ထိပ်ပိုင်းကိုချွန်ထားသော သစ်သားချောင်းကလေးတွေတန်းစီထားသည့် ခြံစည်းရိုးနဲ့ သစ်သားတံခါးမှာ နှစ်ပတ်ပတ်ပြီးချည်နှောင်ထားသည့် သံကြိုးကို သော့ဖွင့်ပြီး တွန်းဖွင့်လိုက်တော့ ကျွီခနဲ အသံအုပ်အုပ်ကလေးမြည်သွားသည်။
ခြံအလယ်ကျကျလောက်မှာရှိနေသည့် တစ်ထပ်သစ်သားအိမ်ကလေးက ဘေးတိုက်အရှေ့နောက် ကျယ်ပြန့်လှကာ မည်းကုပ်ကုပ်ပုပုကလေး...
"လာလေ.."
သူရပ်ကြည့်နေတာမို့ လေးကတစ်ချက်လှည့်ကြည့်ကာ ခေါင်းဆတ်၍ခေါ်လေသည်။ခြံစည်းရိုးအစပ်ကိုမရွံ့မရဲ ခြေတစ်လှမ်းချဝင်ရင်း သူ့ရင်ထဲ တသိမ့်သိမ့်ခါယမ်းတုန်လှုပ်ကာလာသည်။
ဒါ..လေးရဲ့..အိမ်... မြတ်လေးထင်ဆိုတဲ့လူတစ်ယောက်နေတဲ့အိမ်ပေါ့...
တစ်ကြိမ်တစ်ခါမှမရောက်ဖူးသော အိမ်ကလေးထဲကို ပထမဆုံးခြေချခွင့်ရသည့်အခိုက်မှာ လေးနဲ့သူသည်ပင် တစုံတရာနီးကပ်ပတ်သတ်သွားသလို သူထင်ယောင်မှားကာ ကြည်နူးနေမိသည်မှာ အထူးတဆန်းတည်း။
ပွဲဈေးကနေ အိမ်ပြန်ဖို့လုပ်သောအခါ ဆက်မှာ ပြဿနာအကြီးကြီးတက်တော့သည်။
သူ့မှာ ပိုက်ဆံအိတ်လည်းမပါ.ဖုန်းလည်းမပါ... အားလုံးဟာ ရေခဲအိမ်မှာကျန်ခဲ့သည်။ထည့်လွယ်စရာလည်းမပါ လမ်းလျောက်နေတဲ့အချိန် လက်ကတကိုင်ကိုင်နဲ့လည်းမလျောက်ချင် ဘောင်းဘီအိပ်ထဲ ထိုးထည့်ထားပြန်ရင်လည်းလူတိုးတာနဲ့ ထွက်ကျမှာ အနှိုက်ခံရမှာဘာညာစိုးရိမ်သဖြင့် တမင်ကလာကိုထားပစ်ခဲ့တာ။အပြန်ကျရင်လည်းသေချာပေါက် အတူတူပြန်ကြပြီးမှ ရေခဲက သူ့ကိုပြန်လိုက်ပို့မှာလေ။
မုန့်ဝယ်စားတော့တောင် ရေခဲညီမတွေဆီကတောင်းဝယ်ခဲ့ရသည်။
အခုကျမှ ဖုန်းလည်းဆက်မရ။အမှတ်သညာကောင်းလှသော သူ့ဦးနှောက်ကလည်း အိမ်ဖုန်းတစ်လုံးကလွဲရင် ကိုယ့်ဖုန်းနံပါတ်တောင် အတိအကျအလွတ်မရပါ။ရရင်လည်း ဖုန်းဆက်ရင် ရေခဲအိမ်ကလူကြီးတွေသိပြီး စိတ်ပူကုန်ကြမှာမို့ ဆက်လို့ဘယ်ဖြစ်ပါ့မလဲ။
ပွဲဈေးထဲပြန်ဝင်ပြီး ကိုယ့်လူကိုယ်စမ်းတဝါးဝါးပြန်ရှာနေပြန်ရင်လည်း ရန်ဖြစ်ခဲ့တဲ့အုပ်စုနဲ့ ပြန်တွေ့နေမှာကြောက်ရသည်။