ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၂၂) : အမှန်တရားကို သိမြင်ခြင်း
ဝမ်ဝေ့က မိုမျိုးနွယ်စုရှိရာ အနောက်ဘက်ကုန်းမြေဆီ ထွက်လာလိုက်သည်။ ယခင် သူ သောင်းကျန်းထားမှုကြောင့် ဤနေရာတွင် ကြိုဆိုခြင်းမခံရသည့်အတွက် သူ့ဇစ်မြစ်ကို ဖုံးကွယ်ထား၏။
တစ်လကုန်ဆုံးသွားသော်လည်း မိုရှင်းယွင်ကို ဘယ်နေရာမှ ရှာမတွေ့သေးပေ။ ဝမ်ဝေ့က ပိုမိုတက်ကြွသည့် နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ သူက မိုမျိုးနွယ်တွင် အဆင့်အတန်းမြင့်သည့် အရိပ်တပ်ဖွဲ့ဝင်တစ်ယောက်အား ဆက်သွယ်လိုက်ပြီး သူမကို အပြင်လွှတ်ဖို့ အကြောင်းပြချက်ကို ရှာခိုင်းခဲ့သည်။
ထိုအစီအစဉ်က အလုပ်ဖြစ်သော်လည်း ဝမ်ဝေ့အနေဖြင့် သူမ ထွက်ပေါ်မလာခင် ၆လလုံးလုံး စောင့်လိုက်ရသည်။ သူက သူ့ကိုရှာဖို့ ကြိုးစားနေသည့် ထူးထူးဆန်းဆန်း နည်းလမ်းများကို အကြိမ်ရေတချို့ ခံစားမိလိုက်သည်။ သူက နည်းစနစ်များ အသုံးပြုကာ သေချာဖုံးကွယ်ထားခဲ့သည်။ ကံကောင်းစွာဖြင့် မိုရှင်းယွင်က မျိုးနွယ်စုမှ ထွက်လာလေသည်။
သူမက ဦးတည်ရာသို့ ရောက်သည့်အခါ ဝမ်ဝေ့က သူမအား ဖြတ်ပြောလိုက်၏ " အရမ်းကို သတိကြီးနေတာမလား"
" အဲလိုပါပဲ။ ဒါပေမဲ့ မလုံလောက်ဘူးပေါ့" မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
" မင်းကို မိုရှင်းယွင်လို့ ခေါ်ရမလား။ ဒါမမဟုတ် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်လို့ ခေါ်ရမလား"
" ကျွန်မရဲ့ ဘိုးဘေးနာမည်ကို ဘာလို့ခေါ်နေတာလဲ" သူမက ပြန်ချေပလိုက်၏။
" မင်းရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ငါ ဘယ်လိုနည်းလမ်းပဲ အသုံးပြုပြု ခန္ဓာကိုယ်ပူးကပ်ထားတဲ့ အရိပ်အယောင်ကို မမြင်ရဘူး။ မင်းရဲ့ သွေးမျိုးဆက်ကတောင် ပုံမှန်ပဲ"