လူငယ်လေးက သူ့ကိုနက်ရှိုင်းစွာကြည့်လာသည်။ အကြည့်ချင်းဆုံမိတော့ ဒေါက်တာခနွသစ်လွင်ရင်ဘတ်မှာ အချိန်အခါမဟုတ် ပို၍အခုန်မြန်လာသည်။
"ကျေးဇူးပါ"
နောက်ဆုံးတွင် သူသည် ဒီဒေသရှိလူတွေ ပြောခဲလှသည့် အထူးသဖြင့်တောခိုကောင်လေး၏နှုတ်ဖျားမှ ကျေးဇူးတင်စကားကို အောင်အောင်မြင်မြင်ရယူနိုင်ခဲ့လေသည်။
အနားကလင်မယားကို ကားအကူတောင်းရန် စေလွှတ်ပြီးချိန်တွင် ရွာလုံခြုံရေးအဖွဲ့သည်လည်း သူတို့ရှိရာရောက်လာကြ၏။
"ခွင့်မတောင်းဘဲ လက်နက်ကိုင်ပြီးရွာထဲဝင်လာတယ်ပေါ့ သိုဝ် မင်းအရမ်းရဲတင်းနေတာပဲ"
ကာလသားများကိုဦးဆောင်လာသူက လူငယ်လေးကို ရန်စသည့်အကြည့်ဖြင့်ကြည့်ရင်း အနားသို့လျှောက်လာခဲ့သည်။
"စည်းမျဥ်းစည်းကမ်းတွေကို အလေးမထားတော့တဲ့အထိ မင်းမှာယုံကြည်ချက်ရှိနေပုံရတယ်"
စကားမဆုံးခင်မှာပင် ချောက်ခနဲမောင်းတင်သံနှင့်အတူ ကာလသားခေါင်းဆောင်၏နဖူးမှာ သေနတ်ဖြင့်အထောက်ခံလိုက်ရလေသည်။ ခန့်သစ်လွင်အပါအဝင် ထိုနေရာရှိလူတိုင်းက ထိတ်လန့်သွားကြလေသည်။
အပစ်အခတ်ခွင့်မပြုထားဘူးဆိုပေမဲ့ တကယ်ပစ်ရင် ပြဿနာတက်မှာကနောက်၊ အထိအခိုက်ဖြစ်မှာက အရင်ဖြစ်သည်။
"မင်း...."
"မင်းဘာစောက်လုပ် လုပ်သလဲငါစိတ်မဝင်စားဘူး.... မောက်သာတစ်ခုခုဖြစ်ခဲ့ရင် "
မျက်နှာအမူအရာကင်းမဲ့နေသည့်လူငယ်က တခြားသူတွေကိုအာရုံထားနေပုံမရဘဲ အေးစက်သောမျက်ဝန်းဖြင့် ကာလသားခေါင်းဆောင်ကိုစိုက်ကြည့်နေခဲ့သည်။
"မင်းသေပြီ"
စကားပြောရန်လုပ်နေသည့် ကာလသားခေါင်းဆောင်က လည်ချောင်းတစ်ဆို့သွားပြီး နဖူးတွင်ချွေးတို့စို့လာခဲ့သည်။ သူက ဘုံရွာလေး၏စည်းကမ်းချက်ကို အားကိုး၍ တစ်ဖက်လူကိုမထီမဲ့မြင်ပြုချင်ခဲ့သော်လည်း ပြန်ပြီးခြိမ်းခြောက်ခံလိုက်ရသည်။