ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၆)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၃၃) : လီကျွင်းနှင့် ယန်ကောဝေ ပြိုင်ပွဲ
" လူလိမ်တဲ့လား" ယန်ကောဝေက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် " နောက်ဆုံးပလ္လင်အတွက် ဘာမဆိုလုပ်မှာပဲ။ မင်းတို့အကြီးအကဲတွေ ဒီလိုလှည့်ကွက်မှာ ကျဆင်းသွားတာ ငါ့အဖေအမှား မဟုတ်ဘူး"
" ရှင်က ဘာပြောတာလဲ" ယန်းလီလင်းက ထိုမှတ်ချက်ကြောင့် ဒေါသထွက်လာ၏။ မည်သူကမှ သူမ အကြီးအကဲများ၏ မကောင်းကြောင်းကို ပြော၍ မရပေ။ လီကျွင်းက သူမ ပုခုံးပေါ် ပုတ်ကာ စိတ်တည်ငြိမ်အောင် ထိန်းခိုင်းလိုက်သည်။ သူက နေမင်းကိုးစင်းဧကရာဇ်သည် သူ့အစ်ကိုကြီး၏ အဖိုးများ၏ တာအိုနှလုံးသားကို ဖျက်ဆီးပစ်ခဲ့သည့်အတွက် ဒေါသထွက်နေခဲ့မိ၏။
" ကောင်းကင်အလိုဆန္ဒက မင်းအဖေအပေါ်မှာ အလကားဖြစ်သွားတာပဲ။ ငါတို့ အကြီးအကဲတွေဆိုရင် အတုအယောင် ထာဝရဧကရာဇ် ဒါမှမဟုတ်ဘူးဆိုရင် ထာဝရဧကရာဇ်အထိ ဖြစ်နိုင်တယ်။ မင်းအဖေက ပထမတန်းစားပဲ ဖြစ်လာပါရောလား"
" ငါတော့ အရှုံးသမားတွေဆီက အကြောင်းပြချက်တွေ ကြားနေရတာပဲ"
" ကောင်းပြီ။ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး" လီကျွင်းက ပြောလိုက်သည် " မင်းရဲ့ ရုပ်ဆိုးဆိုးမျက်နှာကို ကြည့်လိုက်တိုင်း ငါ့သက်တမ်း တိုသွားသလိုပဲ"
ယန်ကောဝေ၏ နဖူးအထက် သွေးကြောများ ထောင်မတ်လာ၏။ ထိုမှတ်ချက်သည် ချက်ကောင်းထိသည်ဟု ဝန်ခံရပေမည်။
" မင်းက ဘာလိုချင်လို့လဲ" လီကျွင်းက ဆက်မေးလိုက်သည်။
" ငါက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို လိုချင်တယ်"
" အဲဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ" လီကျွင်းက တစ်စုံတစ်ခု တွေးမိသွားဟန်ဖြင့် " မင်းက ငါတို့ကို ပြန်ပေးဆွဲပြီးတော့ အစ်ကိုကြီးဝမ်ဝေ့ကို ခြိမ်းခြောက်အကြပ်ကိုင်ချင်တာလား"