အပိုင်း (၃၃)
လျို့ဟွားတစ်ယောက် ထိုစကားကို ကြားချိန်တွင် ရှောင်ရွယ်ယန်၏ပါးပြင်များအား လက်နှစ်ဖက်ဖြင့် ညှစ်လိုက်ပြီး
"ဒါဆို မေမေက အားယန်ကို ချောကလက် မဝယ်ကျွေးရုံပဲပေါ့"
ရှောင်ရွယ်ယန်က အပေးအယူလုပ်လာ၏။
"မေမေ သမီးတို့ ဒီလိုလုပ်နေတာက မမှန်ဘူးနော်"
လျို့ဟွား နှာမှုတ်လိုက်တော့သည်။
"ဟွန့်!" တကယ်ကို ကလေးဆိုးလေး!
ရွယ်ယန်တစ်ယောက် သူငယ်ချင်းများနှင့် ကစားရန် 'တိတ်တိတ်လေး' လိုက်သွားကတည်းက ညဘက် ကာတွန်းကြည့်ခွင့်ကို ဆုံးရှုံးခဲ့ရတော့သည်။
ရှန်နျန်နှင့် ယဲအန့်နင်တို့က အသီးသီး အိမ်ပြန်သွားကြပြီး ရွယ်ယွိ၊ ရွယ်ယန်နှင့် ထီကျစ်တို့က ဧည့်ခန်းထဲတွင် TV ထိုင်ကြည့်ပြီး သူတို့ကွန်ပျူတာများဖြင့် ကစားနေ၏။
ရွယ်ယန်က သူ(မ)အရှေ့တွင် အုတ်ခဲအထူခန့်ရှိသော စာအုပ်တစ်အုပ်ဖြင့် ကော်ဇောပေါ် ထိုင်နေပြီး ရွယ်ယွိကို တိတ်တိတ်လေး သတိလှမ်းပေးလိုက်သည်။
"ကိုကို TV အစီအစဉ်က ပြီးသွားပြီ"
ချောင်းကျဲက ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်သည်။ ဤမိသားစုပြဇာတ် TV စီးရီးများကို သူလည်း လုံးဝ မကြိုက်ပေ။ ၎င်းတို့ကို ကြည့်သည့်သူများက လျို့မန်နှင့် လျို့ဟွားတို့ပင်။
လျို့ဟွားက သူ(မ)သမီးကို လုံးလုံးဂရုမစိုက်သော အမူအရာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး
"အားယန် အဲဒီအခန်း ပြီးပြီလား?"
ရွယ်ယန်က အပြစ်ရှိစွာ ခေါင်းကို ငုံ့လိုက်ပြီး
"မေမေ နည်းနည်းလေးပဲ ကျန်တော့တယ်"
လျို့ဟွား နှာခေါင်းမှုတ်လိုက်သည်။
"ဘယ်သူက ဒီလိုဖြစ်အောင်လုပ်တာလဲ ဒီရက်ပိုင်း အဆော့ချည်းပဲ မက်နေတာ ဘယ်နှရက်တွေတောင် ရှိသွားပြီလဲ စာအုပ်တောင် ပျောက်လုနီးနီးပဲ"
ကလေးမလေးက သူ(မ)အရှေ့ရှိ 'အုတ်ခဲ' စာအုပ်လေးလေးကြီးကို လှန်ရန် ရုန်းကန်နေရပြီး တစ်ခုခုကို မကြားတကြား ရေရွတ်လိုက်သည်။
ရွယ်ကျစ်မှာ ဒါကို အနည်းငယ် ရယ်ချင်စဖွယ် ကောင်းသည်ဟု တွေးမိပြီး
"မေမေ အားယန်က ငယ်လွန်းပါသေးတယ် ဘာလို့ဒီလိုစာအုပ်ခက်ခက်ကြီးတွေကို ဖတ်ခိုင်းနေရတာလဲ"
ကလေးဖတ်နေသည့်စာအုပ်ကား လျို့ဟွား၏ဆေးဝါးအခြေခံဗဟုသုတ စာအုပ်ဖြစ်ပြီး သူ(မ)အတွက် နားလည်ရန် ခက်ခဲလွန်းလှသည်။
စကားဆက်မိကာမှပင် လျို့ဟွားကိုယ်တိုင်သည်လည်း ၎င်းက အတော်လေး မယုံနိုင်ဖွယ်ရာကောင်းသည်ဟု ထင်မိသည်။
"အားယန်က နားမလည်ပဲနေမလား ငါတို့ရဲ့ခွေးပေါက်လေးတွေက နောင်ဆို ငါတို့ကိုပါ ကျော်တက်သွားတော့မှာ"
လျို့ဟွားက ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ထူးချွန်သောရာထူး တစ်ခုရှိနေပြီသားပင်။
သူ(မ)၏ယခင်ဘဝက အားယန်သည် ဆေးဝါးထုတ်လုပ်ရေးများကို အထူးပြုပြီး များစွာအောင်မြင်ခဲ့သည်ကို ချောင်းကျဲ အမှတ်ရမိသည်။ သို့သော် အသေးစိတ်ကိုတော့ သူလည်း အတိအကျမသိချေ။
ရွယ်ယန်တစ်ယောက် ကြမ်းပြင်ပေါ် မှောက်လျက်လဲလျောင်းပြီး စာအုပ်ကို ဖတ်ရန် မျက်နှာသေးသေးလေးကို ဒေါက်ထောက်ထား၏။ ထီကျစ်သည်လည်း သူ(မ)ကို အဖော်ပြုပေးရင်း ဘေးနားတွင် လဲလျောင်းနေ၏။ သူ(မ)က လျို့ဟွားပြောသည်ကို ကြားသည်နှင့် အသံချိုချိုလေးဖြင့် ချွဲနွဲ့စွာ ပြောတော့သည်။
"မေမေ မေမေရဲ့ခွေးပေါက်လေးက စာအုပ်တွေ ဖတ်ရလွန်းလို့ အရမ်းပင်ပန်းနေပြီ!"
သူ(မ)မှာ အလွန်ပင်ပန်းနေပြီဖြစ်သည့်တိုင် နားဖို့ပင် အခွင့်မရှိချေ။ ဒါကြီးက များလွန်းသွားပြီမဟုတ်ဘူးလား?
အုတ်ခဲစာအုပ်ကို ပေါက်စီလုံးလေးနှစ်လုံးရှေ့တွင် ဖွင့်ထား၏။ သူတို့နှင့်ယှဉ်လျှင် ၎င်းက ရက်စက်လွန်းရာကျဟန်ပေါ်၏။
လျို့ဟွားက လက်ကို ခါလိုက်ပြီး
"ဒါဆိုလည်း အားယန် ဒီနေ့အတွက် ဒီလောက်နဲ့တော်လိုက်ပေါ့"
ရွယ်ယန်က သူ(မ)ကံကို ရှေ့သို့တိုးကြည့်၏။
"အို့! ဒါဆို သမီး ကာတွန်းကြည့်ချင်တယ်!"
လျို့ဟွားက ကလေးမလေး လျှောက်လာသည်ကို မြင်လျှင် တစ်ခါတည်း သူ(မ)ကို ကောက်ချီပြီး ရင်ခွင်ထဲ ထည့်ပွေ့ထားလိုက်သည်။
"ဒါပေမယ့် မေမေကတော့ TV ရှိုးကိုပဲ ကြည့်ချင်တာလေ"
အားယန်က သဘောထားကြီးစွာ သူ(မ)ရဲ့လက်သေးသေးလေးများကို ဝှေ့ယမ်းပြီး
"ဒါဆို ကြည့်လေ မေမေ"
ထီကျစ်က ဘယ်အချိန်ကမှန်းမသိ ဆိုဖာပေါ် တက်လာပြီး လျို့ဟွားဘေးနား လဲလျောင်းနေ၏။
လျို့ဟွားမှာ သူ(မ)အသည်းလေး၏ အပြုအမူကို အလွန် ကျေနပ်နေ၏။ သူ(မ)က TV ကို အေးအေးဆေးဆေးပြန်ကြည့်ရန် ဟန်ပြင်လိုက်သည့်အချိန် သူ(မ)အကြည့်က ရုတ်တရက် သူ(မ)ဘေးနားရှိ ခွေးပေါက်စဆီ ရောက်သွား၏။
သူ(မ)က ထီကျစ်အား ထူးဆန်းစွာ ကောက်မလိုက်ပြီး
"ဒီပါပီက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အကြီးမြန်ရတာလဲ သူ သေးသေးလေးပဲ ရှိသေးတာမှ ဘယ်လောက်မှ မကြာသေးတဲ့ဟာ"
သူ(မ)မှာ သူ့ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ရသည်ကိုပင် ခက်ခဲနေရတော့သည်။
ရွယ်ယန်က ထီကျစ်၏ နူးနူးညံ့ညံ့ လည်ဆံမွေးအား ဆွဲရန် စိတ်ပူစွာဖြင့် သူ(မ)လက်အား ဆန့်ထုတ်လိုက်သည်။
"ထီကျစ် အများကြီးစားလို့ ဝလာတာပဲနေမှာ"
လျို့မန်က အလေးအနက် ထောက်ခံလာ၏။
"ဟုတ်တယ် ထီကျစ်က အစားဆုံးပဲ"
ထီကျစ် : "..."
ဘယ်သူ ငါ့အကြောင်း ပြောနေတာလဲကွ!
ရွယ်ယွိက သူ့ကွန်ပျူတာကို ခဏရပ်လိုက်ပြီး ချောင်းခြောက်တစ်ချက် ဟန့်လိုက်သည်။
"မေမေ ပါပီလေးတွေက အကြီးမြန်ကြတာပဲလေ... ကြီးထွားဖို့အတွက် အစားများများစားတာက ပုံမှန်ပဲ"
လျို့ဟွားက ထီကျစ်၏အမြီးကို မ,လိုက်ပြီး ရှုထောင့်အမျိုးမျိုးမှ လှည့်ပတ်ကြည့်ပြီးနောက်
"ဒါပေမယ့် ဘာလို့ ခွေးနဲ့သိပ်မတူဘူးလို့ ငါ ခံစားနေရတာလဲ?"
ရွယ်ယန်က ထီကျစ်ကို ကယ်ဆယ်ရန် ကြိုးစားလိုက်သည်။
"မေမေ မေမေ ထီကျစ်ကို နာအောင်လုပ်နေတာပဲ!"
လျို့ဟွား ထီကျစ်ကို ပြန်ချပေးလိုက်ပြီး
"အေးပါ အေးပါ မေမေ မထိတော့ဘူးနော် ထီကျစ်ကို တစ်ရက်ရက်ကျ တိရစ္ဆာန်ဆေးရုံကို ခေါ်သွားရအောင် မဟုတ်ရင် မင်းတို့ အတူ ဆော့ကစားနေကြတာကို အမေ ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး ခွင့်ပြုနိုင်တော့မလဲ"
ရွယ်ယန်က နှုတ်ခမ်းစူလာပြီး
"မေမေ ထီကျစ်က အရမ်းလိမ္မာတာပါဆို!"
ကလေးမလေးက အလွန်ကြီးမားသည်ဟု ခံစားရသည့် စက်ဝိုင်းတစ်ခုကို သရုပ်ပြရန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
လျို့ဟွားက သူ(မ)ခေါင်းကို ခေါက်လိုက်ပြီး
"လိမ္မာတော့ရော ဘာအရေးမှတ်လို့ အမေလည်း ဒီရက်ပိုင်း အလုပ်များနေတာနဲ့ သူ့ကို ကာကွယ်ဆေးထိုးပေးဖို့ မေ့နေတာ သူ မင်းတို့လေးတွေ မတော်တဆ ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ"
ကလေးမလေးက ပိုလို့ပင် နှုတ်ခမ်းစူလာ၏။
"ဒါပေမယ့် ဆေးထိုးရင် နာမှာပေါ့လို့!"
လျို့ဟွားမှာ ကလေးတစ်ယောက်နှင့် ပြိုင်ပြီး ငြင်းခုံရန် စိတ်မဝင်စားပေ။ သို့သော် ထီကျစ်က ရွယ်ယန်၏ခြေထောက်ကို သူ့ခေါင်းဖြင့် ပွတ်သပ်ပေးနေသည့်ဟန်က သူ့ကို စိတ်မပူဖို့ သူ(မ)ကို နှစ်သိမ့်ပေးနေသည့်အလားပင် လျို့ဟွားတစ်ယောက် မြင်လိုက်ရသည်။
ကလေးမလေးကလည်း သူဆိုလိုသည်ကို သဘောပေါက်သည့်နှယ်။ သူ(မ)က ပါပီလေး၏အမွေးကို သနားကြင်နာစွာ ပွတ်သပ်ပေးလိုက်ပြီး
"မကြောက်နဲ့နော် ထီကျစ်၊ အားယန်က ကာကွယ်ပေးမယ်"
လျို့ဟွား သက်ပြင်းချမိတော့သည်။
"ကောင်းတယ်၊ မင်းတို့ကသာ အကောင်းဆုံး ငါကသာ လူဆိုးမကြီး!"
သူ(မ) မှားတယ်ဟုပင် စတင် မခံစားနိုင်သေးခင် ထီကျစ်က ရောက်လာပြီး သူ(မ)လက်ချောင်းများကို ညင်သာစွာ လျက်ပေးလေ၏။
အရည်လဲ့လဲ့နှင့် ဖြူစင်သော မျက်ဝန်းတစ်စုံက သူ(မ)အား အသနားခံစွာ ကြည့်လာ၏။
ရွယ်ယန်ကလည်း လျို့ဟွားကို အနောက်မှ ဖက်လိုက်ပြီး
"ဟုတ်ပါဘူး ဟုတ်ပါဘူး မေမေကသာ အကောင်းဆုံး!"
လျို့ဟွား၏အားနည်းချက်မှာ အနှီပေါက်စလေးနှစ်ယောက်ကြောင့် အထိခံလိုက်ရပြီး သူ(မ)က ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
"ဟွန့်! ဘာပဲဖြစ်ဖြစ် ဆေးကတော့ အရင်ထိုးရမှာပဲ ကျန်တာတွေက နောက်မှလုပ်လည်းရတယ်"
ရွယ်ယန်တစ်ယောက် သူ(မ)အမေ၏လည်ပင်းကို ဖက်လိုက်ပြီး အကျယ်ကြီးနမ်းကာ နောက်တစ်ခါ ထပ်ဆိုလာပြန်၏။
"မေမေက အကောင်းဆုံးပဲ!"
ရွယ်ယွိနှင့် အခြားသူများသည်လည်း ထိုအခါတွင်မှ သက်မချနိုင်သော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ မည်သို့ဆိုစေ အနှေးနှင့်အမြန်ဆိုသလို ထီကျစ်က ဝံပုလွေတစ်ကောင်ဆိုတာ လျို့ဟွားတစ်ယောက် သိသွားလိမ့်မည်ပင်။
ပြီးတော့ ဝံပုလွေဘုရင်!
ထီကျစ်ကတော့ စိတ်အလှုပ်ရှားဆုံးပဲပေါ့! သူ့ကိုသာ အဝေးပို့လိုက်ရင် သူတော့ အားယန်ကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး!
သူတို့၏ နောင်လာမည့်နေရက်များအတွက် ရက်စက်ကြမ်းကြုတ်သည့်တိုင် အလွန်အမင်း ချစ်စဖွယ်ကောင်းလှသည့် ဝံပုလွေဘုရင်တစ်ပါးက သခင်ဖြစ်သူ၏အမေကို ဖော်လံဖားလုပ်ရန် ခြေလှမ်းစရတော့သည်။
လျို့ဟွားက အသေးလေးနှစ်ယောက်၏နဖူးကို တစ်ယောက်တစ်လှည့်ထိုးလိုက်ပြီး
"မင်းတို့နှစ်ယောက်ကလည်း အရူးလေးတွေလိုနဲ့ ဘာလို့ ဒီလောက်တောင် လည်နေရတာတုန်း"
ရွယ်ယန်က ပလွှားစွာ ခေါင်းလေးမော့ပြီး
"အားယန်က လူကောင်းပါနော် အရူးမဟုတ်ဘူး"
လျို့ဟွားက စိတ်ဝင်စားလာပြီး ရွယ်ယန်နှင့် ပြိုင်ငြင်းခုံရန် ကြံရွယ်လိုက်စဉ် သူ(မ) အသင့်မပြင်ရသေးခင်ပင် လျို့မန်၏ အနည်းငယ် ကြောက်လန့်နေသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"မဒမ် TV ကို ကြည့်ပါအုံး!"
လျို့ဟွားက ပဟေဠိဖြစ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ချိန် မမျှော်လင့်ထားစွာဖြင့် TV ဒရာမာကနေ တိရစ္ဆာန်ကမ္ဘာရှိုးထဲသို့ ရောက်သွားကြောင်း သိလိုက်ရသည်။
သူ(မ)က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး
"နင် သဘာဝတရားရှိုးအကြောင်း ကြည့်ချင်လို့လား ဒါဆိုလည်း ကြည့်လေ"
လျို့မန်မှာ ငိုချလုနီးပါး ဖြစ်နေ၏။
"မဟုတ်ဘူး မဒမ်? အပေါ်က တိရစ္ဆာန်ကို ကြည့်ကြည့်ပါအုံး!"
လျို့ဟွား၏နှလုံးခုန်သံမှာ တစ်ချက် လွဲချော်သွား၏။ သူ(မ) နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပြီး ဒီတစ်ခါတွင် ဝံပုလွေဖြူ၏ ခေါင်းတစ်ခေါင်းလုံးက TV စခရင်အပြည့် ဖြစ်သွား၏။
လျို့ဟွား : "... ငါ့ကို လန့်အောင်လုပ်နေတာပဲ"
လျို့မန်၏နှလုံးသားထဲမှ ကြောက်ရွံ့မှုက ရုတ်ခြည်း ပျောက်ကွယ်သွားပြီး စိတ်မဝင်စားမှုတို့သာ ကျန်ရစ်ခဲ့သည်။
"... မဒမ် ကျွန်မ ပြောချင်တာကလေ ထီကျစ်က အဲ့ဒီဝံပုလွေတွေနဲ့ အများကြီး ဆင်နေတယ်လို့ မထင်ဘူးလား"
လျို့ဟွားက ခေါင်းရှုပ်သွား၏။
"ဟမ်?"
ထီကျစ် : "..."
အခုနေ ဆဲဖို့ အရမ်းများ နောက်ကျသွားပြီလား?
သုံးယောက်သား၏ကျပန်း အစည်းအဝေးပွဲမှာတော့ : "..."
ဘာတွေဖြစ်သွားမလဲ? ဒီလိုနဲ့ ပေါ်သွားတော့မှာလား?
ကလေးပေါက်စ ရွယ်ယန်က အံ့အားတသင့် ရေရွတ်လာ၏။
"ဝိုး! မေမေ ထီကျစ်နဲ့ အရမ်းတူတာပဲ!"
လျို့ဟွားမှာ အသိပြန်ဝင်လာပြီး ထီကျစ်ကို တောင့်တင်းစွာ မ,လိုက်သည်။ ထပ်ခါတလဲလဲ ကြည့်ပြီးနောက်တွင် သူ(မ)က မေးစေ့ကို ထိပြီး တွေးတွေးဆဆဖြင့်
"နည်းနည်းတော့ တူသလိုပဲ"
လျို့မန်တစ်ယောက် မျက်နှာကို လက်တစ်ဖက်ဖြင့် ဖုံးပြီး
"ဒီတော့ မဒမ် ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ?" ကျွန်မတို့မိသားစုက ခွေးပေါက်လေးတွေက နေ့တိုင်း ဝံပုလွေပေါက်စနဲ့ ဆော့ကစားနေတာလေ!
ရွယ်ယန်က ရုန်းကန်ရန် လက်လျှော့လိုက်သည့် ထီကျစ်အား ဖက်ပြီး
"ထီကျစ်က အရမ်းမိုက်တာပဲ!"
လက်စသတ်တော့ ဝံပုလွေပေါက်ကိုး! မိုက်သားဟ!
လျို့ဟွားက တဖြည်းဖြည်းနှင့် အသိဝင်လာပြီး
"ဒီတော့ ဒါက ခွေးလုံးဝမဟုတ်ဘဲ ဝံပုလွေတစ်ကောင် ဖြစ်နေတာပေါ့ ?"
လျို့မန်မှာ အမောဖောက်ချင်လာတော့သည်။
"မဒမ် နောက်ဆုံးတော့ အသိပြန်ဝင်လာပြီပေါ့?"
ရွယ်ယွိတစ်ယောက် ယုံကြည်ချက်တို့ မရှိလေဘဲ ဝင်ပြောလိုက်သည်။
"ဝံပုလွေနဲ့ ခွေးက ပင်ကိုအားဖြင့် ကွဲပြားကြတယ်ဆိုပေမယ့် သူတို့က အတော်လေး ဆင်ကြတာပဲလေ..."