မှောင်ရီစိုထိုင်းနေသော တောင်ပေါ်တစ်နေရာတွင် အဖွဲ့ငယ်တစ်ဖွဲ့သည် ခပ်သုတ်သုတ်လျှောက်ပြီး တောင်အောက်ဆင်းလာ၏။ ခြေလှမ်းကြဲကြီးများနဲ့ ရှေ့ကသွားနေတဲ့တစ်ယောက်မှာ ဓာတ်မီးကိုထိုးထားပြီး သူ၏နောက်တွင် အရပ်ရှည်ရှည်ထွားထွားနဲ့လူက ဒဏ်ရာရထားသောသူကိုတွဲထား၏။ သူတို့၏ဘေးတစ်ဖက်စီတွင် အသင့်အနေထားဖြင့် လက်နက်ကိုင်ဆောင်ထားသော လူနှစ်ယောက်လိုက်ပါလာခဲ့သည်။
စိုထိုင်းနေသောသစ်ရွက်များက အေးစိမ့်သောလေကို သယ်ဆောင်ချိန်တွင် ညာဘက်ရှိလက်နက်ကိုင်ဆောင်ထားသူမှာ တီးတိုးကျိန်ဆဲလိုက်၏။
"ငါလိုးပဲ စောက်ရေးထဲမိုးကရွာဦးမယ်"
ထို့နောက် မိုးမိမယ် မြန်မြန်သွားဟူသောလောဆယ်သံများနှင့်အတူ ဆယ့်ငါးမိနစ်ခန့်အကြာ တောင်ခြေသို့ရောက်ရှိလာခဲ့ကြသည်။ မိုးကလည်း ကြဲပါးနေရာမှ ခပ်စိပ်စိပ်နေရာယူလာ၏။
အဖွဲ့ငယ်လေးက တောင်ခြေရှိရွာငယ်လေးထဲဝင်သွားပြီး နီးစပ်ရာအမိုးအကာအောက် ဝင်ရောက်ခိုလှုံလိုက်ကြသည်။
"သိုဝ်.... ဆရာဝန်ကို ငါသွားခေါ်လိုက်မယ်"
အခေါ်ခံလိုက်ရတဲ့ အရပ်ရှည်ရှည်နဲ့လူက တုံ့ပြန်မှုအနေဖြင့် အသံပြန်ပေးလိုက်သည်။ သူကိုယ်တိုင်ကတော့ ဒဏ်ရာရနေတဲ့လူကို ကွပ်ပျစ်ထက်လှဲချစေလိုက်သည်။
လက်ရှိနေရာလေးသည် အင်ရွက်များဖြင့်ကာရံထားသည့် ရွာအစွန်ဆုံးရှိ မြေစိုက်အိမ်ငယ်လေးတစ်လုံးဖြစ်သည်။ ပိုင်ရှင်လင်မယားနှစ်ယောက်မှာ သူတို့အနားမကပ်ဝံ့ဘဲ မလှမ်းမကမ်းကနေ ရပ်ကြည့်နေ၏။
ဓာတ်မီးနဲ့လူထွက်သွားတော့ အိမ်ရှင်မိန်းမကြီးက ဆီမီးခွက်ထွန်းပြီး မနီးမဝေးတွင်လာချသည်။ အလင်းရောင်ဖျော့ဖျော့က အမှောင်ထဲထွန်းလင်းလာသော်လည်း မည်သူကမှကျေးဇူးတင်စကားမဆို။ ၎င်းသည် မလိုအပ်သောလောကဝတ်စကားတစ်ခုသာပင်။
မှိန်ဖျော့သောအလင်းရောင်အောက်မှာ ဒဏ်ရာရနေသည့်လူက သတိလစ်တစ်ချက် မလစ်တစ်ချက်ဖြစ်လာသည်။ အရပ်ရှည်ရှည်နှင့်လူငယ်မှာ တစ်ဖက်လူ၏ဒဏ်ရာကို ခပ်တင်းတင်းစည်းပေးထားရုံအပြင် တတ်နိုင်တာမရှိချေ။ အမှောင်ထဲတွင်ပင် အံကြိတ်ထားသောသူ၏မေးရိုးထင်းထင်းကို မြင်နေရ၏။