Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၃၃) --------
"တွေ့ဆုံပွဲဆိုတော့ လူတွေအများကြီးရှိနေမှာ
နယော အဆင်ပြေပါ့မလားဟင် "တစ်ဝက်စီးထားသည့် ဆံပင်ရှည်တွေကို
နောက်ကနေ ဘီးကျဲလေးနဲ့
ခပ်ဖြည်းဖြည်းဖြီးပေးနေရင်း
စိတ်ပူပန်စွာ ထားထားကဆိုလေသည်။မိတ်ကပ်ခပ်ပါးပါးကလေးနှင့်
နှုတ်ခမ်းဆိုးဆေး အနည်းငယ်သာ
တင်ထားသည့်နယောမျက်နှာလေးက
ရှင်းသန့်ကာကြည်ကြည်လင်လင်လေးနှင့်လှသည်။
နယောက မှန်ထဲမြင်နေရသည့်
သူမမျက်နှာကိုသာ ငေးစိုက်ကြည့်နေပေမဲ့
အတွေးတို့က အဝေးရောက်နေသလို
ငေးငေးငိုင်ငိုင်လေး ဖြစ်လို့နေသည်။ထားထားအသံကြားတော့မှသာ
မှန်ထဲကနေ ထားထားကိုလှမ်းကြည့်လာပြီး၊"သူငယ်ချင်းတွေနဲ့သွားတွေ့မှာပဲဟာ..
ဘာအဆင်မပြေစရာရှိမှာလဲ
အားလုံးက မသိတဲ့သူတွေမှမဟုတ်ဘဲနဲ့
ထားထား စိတ်မပူနဲ့နော်
တစ်ခုခုဆို ဇိုင်းလည်းရှိနေမှာပဲ""အင်းပါ"
ခေါင်းညိတ်လို့သာသဘောတူလိုက်ရပေမဲ့
ထားထား စိတ်မပူဘဲတော့မနေပါ။
ပြန်ကြည့်ချိန်မှာ ထပ်ပြီးငေးတိငေးငိုင်လေး
ဖြစ်သွားပြန်သည့်နယောကြောင့်
တစ်ခုခုပြောချင်သော်လည်း မပြောဖြစ်တော့ဘဲ
ပါးစပ်ပိတ်လို့သာနေလိုက်တော့သည်။နယောပုံစံလေး အသိလွတ်သလို
ထိုသို့ဖြစ်နေခဲ့သည်က အကိုလေးနဲ့
အကြီးအကျယ်ကတောက်ကဆဖြစ်ပြီး
နောက်နေ့ကတည်းကဖြစ်သလို
ဒီနေ့ထိဆို တစ်ပတ်လောက်ပင်ရှိနေခဲ့ပြီဖြစ်သည်။
ထားထားကိုယ်တိုင်လည်း
နယော စိတ်ပျော်ရွှင်လာအောင်အမျိုးမျိုး
ကြိုးစားကြည့်ခဲ့ပေမဲ့ အကြိမ်တိုင်းမှာ
ရှုံးနိမ့်လို့နေဆဲပင်။"ကားသံကြားတယ်နယော ဇိုင်းလာပြီထင်တယ်"
"အင်း"
ခြံရှေ့ကကားသံကြောင့် ထားထားက
အောက်ထပ်သို့အပြေးလေးဆင်းသွားပြီး
တံခါးသွားဖွင့်ပေးလိုက်သည်။
အကိုလေးသိရင် ဒေါသထွက်လောက်တယ်ဆိုတဲ့
အတွေးဝင်လာသေးပေမဲ့ အိမ်ပြန်မလာတာ
ကြာပြီဖြစ်သည့်အကိုလေးကြောင့်
ဥပက္ခောပြုထားဖို့ကိုသာတွေးလိုက်သည်။
အကိုလေးသာ တကယ်ဂရုစိုက်တယ်ဆို
ဒီလောက်ရက်အကြာကြီး
ပစ်ထားဖို့တော့ မကောင်းဘူးမို့လား။
တွေးကြည့်ရုံနဲ့ ထားထားလည်းစိတ်ဆိုးပါသည်။