မနက်နိုးနိုးချင်း ဒန်ဘီ့ခေါင်းတွေက တအားကိုမှ အုံခဲနေတယ်။ ညက ဒီ အပေါ်ထပ်အိပ်ခန်းဆီ ဘယ်လို တက်လာမိသလဲ ဆိုတာတောင် သေချာ မမှတ်မိတဲ့ အခြေအနေ။ Cocktail တွေ အများကြီး သောက်ပြီး ဘဝမှာ တစ်ခါမှ မပြောဖူးတဲ့စကားတွေ အမေ့ရှေ့ ပြောခဲ့မိတာကိုတော့ ဒန်ဘီ သေချာကြီး မှတ်မိနေတယ်။
ညကတော့ ရဲဆေး တင်ထားတဲ့ အရှိန်ကြောင့် ဘာကိုမှ ကြောက်မနေခဲ့ပေမဲ့၊ အခုလို အသိစိတ် ကြည်ကြည်လင်လင်ရှိသွားတဲ့ မနက်ခင်းမှာတော့ အကြောက်တရားတွေက ပြန်ပြီး ခေါင်းပြူထွက်လာတယ်။ ဘာတွေ ဆက်ဖြစ်မလဲ မတွေးရဲတော့လို့ ရှုပ်ပွနေတဲ့ အနက်ရောင်ဆံပင်တွေကိုပဲ လက်နဲ့ လုံးခြေလိုက်မိတယ်။ ထိန်းချုပ်ထား၊ မြိုသိပ်ထားခဲ့ရတာတွေက တစ်ဘဝလုံးစာ ဖြစ်ခဲ့တာမို့ သေးသေးလေး တစ်ခွန်း လွတ်ထွက်သွားပြီးတာနဲ့.. ဆည်ကျိုးသလိုမျိုး.. နောက်ဆက်တွဲစကားအားလုံးကလည်း ဝေါခနဲ လိုက်ပြီး လျှံထွက်လာတာ နေမှာ..။
ပုံမှန်အိပ်ရာထချိန်ထက် နောက်ကျပြီးမှ နိုးလာတာကြောင့် အလုပ်သွားချိန်က တော်တော်လေးတော့ ကပ်နေပြီ။ အိပ်ရာပေါ်ကနေ ဒန်ဘီ ဆတ်ခနဲ ကုန်းထပြီး ရေချိုး ပြင်ဆင်ဖို့ လုပ်တုန်း မှန်တင်ခုံစားပွဲပေါ်မှာ တင်ထားတဲ့ ပစ္စည်းအချို့ကို အမှတ်တမဲ့ လှမ်းတွေ့လိုက်တယ်။ ချက်ချင်းပဲ ရေချိုးခန်းထဲ ဝင်လုဆဲဆဲ ဒန်ဘီ့ခြေထောက်တွေ တုံ့သွားတယ်။ အဲဒီနောက်မှာ ခြေထောက်တွေကို တစ်ဖက် ပြန်လှည့်လာရင်း မှန်တင်ခုံစားပွဲပေါ်က ပစ္စည်းလေးနှစ်ခုကို လက်ထဲ ယူကြည့်မိတယ်။
ဒါက ဒန်ဘီ့ရဲ့ လျှို့ဝှက် Phone လေးနဲ့ ဖိုးဖိုး ပေးထားတဲ့ Digital Camera လေး ဆိုတာ သေချာပါတယ်။ 6 လလုံး အမေ သိမ်းထားခဲ့ပေမဲ့ ဒီနေ့မနက်တော့ ထူးထူးဆန်းဆန်းပဲ နှစ်ခုလုံးက ဒန်ဘီ့အခန်းထဲ ပြန်ရောက်နေခဲ့တယ်။ အမေကိုယ်တိုင် လာထားသွားတာက လွဲရင် ကျန်တာ ဘာမှ မဖြစ်နိုင်။ "ဘာဖြစ်လို့လဲ" ဆိုတဲ့ မေးခွန်းက.. ဂုဏ်ပြုပွဲတွေမှာ ဖောက်လေ့ရှိတဲ့ ရောင်စုံစက္ကူစတွေလိုမျိုး.. ဒန်ဘီ့ဦးနှောက်ထဲ ပြန့်ကြဲသွားတယ်။ ဒီပစ္စည်းလေး နှစ်ခုကို ဒန်ဘီ တစ်သက်လုံး ပြန်မရတော့ဘူးလို့ ထင်ထားခဲ့တာ။ အမေဟာ သူ့စံနှုန်းနဲ့ မကိုက်ညီသမျှ အရာတိုင်းကို သူ့စံနှုန်းနဲ့ ကိုက်ညီလာအောင် ပြုပြင်ရင် ပြုပြင်၊ မပြုပြင်နိုင်တော့ရင် ဖျက်ဆီးပစ်လိုက်တာ ထုံးစံမို့..။ အမှန်အတိုင်းပြောရရင် ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ဒီလို အခြေအနေမျိုးက ဒန်ဘီ့ကို သွေးပျက်သွားစေတယ်။
YOU ARE READING
You and Me and San Diego (Completed)
Short Storyဘဝမှာ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်တဲ့ အခိုက်အတန့်တွေ ရှိတယ်တဲ့။ အခု မဟုတ်ရင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မကြုံနိုင်တော့မဲ့ အဲဒီလို အခိုက်အတန့်မျိုးတွေပေါ့။