'ယဲ့ဂန်သ'သည် လဲကျနေသောမြေပြင်ပေါ်မှလူးလိမ့်၍မထနိုင် ။မထနိုင်သည်မှာ မျက်နှာပေါ်ရှိဒဏ်ရာများထက် ရှုသက်တည်ရာရှိဒဏ်ရာကပြင်းထန်နေသောကြောင့်ဖြစ်သည် ။ ထိုဒဏ်ရာများသည်အခြားမဟုတ် ၊ သူတောင်းဆိုခဲ့သည့်ဒဏ်ရာ ၊ တစ်နည်းအားဖြင့် ' ဒဲယုလင်း '၏လက်မဖိုးခေါက်များ သူ့မျက်နှာပေါ် အထပ်ထပ် အုပ်မိုးခဲ့သည့် အဖိုးထိုက်ဒဏ်ရာ။နှုတ်ခမ်းထောင့်ရှိသွေးစက်များကို လျှာဖြင့်သပ်ရင်း သွေးခဲအောင်အေးသည့် ဆောင်းနှောင်းကောင်းကင်နက်နက်ကို ကြည့်ကာ ဟင်းခနဲ ရယ်မိသည် ။ ခိုက်ခိုက်တုန်စေသည့် အအေးဒဏ် ။မျက်လုံးထောင့်စွန်းနှစ်ဖက်မှသိသာသောပူနွေးမှု ။ယဲ့ဂန်သ စိတ်မမှန်တော့ ။ ဧကန် စိတ်မမှန်ခဲ့သည်မှာ ယခုမှမဟုတ် လွန်ခဲ့သောနှစ်များမှပင်ဖြစ်ခဲ့လေသည်။
* * * * * * *
{ သူတို့ပြောတဲ့ ဖီလ်နိုဆိုက်ဒါ ၊ ဒဲယုလင်းရဲ့ မြက် }ကျန်ခဲ့ပြီးသောမိုးရာသီများ။ အရေးတယူမလုပ်လိုသော အငြင်းပွားစွပ်စွဲမှုတစ်ခုအား ခါးချိုးထွက်ခဲ့သည့်အချိန် ။ ဇစ်ပိုမီးခြစ်လှည့်သံဆူလျက် စိတ်တည်ငြိမ်ဖို့စောင့်နေစဉ် နေသားကျပြီးသော မိမိပခုံးစွန်းတစ်ဖက်အား ကိုယ်ငွေ့နွေးတစ်ခုက ဖြတ်တိုက်သွားသည် ။ဒဲယုလင်း ...။ ယဲ့ဂန်သ၏ အသွေးအသားမှန်သမျှ ခမ်းခြောက်သွားအောင် ချေမှုန့်ပစ်နိုင်သည့်အရှိန်အဝါရှိသူ ။ သွင်ပြင် ၊နောက်ခံအရ သူ၏ဘဝအား အပြုသဘောဆောင်သည်ဟုမှတ်ယူကြသည်ကို ယဲ့ဂန်သသည် ကာလအတိုင်းအတာဖြင့် ကျေနပ်ခဲ့ဖူးသော်လည်းဒဲယုလင်း၏ ခြေရင်းအောက်ဘဝအရောက်တွင် ထိုချီးကျူးစကားများသည်သူ၏ စက်စက်ခါအောင်ရှုံးမှုအား မီးမောင်းထိုးပေးနေသလိုပင် ။ မိန်းမတို့ပေးသည့်မေတ္တာကို မုသာဝါဒ သဘောထားကာ လစ်လျူရှုတတ်သည့်အတွက် ပြစ်ဒဏ်ပေးဆပ်ရသည်ထင်၏။ ဆယ့်နှစ်ရာသီ စိမ်းမြမြင့်မားတတ်သော ဆိုက်ပရပ်စ်ကျောက်ပန်းပင်လို ယောက်ျားသည် ဒဲယုလင်းဟူသည့် အမျိုးသားအတွက်တော့ မြက်တစ်ပင်မျှရယ်သာ။
ဒဲယုလင်း၏ ဆံစမှခြေဖျားထိအား အမြတ်တနိုးဖြစ်မိနေကြောင်း သေချာသွားသည့်နေ့ ၊ ချစ်ရသူ ဒဲယုလင်းမှာ အယ်ဏချိုဟူသောအမျိုးသမီးငယ်၏လက်သွယ်အားတွဲထားခဲ့ပြီဖြစ်ရာ မိမိအားကံတရားက မိုင်ထောင်ချီတွန်းထုတ်လိုက်လေသည် ။ အတွေးသည်ကိုယ့်ကျင့်တရားကိုမှီကာလှည့်ထွက်သွားရန်ဖြစ်ပြီး လက်တွေ့ကား နောက်တစ်လှမ်းပင်မဆုတ်နိုင်ဘဲ ရုန်းလေနစ်လေဖြစ်နေသည် ။လူမှုပတ်ဝန်းကျင်တွင် ဒဲယုလင်းအား မိမိစိတ်ဝင်စားနေကြောင်းသိကြသည့်အခါရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။ ကန့်ကွက်သူ ၊ အားပေးသူ ၊ တွဲထားပြီးသောလက်အား ဖျက်မည့်ကောင်ဟုရွံရှာသူ စသဖြင့်စုံလို့ ။ စင်စစ် ချစ်သော ဒဲယုလင်းသည် မိမိအား မမုန်း ၊ မမုန်းသော်လည်းမချစ် ။ မိမိ၏မေတ္တာအားလိုလားစိတ်ရှိသည်ကို မှန်းဆ၍သိနိုင်သော်လည်းအခြားသောအပိုခံစားချက်ဟူ၍မတွေ့ရ။