မိုးတိမ်သားများကင်းစင်ကာ ကြယ်စင်တန်းများမရှိ။ လရောင်တစ်ခုတည်းသာ ထွန်းလင်းပြည့်လျှံနေသော ကောင်းကင်ကြီးအောက်တွင် ပြိုးပျက်စွာထိန်လင်းတောက်ပနေသော ဟန်ယန်းမြို့တော်သည် နတ်ပြည်နန်းဘုံတစ်ခုအလား လှပစွာတည်ရှိနေသည်။ ဒုတိယနတ်ပန်းချီဟု တင်စားရလောက်သော ဟန်ယန်းမြို့တော်၏ညအလှမြင်ကွင်းကို လူရွယ်နှစ်ယောက်သည် ကုန်းမြင့်တစ်ခုပေါ်ရှိ ဘုန်းကြီးကျောင်းအိုတစ်ခုကနေ တိတ်တဆိတ်ရှုစားလျက်ရှိနေသည်။
"ပျော်ရဲ့လား..."
ရုတ်တရက်တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အသံနှုန်းထားသည် အေးစက်မာကျောနေပြီး သေချာစွာသတိထားမိမှသာလျှင် ထိုအသံ၏နာကျင်ကြေကွဲမှုကို ကြားနိုင်လောက်သည်။
"ပျော်သင့်ပါတယ်... ဆွန်းဟန်... ကိုယ်ပျော်သင့်ပါတယ်..."
ထိုအခါ ဆွန်းဟန်ဆိုသူ သခင်လေးက ရီသည်။ တကယ့်ကို ဟက်ဟက်ပက်ပက်နှင့် မျက်ရည်များစီးကျသည်အထိ ရီမောခဲ့ပါသည်။
"ဟုတ်တာပေါ့... ကြီးကျယ်ခမ်းနားတဲ့ဒီမင်္ဂလာပွဲမှာ သတို့သားဖြစ်သူမှမပျော်ရင် ဘယ်ယုတ္တိရှိပါ့မလဲလေ... ပျော်သင့်ပါတယ် အရှင်... ပျော်သင့်တာပေါ့လေ..."
"ချန်းမဟုတ်တော့ဘူးလား..."
"ဟင့်အင်း... ကျွန်တော်ချစ်တဲ့ချန်းက မရှိတော့ဘူးလေ ဒီလောကမှာ... အဟက်... အခုတော့ သူများအပိုင် သူများလင်ယောကျ်ား တိုင်းပြည်ပြည့်ရှင်အဖြစ်လျာထားခံရတဲ့ အိမ်ရှေ့စံအရှင်သခင် ဆောင်းချန်းပဲရှိတော့တယ်..."
တိုင်းပြည်၏တံတိုင်းနှင့်တူသော အိမ်ရှေ့စံအား မာကျောရင့်သီးစွာပြောဆိုမှုသည် သေဒဏ်ပေမယ့် ထိုသို့သောအပြုအမူကို တမင်တကာပင်ပြုမူပါသည့် ကောင်ငယ်လေးသည် သူသိပ်ချစ်ခဲ့သော ကောင်ငယ်လေးပါပင်။
သူ့ကိုတွေ့လျှင် အမြဲတစေပြုံးပျော်ကာ ရီမောနေတတ်သော ကောင်ငယ်လေးသည်ကား အတိတ်တွင်လှလှပပကျန်ရစ်ခဲ့ပြီလားဆိုတာကို မပြောတတ်။ ယခုတွင်မူ ကြယ်ကလေးများလို တောက်ပခဲ့သောမျက်ဝန်းအစုံသည် နာကျည်းမှုနာကျင်မှုအပြည့်ဖြင့် အနီရောင်ရွှန်းရွှန်းစိုသည်။ သေသပ်ပီရိသော နှုတ်ခမ်းအစုံတွင် အပြုံးဟူကားမရှိ။
YOU ARE READING
If I can't be with you
Fanfiction"နောက်ဆုံးတော့ ချစ်တာတွေ မေတ္တာတွေထက် ဘယ်သူက ကိုယ့်ကိုရွေးချယ်ခဲ့သလဲဆိုတာပဲ အရေးကြီးပါတယ် အရှင်... မဟုတ်ဘူးလား..." (Only Unicode avaliable)