်ဘောလုံးလေးများကို ကိုင်ထားပြီး ရှောင်ဖေး၏အမေမှာမူ ရှောင်ဖေး ပြုတ်မကျစေရန် အနောက်မှ ထိန်းထားသည်။သုံးယောက်လုံး၏မျက်နှာထက်၌ အပြုံးပန်းများ တောက်ပစွာ ပွင့်လန်းနေလျက်ရှိ၏။အဖေဖြစ်သူသည် ရဲ၀န်ထမ်းယူနီဖောင်းကို ၀တ်စုံပြည့်၀တ်ထားပြီး အလွန်ခံ့ညားလျက်ရှိသည်။ထိုပုံရိပ်လေးမှာ စုရှောင်ဖေးနှလုံးသားထဲ၌ ယခုထက်တိုင် စွဲကျန်နေသေးသည့် ဖခင်ဖြစ်သူ၏ ပုံရိပ်လေးပင်။