အပိုင်း ၄။ အချစ်ကိုရှာဖွေခြင်း
"အကူအညီ?"
အနှီအမျိုးသားသည် စုရှောင်ဖေး၏ ပုံပန်းသဏ္ဌာန်ကို တစ်ချက် အကဲခတ်ကာ ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်မူ တွေဝေမှုမရှိပဲ အစောပိုင်းက မီးဖိုထားသည့်နေရာသို့ ပြန်သွားကာ ပါလာသောအိတ်ကိုဖွင့်၍ အ၀တ်အစားများကို ထုတ်လိုက်သည်။
ရှောင်ဖေးသည် အဆိုပါအမျိုးသား မည်သည့်အရာကို ဦးတည်၍လုပ်နေသည်အား သိစေရန် စိတ်ဝင်တစား အကဲခတ်လျက်ရှိ၏။ ထို့နောက်တွင်မူ အဆိုပါအမျိုးသားသည် ရုတ်တရက်ဆန်စွာဖြင့် သစ်ပင်အကိုင်းပေါ်သို့ ခိုတက်ကာ အ၀တ်အစားများကို သစ်ကိုင်းများဖြင့် တွဲချည်လိုက်ပြီး သစ်ပင်ကို တစ်ချက် လှုပ်လိုက်သည်။ ထိုအခါ၌ ရှောင်ဖေးသည် မည်သို့မျှ ဟန်ချက်မထိန်းနိုင်တော့ပဲ မြေပြင်ထက်သို့ သက်ဆင်းရလေတော့၏။
"အား..." စုရှောင်ဖေးသည် ကြောက်အားလန့်အားဖြင့် အော်ဟစ်လိုက်ပြီး သူမ၏စိတ်ထဲ၌ အသက်တစ်၀က်စာ တိုသွားသကဲ့သို့ အသည်းအေးစေမည့် ခံစားမှုမျိုး ခံစားနေရသည်။ သို့သော်ငြား ရှောင်ဖေးသည် မြေကြီးပေါ်သို့ ရောက်သွားမှသာ သူမ၏ခန္ဓာကိုယ်သည် အ၀တ်စများနှင့် အပတ်ခံထားရကြောင်း သတိပြုမိလိုက်၏။ အပတ်ခံထားရကြောင်း သတိပြုမိလိုက်၏။
ရှောင်ဖေးသည် မြေကြီးပေါ်သို့ ကျသွားပြီးနောက် မတ်မတ်ပင် မရပ်နိုင်သေးသဖြင့် ထိုင်လျက်သာ ကြောက်စိတ်ကို ဖြေနေရသည်။
အနှီအမျိုးသားသည်လည်း ရှောင်ဖေးအား လာရောက် ကူညီပေးခြင်းမရှိ၊ သူ၏အ၀တ်များကို ပြန်ချွတ်ပေးခြင်းမရှိပဲ ရှောင်ဖေးရှိရာနှင့် ခြေနှစ်လမ်းခန့်အကွာမှသာ တိတ်တဆိတ် ကြည့်နေလျက်ရှိ၏။
ရှောင်ဖေးသည် မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်းစီ ထရပ်လိုက်ကာ စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။သူမ၏ခြေထောက်များသည် ရွှံ့ရေများထဲ၌ နစ်မြုပ်သွားရာ ခြေထောက်အေးသွားသည်သာမက ကျောက်စရစ်ခဲများအပေါ် နင်းလိုက်မိသောကြောင့် ရှောင်ဖေး၏ခြေထောက်များမှာ စပ်ဖျင်းဖျင်း ဖြစ်သွားကြသည်။
ရှောင်ဖေးသည် အဆိုပါအမျိုးသားကို တရိုတသေဖြင့် ကျေးဇူးတင်ပါကြောင်း လှမ်းပြောလိုက်သော်ငြား အဆိုပါအမျိုးသားသည် ဘာမှမပြောပဲ ပြုံးရုံသာပြုံး၍ အသိအမှတ်ပြုကြောင်း ခေါင်းတစ်ချက်သာ ညိတ်ပြကာ မီးဖိုထားသည့်နေရာသို့သာ ပြန်လျှောက်သွားခဲ့သည်။
ရှောင်ဖေးသည် အဆိုပါအမျိုးသားနောက်သို့ လိုက်သွားကာ တစ်နေရာရာ၌ ဝင်ထိုင်လိုက်၏။ သူမ၏မျက်နှာချင်းဆိုင်တွင်မူ အစောပိုင်းက ဒုက္ခရောက်နေသည့် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမ၏ဘယ်ဘက်တွင်မူ သူမကို ကူညီထားသူ ထိုင်နေကြသည်။
စုရှောင်ဖေးသည် ထိုသူနှစ်ယောင်ကို ကြည့်ရင်း သူမအား ကူညီပေးကြစေရန် စိတ်ထဲမှ ဆုတောင်းမိ၏။
"မိန်းကလေးက ဘာလို့ ဒီကို ရောက်နေရတာလဲ" အနှီအမျိုးသားမှာ ရှောင်ဖေးအား သာမန်အတိုင်း မထူးဆန်းစွာ မေးလာခဲ့သည်။ ကြည့်ရသည်မှာ တောင်ကြိုတောင်ကြား၌ မိန်းကလေးနှစ်ဦးအား တစ်ပြိုင်နက်တည်း တွေ့ရခြင်းသည် ဤဒေသအတွက် မထူးဆန်းသော ကိစ္စရပ်ကြီးတစ်ခုလိုပင်။
ရှောင်ဖေးသည် အနှီအမျိုးသားကို တစ်ချက်ကြည့်ကာ မေးခွန်းများကို ဖြေရန် လုပ်လိုက်သော်ငြား သူမ၏စိတ်ထဲ၌ သင့်လျော်လောက်မည့်အဖြေအား ယခုထိတိုင် စဉ်းစားမရပါချေ။
ယခုကိစ္စအား သူမ ထင်သည့်အတိုင်း ပြောလိုက်လျှင်လည်း သူမ၏စကားကို ယုံကြလိမ့်မည် မဟုတ်သည်မှာ မလွဲဧကန်ပင်။
"ကျွန်မ... ကျွန်မ မမှတ်မိတော့ဘူး"
အနှီအမျိုးသားနှင့် အမျိုးသမီးတို့သည် ရှောင်ဖေး၏စကားကြောင့် အကြည့်ချင်းဆုံသွားကြသည်။
ရှောင်ဖေး၏စိတ်ထဲ၌ ထိုအခြင်းအရာမှာ သူမ၏လေယူလေသိမ်းသည် သူတို့၏လေယူလေသိမ်းနှင့် မတူသောကြောင့် ဖြစ်ပေလိမ့်မည်ဟု တွေးကာ သူမ၏အသံကို တိုးလျစွာ ပြောရင်း ဒုက္ခရောက်နေသူအမျိုးသမီး၏ လေသံကဲ့သို့ ပြုလုပ်လိုက်၏။ "ကျွန်မ သတိထားမိတော့ ကျွန်မ သစ်ပင်ပေါ်ကို ရောက်နေပြီ... ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းလည်း ကျွန်မ မသိဘူး... ကျွန်မက ဘယ်သူမှန်းလဲ မမှတ်မိဘူး"
ရှောင်ဖေးသည် အထင်လွဲနိုင်လောက်မည့် ကိစ္စများကို ထိမ်ချန်ထားကာ အဓိပ္ပာယ်ရှ်ိလောက်မည့် အဖြေတစ်ခုကိုသာ ပေးလိုက်သည်။
သူမ၏အဖြေများသည်လည်း အမှန်များပင် မဟုတ်ပါလော။ ဘာဖြစ်သွားမှန်း သူမ ကိုယ်တိုင်ပင် သိလိုက်သည် မဟုတ်ပါ။
အနှီအမျိုးသားသည် ရှောင်ဖေးကို ကြည့်လိုက်သော်ငြား မည်သည့်စကားမျှဖြင့် ခွန်းတုံ့မပြန်လာပါချေ။
ထိုအစား ရှောင်ဖေးရှေ့မှ အမျိုးသမီးသည်သာ ရှောင်ဖေး၏စကားကို မှတ်ချက်ပြုလာခဲ့သည်။ "မိန်းကလေး ပြောချင်တာက ဘာလို့ ဒီရောက်နေမှန်းတောင် ကိုယ့်ကိုယ်ကိုယ် မသိဘူးလား"
ရှောင်ဖေးသည် ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။
"မိန်းကလေးရဲ့ မျိုးရိုးနာမည်ကရော ဘာလဲဟင်... မှတ်မိရဲ့လား"
ရှောင်ဖေးတစ်ယောက် ခေါင်းကိုသာ တွင်တွင်ခါပြလိုက်သည်။
အမျိုးသမီးသည် သက်ပြင်းတစ်ချက်ချကာ မည်သည့်မေးခွန်းကိုမှ ဆက်မမေးလာပါတော့ချေ။
ထိုအချိန်၌ တိတ်ဆိတ်နေသော အနှီအမျိုးသားမှာ ရှောင်ဖေးအား ထမေးလာခဲ့၏။ "ဒါဆို မိန်းကလေးအနေနဲ့ ဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ"
စုရှောင်ဖေးသည် ရုတ်တရက် ကြောင်အသွားသည်။ သူမ လုပ်နိုင်သည်မှာ ဘာများရှိပါမည်နည်း။ ဘာလုပ်ရမည်ဆိုသည်ကိုပင် သူမကိုယ်သူမ မသိပါ။
မီးပုံပတ်ပတ်လည်ရှိ လူသုံးယောက်လုံးသည် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားကြကာ ထိုတိတ်ဆိတ်မှုအား ရှောင်ဖေးသည် မေးခွန်းတစ်ခုဖြင့် ဖြိုခွင်းလိုက်၏။ "တဆိတ်လောက် မေးပါရစေရှင်... ဒါက ဘယ်နေရာလဲဟင်"
"ဘယ်လို?" အနှီအမျိုးသား၏ မျက်ခုံးများမှာ မြင့်တက်သွားကြသည်။
ရှောင်ဖေးသည် မေးခွန်းမေးလိုက်မိသည်ကိုပင် မလုံမလဲ ခံစားလိုက်ရ၏။
"ဘယ်လို... ဒါက ဘယ်နေရာလဲ ဟုတ်လား" အနှီအမျိုးသားသည် နောက်တစ်ကြိမ် ထပ်မေးကြည့်လိုက်သည်။
ရှောင်ဖေးသည်လည်း ခေါင်းအသာ ညိတ်ပြလိုက်၏။ "ဟုတ်ပါတယ်... ဒါက ဘယ်နေရာလဲဟင်... ကျွန်မ တကယ် မသိလို့ပါ"
သူမရှေ့မှာ လူနှစ်ဦးလုံးသည် ရှောင်ဖေးအား အထူးအဆန်းကဲ့သို့ စိုက်ကြည့်နေကြသောကြောင့် ရှောင်ဖေးသည် သူမ၏ပါးစပ်လေးကိုပင် ပိတ်လိုက်မိသည်။
"ထျန်းလျန်တောင်" အနှီအမျိုးသားမှ ရှောင်ဖေး၏မေးခွန်းကို ဖြေကြားပေးလာခဲ့၏။ "ဒီတောင်ရဲ့ နာမည်လေ... ဒီတောင်ကို ကျော်ပြီး ပထမဆုံးတွေ့ရမဲ့မြို့က 'ကျောက်တုံး' လို့ အဓိပ္ပာယ်ရတဲ့မြို့ပဲ... အရုဏ်တက်တာနဲ့ ဒီမိန်းကလေးကို အဲ့ဒီမြို့စီ သွားပို့ပေးရမှာ... အဲ့ဒီမှာ သူမရဲ့ မိသားစုတွေ ရှိတယ်လေ" အနှီအမျိုးသားသည် ဒုက္ခရောက်နေသူအမျိုးသမီးအား လက်ညှိုးထိုးပြကာ ရှောင်ဖေးကို ပြောပြလာခဲ့သည်။ "မိန်းကလေးကရော ဘယ်ကနေ ရောက်လာတာလဲ... မိန်းကလေးရဲ့မြို့ကရော ဘာမြို့လဲ"
ရှောင်ဖေးသည် ခေါင်းကိုသာ အသာခါပြလိုက်သည်။ သူမသည် ဘာကိုမှ မမှတ်မိကြောင်း ပြောမိထားပြီး မဟုတ်ပါလော။ ထို့ကြောင့် သူမသည် ရူးသလို ပေါသလိုသာ ဆက်လက်ဟန်ဆောင်နေရမည်ပင်။ "ကျွန်မ တကယ်ကို ဘာတစ်ခုကိုမှ မမှတ်မိနိုင်လို့ပါ"
"မိန်းကလေးနေတဲ့မြို့က ဒီနေရာနဲ့ အတော်ကြီး ဝေးမယ်ထင်တယ်" ဒုက္ခရောက်နေသူအမျိုးသမီးမှ ၀င်ရောက် မှတ်ချက်ပြုလာခဲ့သည်။ ထို့နောက် သူမသည် ပြောလက်စ စကားကို ခဏရပ်လိုက်ကာ ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်၏။ "ဘာလို့ဆို ဒီမိန်းကလေးရဲ့ လေယူလေသိမ်းတွေက ကျွန်မတို့ ပြောတာနဲ့ လုံး၀မတူနေဘူးလေ"
စုရှောင်ဖေးလည်း ခေါင်းညိတ်ပြကာ အဆိုပါအမျိုးသမီး၏စကားကို ထောက်ခံလိုက်သည်။ မတူသည်မှာ လေသံတစ်ခုတည်းပင် မဟုတ်။ အရာအားလုံးနည်းပါးပင် မဟုတ်ပါလော။
အနှီအမျိုးသားမှာမူ ဆိုးသည်၊ ကောင်းသည် ဘာတစ်ခုမှ မခန့်မှန်းပဲ တိတ်ဆိတ်နေကာ မီးညွှန့်ကျိုးတော့မည့် မီးပုံထဲသို့သာ ထင်းများ ဖြည့်တင်းလျက်ရှိသည်။
အနှီအမျိုးသမီးမှာမူ ရှောင်ဖေးကို ကြည့်ကာ မှတ်ချက်များ ဆက်တိုက်ပေးနေ၏။ "ပြီးတော့ မိန်းကလေးရဲ့ အ၀တ်အစားတွေကလည်း တစ်မျိုးပဲနော်... ပြီးတော့ ဆံပင်ရော... တို့တွေစီမှာ ဒီလောက် ဆံပင်တိုတဲ့လူ တစ်ခါမှ မမြင်ဖူးဘူးရယ်"
ရှောင်ဖေးသည် အမျိုးသမီး၏စကားကို နားထောင်ရင်းဖြင့် သူမ၏ဆံပင်တိုကို ကိုင်ကြည့်ကာ မလုံမလဲဖြင့် တံတွေးပင် မျိုချမိလိုက်သည်။ ကြည့်ရသည်မှာ သူမ၏ပုံစံမှာ ဤခေတ်၌ ရုပ်ဆိုးဆိုးအတန်းစားထဲတွင်ပင် ပါကောင်း ပါနေနိုင်ပေလိမ့်မည်။
ရှောင်ဖေးသည် မလုံမလဲဖြင့် သူမ၏ကိုယ်ပေါ် ပတ်ထားသည့် အ၀တ်အစားများကို ဆွဲဆန့်လိုက်သည်။ ထိုအ၀တ်များမှာ သူမ၏ ခန္ဓာကိုယ်နှင့် ယှဉ်ကြည့်ပါက အများကြီး ကြီးနေသည်ကိုပင် ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက သူမ၏ ညအိပ်၀တ်စုံမှ ၀က်ဝံရုပ်ပုံများကို မြင်လျှင် သူမအား ပို၍ပင် လူထူးလူးဆန်းအဖြစ် မှတ်ယူသွားကြပေလိမ့်မည်။
ကံကောင်းသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအခြင်းအရာအပေါ် မှတ်ချက်မပြုလာကြခြင်းပေ။ ထန်မိန်းကလေး၏ မှတ်ချက်များသည် ကျိုးကြောင်းဆီလျော်လှသောကြောင့် ရှောင်ဖေးသည်လည်း အသည်းအသန် မငြင်းရဲပါချေ။ ရှောင်ဖေးသည် တစ်ချက်စဉ်းစားလိုက်ကာ ယခုရောက်နေသည့် ရက်၊ လ၊ အချိန်ကို သူမ၏လေသံဖြင့်ပင် မေးကြည့်လိုက်သည်။ ထို့နောက် သိရသည်မှာ ယခုအချိန်သည် ကျင်းဖုန်း ၁၃ နှစ်၊ မတ်လ ၆ ရက်နေ့ ဟူ၍ပင်။
ရှောင်ဖေး တစ်ချက် စဉ်းစားကြည့်လိုက်၏။ မနေ့ညက သူမ အိပ်မပျော်ခင် ရက်စွဲမှာ ဩဂုတ်လ ၂၆ ရက်နေ့ ဖြစ်ပြီး မနက်အိပ်ရာနိုးလာလျှင် ဖြစ်ရမည့်ကာလမှာ ဩဂုတ်လ ၂၇ ရက်နေ့ ဖြစ်သည်။ ထို့ကြောင့် အတိုချုပ်ပြောရပါက သူမ ရှိခဲ့သော ဩဂုတ်လသည့် ယခုရောက်နေသည့် မတ်လနှင့် ယှဉ်လျှင် အလွန်ဝေးကွာနေ၏။ ထို့အပြင် ကျင်းဖုန်းနှစ်သည် မည်သည့်နှစ်ကို ပြောလိုပါသနည်း။ ရှောင်ဖေးသည် စဉ်းစားရင်း စဉ်းစားရင်းဖြင့် မည်သို့မျှ တွေးမရသောကြောင့် ဆက်မတွေးတော့ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူမ၏အထူးပြုမှာလည်း သမိုင်းမှ မဟုတ်သည်ပင်။ ထို့ကြောင့် ရှောင်ဖေးသည် မသိသည်များကို မစဉ်းစားပဲ ဘာဆက်လုပ်ရမည်ကိုပင် စဉ်းစားရန် နှလုံးသွင်းလိုက်၏။
ပထမအနေဖြင့် ရှောင်ဖေးတွေ့ကြုံနေရသည့် အကြီးဆုံးပြဿနာမှာ သူမ လက်ထဲ၌ ပိုက်ဆံမရှိခြင်းပေ။ ဤနေရာ၌ မည်သည့်ပိုက်ဆံ သုံးသည်ကိုပင် ရှောင်ဖေး မသိပါချေ။ ကြေးပြားကို သုံးသည်လော။ သို့မဟုတ် အသုံးပြုသည့် ငွေကြေးမှာ ရွှေတုံးပေလော။ ငွေတုံးပေလော။ သို့မဟုတ် တီဗီထဲ၌ တွေ့မြင်ရသည့် ငွေရောင်လက်မှတ်ပေလော။
ရေရှည်စဉ်းစားလိုက်ပါက ပိုက်ဆံမရှိပဲ သူမအနေဖြင့် မည်သည့်နေရာတွင်မှ နေထိုင်နိုင်မည် မဟုတ်သကဲ့သို့ ဆာလောင်မှုကိုလည်း ဖြေရှင်း၍ ရလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူမ ကိုယ်ပေါ်၌ ဤခေတ်နှင့် လိုက်လျောညီထွေလောက်မည့် အ၀တ်အစားများ မရှိရုံသာမက ခြေထောက်မှာလည်း ခြေဗလာဖြစ်နေပြန်သေးသည်။
ထို့အပြင် သူမ၏လေယူလေသိမ်းမှာလည်း အခြားသူများနှင့် ခြားနားနေကာ သူမ၏အသွင်အပြင်မှာလည်း လူပြောစရာ ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ရှောင်ဖေးသည် သူတို့၏လေသံအတိုင်းလည်း လိုက်လံတုပ၍ မပြောနိုင်ပါချေ။ ဤပုံစံဖြင့် လူကြားထဲ ရောက်သွားပါက သူမအား အထူးအဆန်းတစ်ခုကဲ့သို့ ဝိုင်းကြည့်ကြပေလိမ့်မည်။
ထို့အပြင် မည်သည့်နေရာသို့ သွားရမည်ကိုလည်း ကိုယ့်ကိုယ်ကိုယ် မသိပါချေ။
ရှောင်ဖေးသည် ခပ်ငိုင်ငိုင်ဖြင့် သူမရှေ့မှ မီးပုံကြီးသို့သာ စိုက်ကြည့်နေခဲ့သည်။
သူမရှေ့မှ ထန်မိန်းကလေးသည်လည်း မည်သည့်မှတ်ချက်ကိုမှ မပြုတော့ပဲ ခပ်ဆိတ်ဆိတ်သာ ရှိနေခဲ့ပြီး သူမကို ကြည့်နေရင်းဖြင့်ပင် ရှောင်ဖေးတစ်ယောက် အိပ်ချင်လာခဲ့၏။ ဓားပြတိုက်ခံရကာ ဓားပြများထံ အဖမ်းခံထားရသော်ငြား ရအောင်ရုန်းထွက်လာနိုင်သည့် အနှီအမျိုးသမီးမှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။ ကြည့်ရသည်မှာ အသက်ဘေးနှင့် ကြုံတွေ့ရသူတိုင်း အနည်းနှင့်အများ သတ္တိရှိသွားကြသည် ဖြစ်ပေလိမ့်မည်။
စုရှောင်ဖေးသည် ရုတ်တရက်ပင် ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားဟု ပြောခဲ့သူအား သတိရသွား၏။ သို့သော်ငြား ချက်ချင်းဆိုသလိုပင် အခြားလူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများထက် သူမ ယခုကြုံတွေ့နေရသည့် ပြဿနာများမှာ ပို၍ကြီးမားသည်ဟု နှလုံးသွင်းကာ ခေါင်းထဲ ၀င်ရောက်လာသည့် အတွေးများကို မောင်းထုတ်လိုက်သည်။
ရှောင်ဖေးသည် ဤသည်မှာ အိပ်မက်ကြီးတစ်ခုသာဖြစ်ပြီး နောက်တစ်နေ့မနက်၌ သူမ၏အခန်း၊ သူမ၏အိပ်ရာထက်၌သာ နိုးထလာစေရန် ဆုတောင်းမိ၏။ ရှောင်ဖေးသည် အတွေးထဲ၌ နစ်မျောနေရင်းဖြင့် အနှီအမျိုးသားရှိရာဘက်သို့ ကြည့်လိုက်ရာ သူမ၏ ဖိနပ်ပင်မပါသော ဗလာချည်းသက်သက် ခြေဖဝါးများကို ငေးကြည့်နေကြောင်း တွေ့လိုက်ရသည်။ ထို့နောက်တွင်မူ သူ့၌ရှိသော အ၀တ်စများကို စုတ်ဖြဲလိုက်ကာ ပါလာသည့်အိတ်ထဲ၌ အပ်နှင့်အပ်ချည်ကို မွှေနှောက်ရှာလိုက်ပြီး ရှောင်ဖေးအတွက် ဖိနပ်တစ်စုံ ပြုလုပ်ရန် ပြင်ဆင်လိုက်၏။
ရှောင်ဖေးသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၍ ငြင်းရန် ကြံစည်လိုက်သော်ငြား အနှီယောက်ျား၏အပြောအောက်၌ ပါးစပ်အလိုလို ပိတ်သွားခဲ့၏။ "မိန်းကလေးမှာ ဖိနပ်မရှိပဲ တောင်အောင် ဘယ်လိုဆင်းမလဲ"
"အာ ဟုတ်သားပဲ"
သို့သော်ငြား ဖိနပ်များကို ချုပ်လုပ်ရန်မှာ အချိန်ကြာနိုင်သဖြင့် ရှောင်ဖေးအတွက် ခြေအိတ်တစ်စုံကိုသာ ပြုလုပ်ပေးခဲ့သည်။ ဖိနပ်လုံး၀မရှိသည်ထက်စာလျှင် ခြေအိတ်၀တ်ထားသည်က ပိုကောင်းသည် မဟုတ်ပါလော။
ရှောင်ဖေးသည် အနှီအမျိုးသားအား အလွန်ပင် ကျေးဇူးတင်မိ၏။ သူမအတွက်ကြောင့် ထိုသူ၏အ၀တ်အစားတစ်စုံ အပြဲပြဲဖြစ်သွားခဲ့သည် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ အ၀တ်အစား အပြဲခံ၍ သူမအတွက် ခြေအိတ်တစ်စုံ ပြုလုပ်ပေးသည်ကို ထောက်ချင့်ကြည့်ပါက အနှီသူသည် သန်မာသူတစ်ဦးသာမက အမျိုးကောင်းသားတစ်ဦး ဖြစ်ပေလိမ့်မည်။
"ရှင့်နာမည် ဘယ်လိုခေါ်လဲဟင်" ရှောင်ဖေးသည် မေးပြီးမှသာ အိုးတိုးအမ်းတမ်း ဖြစ်သွား၏။
"နာမည်သိတာ ကောင်းတဲ့အရာ မဟုတ်ဘူးလေ" တစ်ဖက်လူမှလည်း ရှောင်ဖေး၏စကားကို အလိမ္မာဖြင့် ငြင်းပယ်လိုက်သည်။
ရှောင်ဖေးသည် အနှီလူ ပြုလုပ်ပေးသည့် ခြေအိတ်အား ခြေဖဝါးထက်တွင် သွက်လက်စွာ ၀တ်ဆင်လိုက်၏။ ခြေထောက်မပေါက်စေရန် အ၀တ်အထပ်ထပ်ဖြင့် သေချာစွာ ချုပ်လုပ်ထားသောကြောင့် ခြေအိတ်မှာ ခပ်ထူထူ အရွယ်အစားဖြစ်ပြီး ခြေထောက်လည်း မနာတော့ပေ။
"မိန်းကလေး... ကျွန်တော် မနက်ဖြန်ကျရင် ထန်မိန်းကလေးကို လိုက်ပို့မလို့... မိန်းကလေးရော လိုက်ခဲ့မလား"
"ဒါပေါ့ ဒါပေါ့" ရှောင်ဖေးသည် ခေါင်းကို သွက်လက်စွာ ညိတ်ပြလိုက်သည်။
"ဒါနဲ့ ကျောက်တုံးမြို့က ဘယ်မှာလဲဟင်... ဒီမိန်းကလေးကရော သူ့အတွက် ဘာအစီအစဉ်တွေ ရှိလို့လဲ"
အနှီအမျိုးသားသည် ထင်းမီးများကို ပြန်လည်ဖြည့်တင်းနေရင်းဖြင့် ရှောင်ဖေးကို ကြည့်လိုက်၏။ "ကျွန်တော် ကူညီပေးဖူးတဲ့လူတွေ တအားများနေပြီမို့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ကျွန်တော် သိပါတယ်"
စုရှောင်ဖေးသည် ဆက်ပြောလျှင် စကားအမှားပါသွားမည်ကို စိုးရိမ်သောကြောင့် အိပ်လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ မျက်လုံးနှစ်လုံးပိတ်၍ ပြန်ပွင့်လာလျှင် သူမ၏အိပ်ရာထဲသို့ ပြန်ရောက်ကောင်း ရောက်နေနိုင်သည် မဟုတ်ပါလော။
ရှောင်ဖေးသည် ဒူးခေါင်းကို လက်နှစ်ဖြင့်ပိုက်ကာ မျက်လုံးနှစ်လုံးပိတ်လိုက်ပြီးနောက်၌ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားခဲ့၏။
မီးပုံမှ မီးစာသည် တဖြည်းဖြည်း အားနည်းလာပြီး နေ၏အလင်းရောင်သဲ့သဲ့မှာ သစ်ပင်ထုများကို ဖြတ်၍ မြေပြင်ပေါ်သို့ မှေးမှိန်စွာ သက်ဆင်းလာခဲ့သည်။ လတ်ဆတ်သော လေညင်းလေးများမှာ ယိမ်းသွဲ့သွဲ့ တိုက်ခတ်လျက်ရှိပြီး ရှူလိုက်ရသူတိုင်းအဖို့ စိတ်ကြည်လင်မှုကို အလုအယက် လက်ဆောင်ပေးနေကြ၏။ ရှောင်ဖေးသည် လတ်ဆတ်သောရနံ့ကြောင့် အိပ်နေရာမှ နိုးထလာခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် သူမသည် ယခုအချိန်ထိ တောထဲ၌ ရှိနေဆဲပင်။
အနှီလူသားနှစ်ဦးမှာ ခရီးသွားရန် ပြင်ဆင်နေကြပြီဖြစ်၍ ရှောင်ဖေးသည်လည်း ထုံကျဉ်နေသော ခြေထောက်များကို ဆန့်ထုတ်လိုက်ကာ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ကိုလည်း အနှီအမျိုးသား၏ အ၀တ်များဖြင့် လုံနေအောင် ဖုံးအုပ် ၀တ်ဆင်လိုက်၏။
ရှောင်ဖေးသည် စိတ်ပညာရှင်တစ်ဦးဖြစ်သည့် အားလျော်စွာ မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မဆို စိတ်တအားမလှုပ်ရှားတတ်သောကြောင့် ယခုအခြေအနေ၌လည်း သူမ၏ မူလနေရာသို့ ပြန်သွားရန် စိတ်အေးအေးထား၍ အစွမ်းကုန် အဖြေရှာတော့မည် ဖြစ်ပေတော့၏။