🎼တောပန်းကလေးများနဲ့....
လှချင်တိုင်းလှနေပါတယ် ...
လမ်းလေးကွေးကောက်ရာ.....
ဘေးနှစ်ဖက်မှာ....
အဆင်းအတက်ခရီးဆက်လို့....
ဖြတ်ကျော်မြင်ကွင်းရှေ့မှာ.....
တောင်ပြာတန်းတွေ ဆီးလို့ကာ......🎼တစ်လှိမ့်ချင်း ခပ်ဖြေးဖြေးမောင်းနှင်နေသည့် ခရီးသည်ကားလေးထဲတွင် ဦးဘိုဖြူ၏ (လင်းခေးအဝင်) သီချင်းသံကခပ်သဲ့သဲ့လွင့်ပျံနေသည်။ ပြတင်းပေါက်ဘေးရှိ နှစ်ယောက်ထိုင် ခပ်နွမ်းနွမ်းခုံပေါ်တွင် မင်းသွဲ့ဆည်းဆာတစ်ယောက် နေဝင်ချိန်ကိုကြည့်ကာ ပျင်းတိပျင်းရွဲလိုက်ပါလာသည်။
ပြတင်းပေါက်မှဖြတ်တိုက်လာသည့်လေထုက တောင်ပေါ်ဒေသဖြစ်သောကြောင့် နေဝင်သည်နှင့်အနည်းငယ်ချမ်းစိမ့်စိမ့်။ ပေါင်ပေါ်တင်ထားသည့် ကျောပိုးအိတ်ထဲမှ အဝါရောင်ခေါင်းစွပ်လက်ရှည်ကို ထုတ်ယူ၍ ဝတ်လိုက်သော်လည်း တရိပ်ရိပ်ပိုတိုးလာသည့်အအေးဓာတ်ကြောင့် အနွေးဓာတ်ရလိုရငြား လက်နှစ်ဖက်ပိုက်ထားမိလိုက်သည်။သိပ်မကြာမီ လမ်းဘေးတစ်နေရာသို့ ထိုးရပ်သွားကာ လိုရာခရီးရောက်ကြောင်းပြောပီးနောက် တစ်လှိမ့်ချင်းမောင်းထွက်သွားပြန်လေသည်။
သက်ပြင်းသဲ့သဲ့ချရင်း အနီးနားပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်တော့ပုံမှန်သန့်ရှင်းဆေးကြောထားပုံမပေါ်သည့် ခပ်ညစ်ညစ်သောက်ရေအိုးစင်တစ်ခုက ကျွန်းပင်ကြီးကို အမှီပြုပီး တည်ထားကာ ဘေးတစ်ဖက်တွင်လည်းကျိုးတို့ကျဲတဲ ဝါးခုံရှည်လေးက ယိုင်နဲ့နဲ့။
ဘေးတွင်အသင့်ချပေးခဲ့သည့် ခရီးဆောင်အိတ်နှင့် ဆေးအိတ်နှစ်လုံးကို လက်ထဲ ကောက်ဆွဲရင်း ခုံရှည်နားသို့ လျှောက်သွားလိုက်သည်။ ခပ်ယိုင်ယိုင် ဝါးခုံရှည်လေးပေါ် လက်ဆွဲအိတ်သုံးလုံးတင်လိုက်တော့ ကျွီ ဟူသည့်အသံတစ်ချက်ထွက်ပေါ်လာသော်လည်း ကျိုးကျသွားခြင်းတော့မရှိပဲ တာဝန်ကျေရှာပြန်သည်။
တစ်ဖန်ဘေးဘက်ကို ဝေ့ဝိုက်ကြည့်ပြန်တော့ သစ်သားဘုတ်ပြားပေါ်တွင် ရေးထားသည့် (အင်တိုင်းတော ရွာသို့ )ဟူသည့်စာလုံးများက မညီမညာ ခပ်ပြတ်ပြတ်နှင့်။